သတင်း

ဖားကန့်တွင် တိုက်ပွဲပြင်းထန်၊ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါရွာတွင် ဇန်နဝါရီ ၆ ရက်မှစတင်ကာ စစ်ကောင်စီတပ်နှင့် KIA, KPDF ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါရွာတွင် ဇန်နဝါရီ ၆ ရက်နေ့မှ စတင်ကာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ထိုနေ့နံနက် ၆ နာရီခန့်တွင် မြို့အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာ ဝှေခါကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသကာကွယ်ရေးအဖွဲ့ (KPDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်ပြီး ၂ နာရီခန့်အကြာတွင် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အနီးရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းရန် ဆက်လက်ကြိုးစားစဉ် စစ်လေယာဉ် လာရောက် ပစ်ခတ်ခဲ့သည်ဟု KPDF မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရဲကင်းကို သိမ်းပြီးတော့ အောက်ဘက်က xx ကုန်း (စစ်တပ်ကုန်း) ကို သိမ်းဖို့အတွက် ပြင်ဆင်နေတဲ့အချိန်ပေါ့၊ တစ်ဝက်ကို သိမ်းနိုင်ပြီး အပေါ်ဘက်ပဲ ကျန်တော့တဲ့အချိန်မှာ သူတို့လေယာဉ်နဲ့ လာပြီးတော့မှ ရမ်းပစ်သွားတော့ ပြည်သူတွေပါ ထိခိုက်သွားတယ်” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။

လေကြောင်းရန်ကြောင့် မွန်းလွဲ ၂ နာရီခန့်တွင် ထိုးစစ်ကို ရပ်တန့်ခဲ့ပြီး ညနေပိုင်းတွင် ဆက်လက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထိုနေ့တွင် လေတပ်က ငါးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဝှေခါရွာမှ ဒေသခံအချို့နှင့် နေအိမ်များပျက်စီးခဲ့သည်ဟု သိရသော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

ဝှေခါစခန်းကို စစ်ကူပေးနိုင်ရန် ဒီဇင်ဘာ ၇ ရက်နေ့ည ၇ နာရီခန့်ကလည်း ဖားကန့်မှ အရပ်ဘက်သုံးကားများနှင့် စစ်ကူလာသည့် စစ်ကောင်စီတပ်များကို ဆိုင်းတောင်သုသာန်အနီးတွင် KIA, KPDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

၂ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါ စစ်ကြောင်း ဆုတ်ခွာသွားသည့်အတွက် တိုက်ပွဲပြီးဆုံးခဲ့သည်ဟု သိရသည်။

“အဲဒီစစ်ကြောင်းက နောက်ပြန်ဆုတ်သွားပြီး ဘယ်ရောက်သွားလဲဆိုတာကို မသိရသေးဘူး၊ ကျွန်တော်တို့ထင်တာတော့ ဝှေခါမှာ စခန်းထိုင်ဖို့ ကြိုးစားကြတာဖြစ်မယ်” ဟု KPDF တပ်ဖွဲ့ဝင်က ပြောသည်။

ကျောက်စိမ်းထွက်သည့် နာမည်ကျော် ဖားကန့်မြို့ရှိ အထက်ပါ တိုက်ပွဲများအတွင်း KIA, KPDF ပူးပေါင်းတပ်ဘက်မှ သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး အသေအပျောက်မရှိကြောင်း၊ စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

KPDF တပ်ဖွဲ့ဝင် နောက်တစ်ဦးကလည်း ဝှေခါစခန်းကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဇန်နဝါရီ ၈ နံနက် ၄ နာရီခွဲမှ စတင်ကာ KIA, KPDF ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးပစ်ကူများပေးနေသည်ဟု ပြောသည်။

တိုက်ပွဲပြင်းထန်နေစဉ် နံနက် ၁၀ နာရီခန့်တွင် စစ်လေယာဉ်တစ်စီးက စစ်တပ်စခန်းကုန်းအနီးတစ်ဝိုက်ကို ဗုံးလာကြဲခဲ့သည်ဟု အဆိုပါ KPDF အဖွဲ့ဝင်က ပြောသည်။

“ဒီနေ့လည်း မနက်ကတည်းက ဖြစ်နေတာ၊ ကျွန်တော်တို့အဖွဲ့တွေလည်း နောက်ကိုမဆုတ်သေးဘဲ ဆက်ပြီးတော့ ဒါကို (အဲဒီစခန်းကို) ရအောင်လုပ်မလို့” ဟု အဆိုပါ KPDF အဖွဲ့ဝင်က ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့ကို နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်း ၂၀၁၆ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ-AFP

လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဇန်နဝါရီ ၆ ရက်မှ စတင်ကာ ဝှေခါဒေသခံများအားလုံးနီးပါး နီးစပ်ရာရွာများသို့ ထွက်ပြေးနေကြရသည်။ ဝှေခါရွာနှင့် ၁၇ မိုင်ခန့်ဝေးသည့် တာမခန်ရွာတွင် ဝှေခါဒေသခံ ၂၀၀ ခန့် ရောက်ရှိနေသလို ၆ မိုင်ခန့်ဝေးသည့် ဆိုင်းတောင်ကျေးရွာတွင်လည်း ဒေသခံ ၁၀၀၀ ဝန်းကျင် ရောက်ရှိနေသည်ဟု အသက် ၄၀ ကျော်အရွယ် ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

“ဒေသခံတွေ တစ်ရွာလုံးပြေးရတာ၊ အခု ဆိုင်းတောင်က ဘုန်းကြီးကျောင်းတွေမှာရော၊ ဘုရားကျောင်းတွေမှာရော ၁၀၀၀ တောင် မကဘူး ၁၀၀၀ ကျော်တယ်၊ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

ဇန်နဝါရီ ၆ ရက်နေ့က ဝှေခါတိုက်ပွဲနှင့်အပြိုင် ဖားကန့်-ကာမိုင်းလမ်းမပေါ်ရှိ နန့်ယားကျေးရွာအထက်ဘက်မှ စစ်ကောင်စီတပ်၏ နမ့်တိန်စခန်းကိုလည်း KIA, KPDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။

ဇန်နဝါရီ ၃ ရက်နေ့ကလည်း KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့၏ အထက်ဘက် နာဖော့ဒေသသို့ ရိက္ခာလာပို့သည်ဟု ယူဆရသည့် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချနိုင်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲပြင်းထန်လာသည့် ဒေသများထဲတွင် ကချင်ပြည်နယ်လည်း ပါဝင်ပြီး KIA/KIO ခေါင်းဆောင်များက စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ရေး ကြိုစားသွားမည်ဖြစ်ကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသည်။

Show More

Related Articles

Back to top button