သတင်း

ကသာမြို့နယ်အတွင်း PDF တပ်စွဲထားရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

ကသာမြို့နယ်၊ မိုးတားလေးရွာ ဗုံးကြဲခံရစဉ် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးသည်၊ ဒဏ်ရာရ အရပ်သား ၁၁ ဦးထဲတွင် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးသုံးဦး ပါဝင်သည်ဟု သိရသည်။​

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်အတွင်း PDF တပ်ဖွဲ့များ တပ်စွဲထားရာနေရာများကို ယခုလ ၂၆ ရက်နေ့တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးကာ အရပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။ 

ဧရာဝတီမြစ်အနောက်ဘက်ကမ်း ကသာမြို့နယ်၊ မိုးတားလေးတိုက်နယ်ကျေးရွာရှိ ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံးများတွင် တပ်စွဲထားသည့် PDF တပ်ဖွဲ့ဝင်များ ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရသည့် အရပ်သားများတွင် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးသုံးဦး ပါဝင်သည်ဟု ဒေသခံများက ဆိုသည်။

အိမ်ခြေထောင်ဂဏန်းရှိ မိုးတားလေးရွာတွင် အာဏာသိမ်းသည့် ၂၀၂၁ ကတည်းက စစ်ကောင်စီလက်အောက်ခံ​ အုပ်ချုပ်ရေးအဖွဲ့ဝင်များ စွန့်ခွာခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၆ ရက်နေ့က ဗုံးကြဲခံရစဉ် PDF တပ်ဖွဲ့ဝင်များ နေရာယူထားသည့် အဆောက်အအုံများအပြင် နေအိမ် ၇ လုံး ပြိုကျသည်ဟုလည်း သိရသည်။

“နေအိမ်တွေကတော့ နေလို့မရအောင်ကို ပြိုကျသွားတာ။ ကားတစ်စီးလည်း သုံးလို့မရအောင်ကို ပျက်စီးသွားတာ၊ တစ်ကြိမ်တည်းကို ဗုံးနှစ်လုံးချတာ” ဟု စစ်ကောင်စီကို တော်လှန်နေသည့် ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးတားလေးတိုက်နယ် ကျေးရွာ၌ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) စီမံခန့်ခွဲမှုဖြင့် အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီး သတင်းပေါက်ကြားသဖြင့် PDF များ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုလည်း ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

“စစ်ရေးကြောင့် ခဏတဖြုတ်လာနေကြတာ။ အဲအချိန် လာကြဲသွားတာ…. သတင်းတိတိကျကျ ပေးနိုင်လို့ဖြစ်မယ်”

ယခုနှစ် ဇန်နဝါရီလကည်း မိုးတားလေးရွာကို စစ်တပ်က တိုက်လေယဉ်ဖြင့် ဗုံးနှစ်ကြိမ်ကြဲခဲ့ရာ အရပ်သား ၇ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

မိုးတားလေးရွာရှိ ရဲစခန်းအပါအဝင် ကျောက်ထုံးကြီး၊ အင်းရွာစ သည့်ရွာများမှ တိုက်နယ်အဆင့် ရဲစခန်းများအားလုံးကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကသာမြို့သို့ ပြောင်ရွှေ့သွားခဲ့သည်ဟု ကသာ ပအဖတာဝန်ရှိသူက ဆိုသည်။

“ကသာမြို့ပေါ်မှအပ ၉၀ ရာခိုင်နှုန်းကတော့ စစ်ကောင်စီရဲ့ယန္တရား လုံးဝမရှိဘူး။ ကိုယ့်ဘက်ကတော့ အုပ်ချုပ်ရေးယန္တရား ခိုင်ခိုင်မာမာတည်ဆောက်နိုင်တယ်လို့ ပြောလို့ရတယ်”

ကသာမြို့တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က “၁၀၂၇” စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီဘက်က ဆက်တိုက်အရေးနိမ့်လာချိန် ဒေသခံ PDF အဖွဲ့များနှင့် တိုင်းရင်းသားအဖွဲ့များ ပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများဖော်ဆောင်ကာ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။

မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ NUG လက်အောက်ခံ PDF အဖွဲ့များက နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခရိုင်မြို့ကြီးတစ်မြို့ဖြစ်သော ကောလင်းနှင့် အခြားမြို့ငယ်သုံးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ 

ယခုလ ၁၃ ရက်တွင် ကချင်ပြည်နယ်အနီး စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ မော်လူးမြို့ကို ကျောင်းသားတပ်မတော် (ABSDF) နှင့် ပူးပေါင်းကာ PDF အဖွဲ့က ထပ်မံသိမ်းပိုက်နိုင်ခဲ့ကာ ထီးချိုင့်မြို့ကိုလည်း အပြင်းအထန် ဆက်လက်တိုက်ခိုက်နေသည်။

Show More

Related Articles

Back to top button