သတင်း

ဟစ်တလာလို နောက်ဆုံးအချိန်ထိ ဆက်သွားရန် မင်းအောင်လှိုင်ပြင်ဆင်နေ

အရေးပေါ်ကာလ ခြောက်လသက်တမ်းကုန်ဆုံးရန် နီးကပ်လာချိန် ယုံကြည်စိတ်ချသူများဖြင့် ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနများ တိုးချဲ့ဖွဲ့စည်းနေခြင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု အမည်ယူထားသည့် စစ်ကောင်စီဆက်ရှိနေမည့်အကြောင်း အတည်ပြုချက်လည်းဖြစ်သည်။

လာမည့်ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီက အပြောင်းအလဲကြီးကြီးမားမားလုပ်လာနိုင်သည်ဟု ထင်မြင်ယူဆချက်များရှိနေသော်လည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် အလျှော့ပေးဖွယ်မရှိဘဲ အာဏာကို ရနိုင်သမျှဆုပ်ကိုင်ကာ နောက်ဆုံးအချိန်အထိ ဆက်သွားမည့် အရိပ်အယောင်များ တွေ့နေရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌သာမက ရခိုင်ပြည်နယ်နှင့် အခြားဒေသများ၌ပါ စစ်ရေးအရ အကြီးအကျယ်ရှုံးနိမ့်လာသဖြင့် မင်းအောင်လှိုင် ရာထူးမှ ဆင်းပေးရန် တပ်ထောက်ခံသူများကိုယ်တိုင် တောင်းဆိုလာသည်အထိ အခြေအနေဆိုးလာပြီး စစ်ခေါင်းဆောင်အပေါ် မကျေနပ်မှုများအမြင့်ဆုံးကို ရောက်ရှိနေသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီအနေဖြင့် မထူးဇာတ်ခင်းကာ မဖြစ်မနေရှေ့ဆက်သွားမည့်သဘောရှိသည်ဟု နေပြည်တော်မှ ထိပ်တန်းစစ်တပ်အရာရှိဟောင်းတစ်ဦးက ဆိုသည်။

“သူ (မင်းအောင်လှိုင်) ကတော့ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ဟစ်တလာလိုပဲ အာဏာရှင်ထုံးစံပေါ့ဗျာ၊ ဒုက္ခရောက်ကာမှရောက်ရော၊ နောက်ဆုံးအခြေအနေထိ တိုင်းပြည်ကို တရွတ်တိုက်ဆွဲပြီး ခေါ်သွားမယ့်အနေအထားမျိုးဖြစ်နေပါတယ်”

အာဏာသိမ်းခေါင်းဆောင်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသူအားလုံးကို လွှတ်ပြီး အများလက်ခံမည့်ပုဂ္ဂိုလ်များဖြင့် ကြားဖြတ်အစိုးရဖွဲ့စည်းကာ နိုင်ငံရေးအရ အဖြေရှာသည့်နည်းလမ်းကို ရွေးချယ်လိမ့်မည်မဟုတ်ဟုလည်း ထိပ်တန်းစစ်တပ်အရာရှိဟောင်းတစ်ဦးက ဆိုသည်။

ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြောင်းလဲခန့်အပ်ပြီး လက်ရှိအခြေအနေများကို ကိုင်တွယ်ဖြေရှင်းစေမည့် နည်းလမ်းသည်လည်း ဖြစ်လာနိုင်စရာမရှိဟု ၎င်းက ပြောသည်။

“တပ်ထောက်ခံသူတွေထဲမှာ အားမရတာကတော့ ကြာပြီလေ။ အာဏာသိမ်းပြီးကတည်းကလေ။ ဒါပေမဲ့ ဒီကာလမှာတော့ အားမရတာတွေက အမြင့်ဆုံးဖြစ်သွားတာပေါ့။ သူ့ကိုတင်မဟုတ်ဘူး။ သူအပါအဝင် တစ်ဖွဲ့လုံးကို အားမရတာ”

၂၀၂၃ ဒီဇင်ဘာလကုန်ပိုင်းက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ စစ်ဆေးရောက် ဒဏ်ရာရစစ် သားများကို သွားရောက်ကြည့်ရှုခဲ့သည့် ဒုတပ်ချုပ်စိုးဝင်း။ (ဓာတ်ပုံ – စစ်ကောင်စီ)

ဒုတပ်ချုပ်စိုးဝင်းသည်လည်း ထူးထူးခြားခြား စွမ်းရည်မရှိဘဲ ပြောင်မြောက်သည့်လုပ်ဆောင်ချက်လည်း မရှိခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးစလုံးကို ဦးသန်းရွှေက ၂၀၁၁ ၌ စစ်တပ်ထိန်းချုပ်မှုအောက် နိုင်ငံရေးအကူးအပြောင်းပြုလုပ်ရာတွင် တပ်တွင် နေရာပေးခဲ့ခြင်းမှာ စွမ်းဆောင်ရည်ကြောင့်မဟုတ်ဘဲ အသက်အရွယ်ငယ်ခြင်းကြောင့်သာဖြစ်ကြောင်း၊ အာဏာကို လုံးလုံးလျားလျား လက်လွှတ်ရန် အကြံအစည်မရှိသည့် အာဏာရှင်ဟောင်း ဦးသန်းရွှေက တပ်ဘက်၊ အရပ်ဘက်နှင့် လွှတ်တော်တို့တွင် လူခွဲနေရာပေးခဲ့ခြင်းသာဖြစ်ကြောင်းလည်း ထိပ်တန်းစစ်တပ်အရာရှိဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်ကို သမ္မတရာထူး၊ မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူး၊ ဦးရွှေမန်းကို လွှတ်တော်ဥက္ကဋ္ဌရာထူးဖြင့် အာဏာလွှဲပေးပြီးနောက် ဦးသန်းရွှေက ဒုတပ်ချုပ်ဦးမောင်အေးနှင့်အတူ နိုင်ငံ့ဦးသျှောင်အဖွဲ့အနေဖြင့် အာဏာကိုနောက်ကွယ်မှ လက်တွေ့ကျကျထိန်းချုပ်ရန် ကြံစည်ခဲ့ဖူးသည်။

လက်ရှိ အာဏာသိမ်းခေါင်းဆောင်အပေါ် ပြစ်တင်ဝေဖန်မှုများ ရှိနေသော်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပုံမှန်အတိုင်း ခြောက်လသက်တမ်းတိုးကာ လူတချို့ နေရာရွှေ့ခြင်းကဲ့သို့သော အပြောင်းအလဲမျိုးသာ ပြုလုပ်ပြလိမ့်မည်ဟု နေပြည်တော်မှ ထိပ်တန်းစစ်တပ်အရာရှိဟောင်းတစ်ဦးက ဆိုသည်။

“ကောင်စီဝင်ထဲမှာ တချို့ထပ်ပြီးဖြည့်တာတို့ တချို့ပြောင်းတာတို့ ဒါမျိုး ရုပ်ပြဟန်ပြပေါ့ဗျာ။ ဒါမျိုးပဲ ဖြစ်ပါလိမ့်မယ်။ နောက် ဝန်ကြီးအဖွဲ့မှာလည်း လူတချို့အပြောင်းအလဲလုပ်နိုင်တာပေါ့။ ထိပ်က ကိုင်ထားတဲ့သူကတော့ သူပဲဖြစ်တဲ့အတွက် ဘာမှ အနှစ်သာရရှိတဲ့အပြောင်းအလဲ မဟုတ်ပါဘူး”

အာဏာသိမ်းစစ်အုပ်စု တစ်ခုလုံးပြုတ်ကျစေနိုင်သည်အထိ အခြေအနေဆိုးများ တစ်ခုပြီးတစ်ခု ရုတ်ချည်းဖြစ်ပေါ်နေသော်လည်း မင်းအောင်လှိုင်အနေဖြင့် အာဏာဆက်ယူရေး အစိုးရအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းကာ ပြင်ဆင်နေသည်ကို တွေ့ရသည်။

ယခုလဆန်းပိုင်းတွင် စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန သုံးခု တိုးချဲ့ဖွဲ့စည်းခဲ့ပြီးနောက် ယမန်နေ့ (ဇန်နဝါရီ ၂၂) တွင် ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနတစ်ခု ထပ်မံဖွဲ့စည်းကြောင်း ကြေညာသည်။

ယခင်က အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) နှင့် (၂) တာဝန်ယူခဲ့သည့် စစ်တပ်အရာရှိဟောင်း ဦးအောင်နိုင်ဦးနှင့် ဦးကိုကိုလှိုင်တို့ကို ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန အမှတ် (၁) နှင့် (၂) တို့တွင် ရှေ့နောက် ပြောင်းလဲနေရာချပြီး ဗိုလ်ချုပ်ကြီးမိုးအောင်ကို ရေတပ်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အနားပေးကာ ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန အမှတ် (၄) တွင် ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏လူယုံနှင့် ကြံ့ခိုင်ရေးပါတီ၏ အမာခံခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ဦးအောင်သောင်း၏သား ဗိုလ်ချုပ်ကြီးမိုးအောင်ကို လက်ရှိပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်အစား အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ခန့်အပ်ထားသည်။

အမှတ် (၃) ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးအဖြစ် ယမန်နေ့က ခန့်အပ်လိုက်သူမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးဖြစ်သည်။ စစ်ကောင်စီထုတ်ပြန်ချက်တွင် ဦးအောင်ကျော်ဦးဟု သုံးနှုန်းထားသဖြင့် တပ်ရာထူးမှ အနားပေးလိုက်ခြင်းလည်းဖြစ်သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုဝန်ကြီးတစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးကိုလည်း ဗိုလ်ချုပ်ကြီးမိုးအောင်၏ အမှတ် (၄) ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနတွင် ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်သဖြင့် အာဏာသိမ်းခေါင်းဆောင်သည် ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီ ခြေလှမ်းကျဲကျဲဖြင့် စတင်ပြင်ဆင်နေခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘက်ပေါင်းစုံ အခြေအနေဆိုးနေသော်လည်း အာဏာသိမ်းခေါင်းဆောင်သည် ၎င်းယုံကြည်သည့် စစ်ဗိုလ်ချုပ်အချို့၏ တင်ပြမှုများဖြင့်သာ အခြေအနေမှန်ကို မသိချင်ယောင်ဆောင်ကာ ရှေ့ဆက်နေသည်ဟု အထက်ပါ ထိပ်တန်းစစ်တပ်အရာရှိဟောင်းတစ်ဦးက ဆိုသည်။

“အခြေအနေမှန်ကို မသိချင်ယောင်ဆောင်နေတာပေါ့။ သူကတော့ ဒီတိုင်းပဲ မှေးပြီးတော့ သူသွားလို့ ရဦးမယ်လို့ စိတ်ကူးထားတာပေါ့”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ဝန်ကြီးဌာနလေးခုအထိ တိုးချဲ့ဖွဲ့စည်းလိုက်ခြင်းမှာ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က သမ္မတရုံးဝန်ကြီး ခြောက်ဦးထားရှိသည်နှင့် အလားသဏ္ဌာန်တူညီပြီး အနီးကပ်ခန့်ထားခံရသူ ထိုဝန်ကြီးများကို သက်ဆိုင်ရာကဏ္ဍအလိုက် သီးသန့်ကိုင်တွယ် ဖြေရှင်းစေမည့်သဘောဖြစ်သည်။

အမည်တူ သီးသန့်ဝန်ကြီးဌာနများဖြင့် အုပ်ချုပ်ရေးယန္တရားလည်ပတ်သည့် ပုံစံမှာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တီထွင်ခဲ့သည့် စစ်တိုင်းမှူးများကို အနီးကပ်ကြီးကြပ်ရသည့် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ) များ ထားရှိခြင်းနှင့်လည်း တူသည်။ နေပြည်တော်စစ်ရုံးချုပ်မှ ဒုဗိုလ်ချုပ်ကြီးအဆင့် ကစထမှူးများမှာ သက်ဆိုင်ရာနယ်မြေအလိုက် စစ်တိုင်းမှူး နှစ်ဦးမှ သုံးဦးအထိကို တစ်ဆင့် တာဝန်ယူရသည်။​

အရေးပေါ်ကာလ ခြောက်လသက်တမ်းကုန်ဆုံးရန် သီးတင်းတစ်ပတ်မျှသာ လိုသောအချိန်တွင် ယုံကြည်စိတ်ချသူများဖြင့် ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနများ တိုးချဲ့ဖွဲ့စည်းနေခြင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု အမည်ယူထားသည့် စစ်ကောင်စီ ဆက်လက်တည်ရှိနေမည့်အကြောင်း အတည်ပြုချက်လည်းဖြစ်သည်။

အခြေအနေ ဆိုးပြီးရင်းဆိုးလာနေသော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် လုံးဝလက်လျှော့ပေးမည့်ပုံမရှိဘဲ လာမည့်မတ်လအတွင်း တပ်မတော်နေ့အခမ်းအနားကို ပြည်နယ်နှင့်တိုင်းအားလုံး၌ ပြုလုပ်ရန် ညွှန်ကြားထားသည်ဟု လက်ရှိဒုတပ်ချုပ်နှင့် စစ်တက္ကသိုလ်အတူတူတက်ရောက်ခဲ့သူ စစ်တပ်အရာရှိဟောင်းတစ်ဦးက ဆိုသည်။

အောက်တိုဘာလကုန်တွင် စတင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိုးစစ်နောက်ပိုင်းတွင် စစ်ကောင်စီသည် မြို့ပေါင်း ၃၀ နီးပါးနှင့် ရာနှင့်ချီသော တပ်စခန်းငယ်များ၊ ကွပ်ကဲရေးစခန်းများ စွန့်လွှတ်ခဲ့ရကာ စစ်ကောင်စီတပ်သားအများအပြားလည်း လက်နက်ချ အညံ့ခံ့ခဲ့ကြသည်။

လက်ရှိတွင် စစ်ကောင်စီသည် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA) အပြင် အခြားတော်လှန်ရေးအင်အားစုများနှင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး အခြားတစ်ဖက်တွင် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတွင် စစ်သားသစ်များစုဆောင်းရေး အပြင်းအထန်ကြိုးပမ်းနေသည်။

Show More

Related Articles

Back to top button