သတင်း

ထောင်တွင်းဆေးကုသခွင့်မရခြင်းကြောင့် ၂၀၂၃ တွင် နိုင်ကျဉ်း ၁၇ ဦး သေဆုံး

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၇ ခုမှ လုံလောက်သည့်ဆေးဝါးကုမှုမရ၍ သေဆုံးရသည့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦး ရှိနေသည်ဟု ထောင်တွင်းအခြေအနေကို လေ့လာနေသည့်  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်၏ စာရင်းတွင် ဖော်ပြသည်။

ဒီဇင်ဘာလ တစ်လတည်းတွင်ပင် အကျဉ်းထောင် ၃ ခုရှိ နိုင်ငံရေးအကျဉ်းသား ၄ ဦး ထိုအခြေအနေကြောင့် သေဆုံးသွားခဲ့သည်။

အင်းစိန်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ (က) နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည့် အသက် ၆၈ နှစ်အရွယ် ကိုစိုးဝင်းသည် ကင်ဆာရောဂါဖြင့် ဒီဇင်ဘာ ၁၂ က သေဆုံးသွားသည်။

အင်းစိန်အကျဉ်းထောင်မှပင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ညနှင့် ထောင်ဒဏ်ကျခံနေရသူ အသက် ၂၃ နှစ်အရွယ် မချယ်ရီဝင်းသည်လည်း ရက်ရှည်ဖျားနာပြီး သေဆုံးသွားသည်ဟု မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“၄ ရက်လောက် ဖျားနေတာကို ဆေးကုသခွင့်မပေးဘူး၊ လူကြီးလမ်းကြောင်းရှိလို့ဆိုပြီး ပြောတယ်၊ ဆေးကုခွင့်ရတဲ့အချိန်ဆေးရုံရောက်တော့ ဆုံးသွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော၊ မိသားစုဝင်နှင့် နီးစပ်သောသူတစ်ဦးက ပြောသည်။

မချယ်ရီဝင်းသည် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှဖြစ်ပြီး ဆွေမျိုးတော်စပ်သူတချို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဝင်များဖြစ်သည်၊ ပြည်ပသို့ ထွက်ခွာရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ညဖြင့် စွပ်စွဲထောင်ချခံခဲ့ရသည်ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အလားတူ သာယာဝတီထောင်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ်ကျခံနေရသည့် ၃၃ နှစ်အရွယ် ကိုမြင့်အေးသည် နှလုံးရောဂါဖြင့် ဒီဇင်ဘာ ၁၂ က သေဆုံးသွားသည်။

ပုသိမ်ထောင်တွင်လည်း လူသတ်မှု၊အကြမ်းဖက်မှု ပုဒ်မများဖြင့် ထောင်ဒဏ်ကျခံနေရသည့် ကိုစံလင်းဆိုသူ ဦးခေါင်းထိခိုက်ဒဏ်ရာကို ဆေးကုသစဉ် ဆေးဝါးလုံလောက်စွာ မရရှိမှုတို့ကြောင့် သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရမှ ကိုသိုက်ထွန်းဦးက ပြောသည်။

“လုံလောက်တဲ့ဆေးဝါးကုမှုမပေးတာနဲ့ ဆေးဝါးတွေ ထောင်ထဲသွင်းခွင့်မပြုတော့တာက ဒီလိုသေဆုံးရတဲ့ ဖြစ်စဉ်တွေဖြစ်နေတာပါ” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ရာသီဥတုအကူးအပြောင်းတွင် အကျဉ်းထောင်များအတွင်း နေမကောင်းဖြစ်သူများလာပြီး ဆေးဝါးလုံလောက်စွာမရခြင်း၊အရေးကြီးလူနာများ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုရရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းတို့နှင့် ရင်ဆိုင်နေရသည်ဟု သူက ဆိုသည်။

၂၀၂၃ အောက်တိုဘာလမှစ၍ အကျဉ်းထောင်များသို့ ထောင်ဝင်စာပေးပို့ရာတွင် ဆေးဝါးများသွင်းခွင့်မပြုဟုလည်း သူက ဆက်ပြောသည်။

“တချို့ဆို နှလုံးရောဂါဖြစ်နေတာရှိတယ်၊ တချို့ AIDS (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ဖြစ်နေတယ်၊ သူတို့ ပုံမှန်ဆေးသောက်ရဖို့လိုတယ်၊ ရက်တွေနောက်ကျပြီးမှ ထောင်အာဏာပိုင်တွေက ပြန်ပို့ပေးတာလည်းရှိတယ်၊ ကြားထဲမှာ စိတ်ပိုင်းဆိုင်ရာအရလည်း ဆေးမသောက်နိုင်တော့ ရောဂါပိုဆိုးလာမလားဆိုပြီး ဖြစ်ကြတယ်” ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။

ကျန်းမာရေးအခြေအနေကြောင့် သေဆုံးမှုများ ရှိသလို ထောင်ပြောင်းသည့် အချိန်တွင် ထွက်ပြေးပြီး ခုခံရန် ကြိုးစားသည်ဟူသော စွပ်စွဲချက်ဖြင့် ပစ်သတ်ခံရသူတချို့လည်း ရှိသေးသည်။

အကျဉ်းသားများ သေဆုံးရပုံ၊ အရေအတွက်တို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိပေ။

စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် ထိုနေ့မှစ၍ အာဏာသိမ်းမှု ဆန့်ကျင်သူများကို ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးဖြင့် ထောင်ချလျက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏စာရင်းအရ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူ ၂၅၆,၄၆ ဦး အနက်မှ ၁၉၈,၄၈ ဦးမှာ လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု သိရသည်။

ထိုကိန်းဂဏန်းမှာ အသင်းက လက်လှမ်းမီသမျှ မှတ်တမ်းတင်ထားနိုင်သော အရေအတွက်သာဖြစ်သည်။

ကိုဗစ်ကပ်ဘေး အကြောင်းပြပြီး ထောင်ဝင်စာတွေ့ခွင့် သုံးနှစ်ကျော်ကြာ ပိတ်ပင်ထားရာမှ အောက်တိုဘာ ၂၄ ရက်တွင် ထောင်ဝင်စာတွေ့ခွင့် ပြန်ရလာကြသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က အကျဉ်းထောင်များအတွင်းသို့ ဝင်ရောက်ပြီး ယခင်ကကဲ့သို့ ကြက်ခြေနီအသင်း၏ လုပ်ငန်းစဉ်များ ဆောင်ရွက်ခွင့်ပြုရန် မကြာခဏ တောင်းဆိုထားသော်လည်း စစ်ကောင်စီက ခွင့်မပြုသေးပေ။

ICRC သည် မြန်မာနိုင်ငံအတွင်း အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး အကျဉ်းသားမိသားစုဝင်များသည် ထောင်ဝင်စာတွေ့ရန် လမ်းစရိတ်ကဲ့သို့သော အသေးစားကူညီငွေကို ICRC ရုံးခွဲများသို့ ဆက်သွယ် တောင်းယူနိုင်သည်ဟု သိရသည်။

ICRC ၏ မြန်မာပြည်ရုံးခွဲ ၁၀ ရုံးရှိ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်သည်ဟု ဆိုသည်။

ထောင်ဝင်စာတွေ့ရန် လမ်းစရိတ်ကဲ့သို့သော အသေးစားကူညီငွေကို တောင်းခံနိုင်သည့် ICRC ရုံးခွဲများ၏ ဖုန်းနံပါတ်များ။

Show More

Related Articles

Back to top button