သတင်း

ပအိုဝ်းနှင့် ကရင်နီတပ်များ ဆီဆိုင်မြို့ကို ဝင်တိုက်

ပအိုဝ်းတပ် PNLO/PNLA နှင့် ကရင်နီတပ်များ ပါဝင်သည့် တော်လှန်ရေးအင်အားစုက ရှမ်းပြည်နယ်မြို့တော်အနီးရှိ ဆီဆိုင်မြို့ကို စီးနင်းကာ ဌာနဆိုင်ရာ ရုံးများတွင် PNLA အလံ လွှင့်ထူလိုက်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးအင်အားစုက ယနေ့ (ဇန်နဝါရီ ၂၅) မွန်းတည့်ချိန်တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး မြို့ကို ထိန်းချုပ်သိမ်းပိုက်မည့် အလားအလာရှိနေသည်။

စီးနင်း တိုက်ခိုက်သည့် အဖွဲ့များတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ ကရင်နီတော်လှန်ရေးတပ်များ ပါဝင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ရဲစခန်း၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ဌာနဆိုင်ရာ ရုံးများတွင် PNLA အလံများ လွှင့်ထူထားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံအမျိုးသားက ပြောသည်။

“အခုလက်ရှိလည်း ပစ်နေတာပဲ။ မြို့ပေါ်မှာ စစ်တပ်ရှိနေတုန်းပဲဗျ။ ပအိုဝ်းနီနဲ့ PDF နဲ့ ပေါင်းပြီးတော့ စစ်တပ်နဲ့ တိုက်တာပေါ့နော်။ မနက်ခင်းကတော့ ချိန်ထားရုံပဲ ရှိသေးတယ်။ မပစ်သေးဘူး။ နေ့လယ် ၁၁ နာရီထိုးတော့ စပစ်တာပဲ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပေါ့” ဟု သူက ယနေ့နေ့လယ်ပိုင်းတွင် Myanmar Now ကို ပြောသည်။

ပူးပေါင်းတပ်များက မြို့တွင်းမှ အရပ်သားများကို ကယ်ထုတ်ပေးနေပြီး စစ်တပ်ဘက်က လေကြောင်းမှ တိုက်ခိုက်နေသည်ဟု ၎င်းက ဆိုသည်။

ဆီဆိုင်မြို့သည် တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီဒေသနှင့် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၏ အကြားတွင်တည်ရှိသည်။

ဆီဆိုင်သည် ဟိုပုန်း၊ ပင်လောင်း စသည့်မြို့များနှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖြစ်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲတွင် ပါဝင်သည်။

ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ ရှိရာ PNO ခေါ် ပအိုဝ်းပြည်သူ့စစ်သည် အစဉ်အဆက်စစ်ခေါင်းဆောင်များ၏ မဟာမိတ်ဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စိုးမိုးထားကာ ယခုတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်၏ အားကိုးရသည့်အဖွဲ့ ဖြစ်လာသည်။ လက်နက်ကိုင်အင်အား ၃၀၀၀ အထိပင် ရှိနိုင်သည်ဟု သတင်းထွက်နေသည်။

ယခု စစ်ကောင်စီတပ်ကို တိုက်နေသည့် PNLA မှာ လက်နက်ကိုင်အင်အား ၄၀၀ နှင့်အထက် ရှိမည်ဟု အကဲခတ်တို့ ယူဆထားကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) တွင် လက်မှတ်ထိုးထားသော PNLO/PNLA ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် အာဏာသိမ်းစစ်တပ်၏ “ငြိမ်းချမ်းရေး” ဆွေးနွေးပွဲတိုင်းတွင် ပူးပေါင်းဆောင်ရွက်နေရာမှ စစ်ကောင်စီကို ပထမဆုံးအကြိမ် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။

ယနေ့ ဆီဆိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတစ်ခုရှေ့တွင် တွေ့ရသည့် PNLA တပ်ဖွဲ့ဝင်အချို့ (ပုံ-ပအိုဝ်းစွိုခွို့ PNLO PNLA Facebook)

စစ်ကောင်စီနှင့် PNLO/PNLA အကြား စစ်ရေးတင်းမာမှုသည် ဇန်နဝါရီ ၂၀ က ရှမ်းပြည်နယ် ဟိုပုံးမြို့၊ စံဖူးရွာအနီးတွင် PNLO/PNLA ၏ လက်နက်ယာဉ်တန်းကို PNO ပအိုဝ်းပြည်သူ့စစ်နှင့် စစ်တပ်က ဖမ်းဆီးခဲ့ရာမှ စတင်ခဲ့သည်။

ထိုနေ့က နှစ်ဖက်တပ်များ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် နောက်ဆက်တွဲတိုက်ပွဲများက ဆီဆိုင်မြို့ပေါ်အထိ ရောက်လာခဲ့သည်။

ယမန်နေ့ (ဇန်နဝါရီ ၂၄) ညက စစ်တပ်က ဆီဆိုင်မြို့အနီးတစ်ဝိုက်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဆီဆိုင်မြို့မရဲစခန်းကို ယမန်နေ့ (ဇန်နဝါရီလ ၂၄ ရက်) ညပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း PNLA ၏ သတင်းပြန်ကြားရေး ရဲဘော်ခွန်လေတိုးက ဒေသတွင်းသတင်းဌာန သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ဆီဆိုင်မြို့တစ်ကြောကို နေရာအနှံ့ ဖြန့်ပြီးတော့ တိုက်တယ်။ ကျွန်တော်တို့ ရဲစခန်းကို စတင်တိုက်ခိုက်တယ်။ ရဲစခန်းကိုလည်း သိမ်းပိုက်နိုင်ပြီ” ဟု ရဲဘော်ခွန်လေတိုးက ပြောသည်။

စစ်ကောင်စီလေတပ်ကလည်း ညပိုင်းတွင် လာရောက်တိုက်ခိုက်သလို လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ နှစ်ဦးထိခိုက်ဒဏ်ရာရသွားပြိး မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးကြောင်း တောင်ကြီးမြို့ကို တိမ်းရှောင်လာသည့် ဆီဆိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မည်ကို စိုးရိမ်၍ မြို့မြောက်ဘက် မိုင် ၅၀ ကျော်အကွာ တောင်ကြီးမြို့ပေါ်နှင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး သက်ကြီးရွယ်အို၊ ကလေးငယ်နှင့် ကျန်းမာရေးမကောင်းသူများ ပိတ်မိနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လက်နက်ကြီးတွေနဲ့ ထုတော့ ပိုဆိုးတာပေါ့။ ရင်တထိတ်ထိတ်နဲ့ စောင့်နေရတာပေါ့။ ကိုယ့်အိမ် ဘယ်အခါ ကျမတုန်း စိတ်ပူနေရတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲများကြောင့် ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်းယဉ်မှ ဒေသခံများ ထွက်ပြေးနေရကြောင်း ၎င်းက ဆိုသည်။

“လူကြီးတွေဆိုတော့ မစွန့်ခွာချင်ကြဘူး။ ဒီလောက်ထိ ကြမ်းမယ် မထင်ထားလို့လေ။ ကျွန်မတို့ဆိုရင် ဘာတစ်ခုမှ မယူနိုင်ဘူး။ ချက်ချင်းလက်ငင်းကြီး ထဖြစ်သွားသလို ဖြစ်တာပေါ့။ တကယ်က ဒီလောက်ထိ ဆိုးရွားမယ်လို့ မထင်ထားဘူး။ အေးအေးဆေးဆေးပဲ ပြီးသွားမယ်လို့ ထင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ဆီဆိုင်မြို့ပေါ်တွင် ခိုလှုံနေသော ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်ဘက်မှ စစ်ရှောင်ပြည်သူများလည်း ပိုမို လုံခြုံမည့်မြို့များဘက်သို့ ထွက်ပြေးကြရသည်။

ဆီဆိုင်မြို့နယ်၏ မြောက်ဘက်တွင် ပြည်နယ်မြို့တော် တောင်ကြီးမြို့၊ တောင်ဘက်တွင် ဖယ်ခုံမြို့နယ်နှင့် ထိစပ်နေပြီး တိုက်ပွဲများပြင်းထန်နေသည့် ကယား(ကရင်နီ) ပြည်နယ် လွိုင်ကော်နှင့်လည်း နယ်မြေ နီးကပ်သည်။

PNLA သည် စစ်ကောင်စီကို တရားဝင်စစ်ကြေညာခြင်းမရှိသေးသော်လည်း လုံခြုံရေးအားနည်းသည့် ပအိုဝ်းဒေသတွင် လူဆိုး၊ သူခိုးရန်မှ ကာကွယ်ရန်၊ ဒေသခံများ အေးချမ်းသာယာစွာ သွားလာနိုင်ရန် ဆောင်ရွက်မည်ဟု ဇန်နဝါရီ ၂၄ တွင်  ထုတ်ပြန်ကြေညာခဲ့သည်။

အာဏာသိမ်းသုံးနှစ်အတွင်း နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး တပ်ရင်းလိုက် လက်နက်ချရသည်အထိ အရေးနိမ့်လာသည့် စစ်ကောင်စီသည် NCA အပစ်ရပ်စာချုပ် ဆက်လက်စွဲကိုင်ထားသော PNLO/PNLA ကဲ့သို့ အဖွဲ့နှင့် စစ်ရေးတင်းမာလာရာ တိုက်ပွဲငြိမ်နေသည့် ရှမ်းပြည်တောင်ပိုင်းအထိ စစ်မီးကူးလာသည်။

Show More

Related Articles

Back to top button