သတင်း

ဖားကန့်မြို့ ဝှေခါရွာစခန်းကုန်းကို KIA ဆက်လက်တိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်ရှိ ဝှေခါရွာဘက်ကို KIA နှင့် ပူးပေါင်းတပ် ထိုးစစ်ဆင်နေရာ ရဲစခန်းကို သိမ်းနိုင်ခဲ့ပြီး စစ်တပ်စခန်းကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

ဖားကန့်မြို့နယ်ရှိ ဝှေခါစခန်းကို သိမ်းပိုက်ရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ (KPDF) ပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။

ဖားကန့်မြို့၏ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာမှ ဝှေခါရွာရှိ ရဲစခန်းနှင့် စစ်တပ်ကုန်းကို ဇန်နဝါရီ ၆ ရက်နေ့တွင် ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

သို့သော် စစ်တပ်စခန်းကုန်းကို ဆက်လက်တိုက်ခိုက်နေရာ ယမန်နေ့ (ဇန်နဝါရီ ၁၈ရက်) နံနက်မှစတင်ကာ တိုက်ပွဲ ပိုမိုပြင်းထန်လာခြင်းဖြစ်သည်၊ အခြားတိုက်ပွဲများနည်းတူ စစ်ကောင်စီက လက်နက်ကြီးပစ်ကူနှင့် လေတပ်ကို အသုံးပြုနေသည်ဟု ဖားကန့် KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သိမ်းလို့တော့ မရသေးဘူး၊ ဒါပေမဲ့ သိမ်းနိုင်မယ့်အခြေအနေမှာရှိတယ်။ မနေ့ကတည်းက ဆော်နေကြတာ၊ မနေ့ကလည်း တန်သုံးထောင် (နမ့်မှော်ရွာ) ကလည်း လက်နက်ကြီးပစ်ကူတယ်။ လေယာဉ်နဲ့လည်း နှစ်ခါလာချတယ်” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။

ထို့ပြင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန်က ဂျက်ဖိုက်တာ တစ်စီးဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ပြီး ဗုံး ၃ လုံး ကြဲချခဲ့သည်ဟု ဖားကန့် KPDF တပ်ဖွဲ့ဝင်က ဆိုသည်။

ဖားကန့်ဗျူဟာကုန်းနှင့် ဖားကန့်မြို့အနောက်ဘက်ရှိ နမ့်မှော်ရွာ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး ပစ်ကူပေးနေသည်ဟု ဖားကန့် KPDF အဖွဲ့က ပြောသည်။

ယနေ့နံနက်တွင် စခန်းကုန်းအပေါ်နားအထိ အနီးကပ်တိုက်ပွဲများ ဖြစ်ပွားနေပြီး စခန်းကုန်းတစ်ခုလုံးနီးပါးကို စီးနင်းထားနိုင်သည်၊ အပြီးသတ်သိမ်းပိုက်နိုင်ရန် အခြေအနေကောင်းနေသည်ဟု သိရသည်။

ယနေ့နံနက်အထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံများလည်း ကြားနေရသည်ဟု KPDF အဖွဲ့များနှင် နီးစပ်သည့် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့က ဝှေခါသို့ လက်နက်ကြီးပစ်ကူပေးနေသည့် ဖားကန့်မြို့ပေါ်ရှိ ဗျူဟာကုန်းနှင့် ရဲစခန်းကိုလည်း KIA,KPDF ပူးပေါင်းအဖွဲ့များက လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။

“မနေ့ညက‌​တော့ ဖားကန့်မြို့လယ်မှာ ချကြသေးတယ်။ ဖားကန့်ရဲစခန်းတို့ ဗျူဟာကုန်းတို့ကို ဒီဘက်က ဝင်ပစ်တယ်။ ပစ်ခတ်တာတွေ၊ အသံတွေကတော့ ကြားနေရတယ်။ ဘယ်သူမှတော့ ထွက်မကြည့်ရဲကြဘူး၊ ည ၇ နာရီလောက်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဝှေခါတိုက်ပွဲသည် သီတင်းနှစ်ပတ်ကျော် ကြာမြင့်လာပြီး ရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ၂၀၀၀ ကျော်မှာ နီးစပ်ရာကျေးရွာများနှင့် ဖားကန့်မြို့ပေါ်တို့တွင် ခိုလှုံနေကြရသည်ဟု အထက်ပါ ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။

“ဒေသခံတွေကတော့ ဆိုင်းတောင်တို့ ဖားကန့်တို့ ကိုယ့်အသိမိတ်ဆွေတွေရှိတဲ့နေရာကို လာခဲ့တာပေါ့။ နမ့်မှော်တို့ ဆိုင်းတောင်က ဘုန်းကြီးကျောင်း သုံးကျောင်းလုံးမှာ ရောက်နေတယ်။ ရွာက ကျွေးတယ်၊ အလှူရှင်တွေကလည်း ကျွေးကြတယ်” ဟု ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသော်လည်း ဖားကန့်နှင့် ၁၃ မိုင်ခန့် ဝေးနေသည့်အတွက် မြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာ လှုပ်ရှားလျက်ပင်ရှိသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲနှင့် ဝေးရာတွင်ရှိသည့် ကျောက်စိမ်းကုမ္ပဏီများကလည်း ပုံမှန်အတိုင်း လည်ပတ်နေပြီး ကျောက်စိမ်းတူးဖော်ခြင်းကို နေ့ညမပြတ်လုပ်ကိုင်နေဆဲဟု ဒေသခံများထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီကို ပေါ်ပေါ်တင်တင် ဝေဖန်ရှုတ်ချထားသည့် KIA က ကချင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်နေရာ ဇန်နဝါရီ ၁၆ ရက်က စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်တစ်စီး ပျက်ကျသွားသည်။ KIA က ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ကလည်း ရှမ်းမြောက်နှင့် မန္တလေးတိုင်း နယ်စပ်မျဉ်းပေါ်ရှိ မိုးမိတ်မြို့ကို သိမ်းပိုက်နိုင်ရေး မဟာမိတ်တပ်များနှင့် ပူးပေါင်းတိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်။

လေတပ်က သွားရောက် တိုက်ခိုက်ရာ အရပ်သား ထိခိုက်သေဆုံးမှုရှိသလို မြို့ထဲတွင် အကြီးအကျယ် ထိခိုက်ပျက်စီးနေသည်ဟု သတင်းထွက်ပေါ်နေသည်။ ထိခိုက်မှုအခြေအနေအသေးစိတ်ကို မေးမြန်းစုံစမ်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသည်။

Show More

Related Articles

Back to top button