သတင်း

ရှမ်းမြောက်တွင် တပ်မတော်နှင့် TNLA တို့ ယခုလအတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားခဲ့ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုလဆန်းပိုင်းမှ ယနေ့ (အောက်တိုဘာ ၂၁) အထိ တပ်မတော်နှင့် တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) ပြောခွင့်ရအရာရှိ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

နမ့်ဆန်မြို့နယ် နမ့်မွေရွာအနီးရှိ ပါဆန်းတောင်တွင် အောက်တိုဘာ ၁၉ ရက်က တပ်မတော် ခြေလျင်တပ်ရင်း ၄၃၅ နှင့် TNLA တို့ နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ၎င်းက ပြောသည်။ 

“ဒီလဆန်းပိုင်းကစတင်ပြီး တပ်မတော်က တောတွင်းစခန်းတွေကို တိုက်ခိုက်လာတာ ဆက်တိုက်ပဲ။ ဒါကြောင့် ပြန်လည်ခုခံရတဲ့ တိုက်ပွဲတွေပဲဖြစ်ပါတယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်မတော် တပ်ရင်းတစ်ခုနှင့် တာမိုးညဲပြည်သူ့စစ်ဌာနချုပ်ကို အောက်တိုဘာ ၃ ရက်တွင် TNLA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၁၆ ရက်တွင်လည်း တန့်ယန်းမြို့နယ်အတွင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။ 

အောက်တိုဘာ ၁ ရက်မှစ၍ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများစတင်ခဲ့ခြင်းဖြစ်ပြီး ကွတ်ခိုင်၊ မိုးကုတ်၊ မိုးမိတ်၊ လားရှိုး၊ တန့်ယန်းနှင့် နမ့်ဆန်မြို့နယ်များတွင် ၁၄ ကြိမ်အထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟုTNLA ပြောခွင့်ရအရာရှိက ပြောသည်။ 

ရှမ်းမြောက်တွင် TNLA နှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

မူဆယ်မြို့နယ် နမ့်အွန်ရွာ ပြည်ထောင်စုလမ်းမကြီးအနီးတွင် ယမန်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားသည့် သတင်းကြားရသော်လည်း မည်သည့်အဖွဲ့များကြား ဖြစ်ပွားခဲ့သည်ကို အတိအကျ မသိရသေးကြောင်း မူဆယ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန်က ပြောသည်။ 

“အဲဒီဘက်မှာက လက်နက်ကိုင်အဖွဲ့က အစုံရှိနေတာဆိုတော့ အတိအကျတော့ ပြောလို့မရဘူး” ဟု ဦးညီစိန်က ပြောသည်။

တပ်မတော်က အပစ်အခတ်ရပ်စဲရေးကာလကို အောက်တိုဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ကြောင်း စက်တင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့ပြီး ရက်အနည်းငယ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း၌လည်း တပ်‌မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား အောက်တိုဘာ ၃ ရက်မှ ၈ ရက်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံ ၂၀၀၀ ကျော်မှာ ကျောက်မဲမြို့ပေါ်သို့ သီတင်းနှစ်ပတ်ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

Show More

Related Articles

Back to top button