ရွေးကောက်ပွဲ

ပလက်ဝတစ်မြို့နယ်လုံးနီးပါး ရွေးကောက်ပွဲမကျင်းပခြင်းကို ဒေသခံများဝေဖန် 

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၄ အုပ်စုတွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့်အပေါ် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်လိုက်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယမန်နေ့ထုတ်ပြန်ချက်အရ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀၂ ခုရှိ ပလက်ဝမြို့နယ်တွင် ပလက်ဝမြို့ပေါ် ၄ ရပ်ကွက်၊ ဆမီးမြို့ပေါ် ၃ ရပ်ကွက်နှင့် ရှင်းလက်ဝကျေးရွာအုပ်စုတွင်သာ ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်သည်။ 

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အချက်အလက်များအရ ပလက်ဝမြို့နယ်တွင် လူဦးရေ ၁၁၀,၀၀၀ ကျော်ရှိသည့်အနက် အသက်ပြည့်၍ မဲပေးခွင့်ရှိသူ ၆၀,၀၀၀ ရှိပြီး ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အသစ်အရ မဲပေးခွင့်ရမည့်သူ ၁၇,၀၀၀ ကျော်သာရှိတော့မည်ဖြစ်သည်။ 

ပလက်ဝမြို့နယ်အတွင်း ဆမီးမြို့နှင့် မတူပီမြို့အကြားရှိ ရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လုံခြုံရေးအရအနေအထားအရ ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ပြောသည်။

“ဆမီးမြို့နဲ့ ၄ မိုင်လောက်တောင်မဝေးတဲ့ ကျေးရွာအုပ်စုတွေကရော ကျင်းပလို့ အဆင်မပြေနိုင်ဘူးလား ဆိုတာတွေက ပြောစရာရှိတာပေါ့” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

ပလက်ဝမြို့နယ်၏ ၈၀ ရာခိုင်နှုန်းခန့်ကို ရွေးကောက်ပွဲကျင်းပနိုင်မည်ဟု မျှော်လင့်ထားပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင်သာ ရွေးကောက်ပွဲလုပ်မည်ဆိုသည့် ဆုံးဖြတ်ချက်ကို အံ့သြမိသည်ဟု ၎င်းက ပြောသည်။ 

ထို့အပြင် ပလက်ဝမြို့နယ် ပြည်နည်မဲဆန္ဒနယ်အမှတ် ၂ ရှိ အများစုသည် ဆမီးမြို့အရှေ့ဘက် ကန်ပက်လက်မြို့နယ်နှင့် ထိစပ်နေသည့် နေရာများဖြစ်ပြီ ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားမှုမရှိသည့်အတွက် အဆိုပါမဲဆန္ဒနယ်တွင် ရွေးကောက်ပွဲမကျင်းပခြင်းအပေါ် စိတ်မကောင်းဖြစ်ရသည်ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ကိုယ်စားပြုကာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဘူးထန်ပိုင်က ပြောသည်။

“ပလက်ဝမှာ တိုက်ပွဲတွေ ဖြစ်တယ်ဆိုပေမဲ့ တစ်မြို့နယ်လုံးဖြစ်တာမှ မဟုတ်တာ။ ကျွန်တော့်မဲဆန္ဒနယ် တော်တော်များများက အေးချမ်းရဲ့သားနဲ့ မဲမပေးရတဲ့အထဲ ရောက်သွားတာ၊ ကျွန်တော့်အတွက်တော့ တော်တော်လေးအားလျော့သွားတယ်” ဟု ဦးဘူးထန်ပိုင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဒေသခံမဲဆန္ဒရှင်များကိုယ်စား ဝမ်းနည်းကြောင်း ခူးမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က ယနေ့ (အောက်တိုဘာ ၂၈) တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ထို့အပြင် ချင်းပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရကို ယနေ့တင်ပြထားသည့် ရွေးကောက်ပွဲကျင်းပနိုင်သော လုံခြုံရေးအခြေအနေရှိ ကျေးရွာအုပ်စု ၁၂ စုရှိပြီး ထိုကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပပေးရန် တောင်းဆိုကြောင်း KACC ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ပြောသည်။

“တကယ်လို့ မျှော်လင့်သလို ဖြစ်မလာဘူးဆိုရင်တော့ တရားမျှတတယ်၊ မမျှတဘူးဆိုတာထက် လူထုမျှော်လင့်ထားတဲ့ ရွေးကောက်ပွဲပုံစံမျိုးတော့ မဟုတ်တော့ဘူး” ဟု ၎င်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ်၌ ခူမီး(ခမီး) အမျိုးသားပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း ၆ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း ၆ ဦးနှင့် ပြည်နယ်လွှတ်တော်နှစ်နေရာအတွက် ကိုယ်စားလှယ်လောင်း ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

Show More

Related Articles

Back to top button