စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၁၈) က တိုက်ပွဲဖြစ်ပွားစဉ် လေတပ်က မိုးတားလေးကျေးရွာကို ဗုံးကြဲရာ ဒေသခံ ၇ ဦး သေဆုံးပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။
ချောင်းဝရွာမှ ထွက်လာသည့် တပ်မ ၈၈ လက်အောက်ခံ အမှတ် ၇၇ ခြေလျင်တပ်ရင်းမှ အင်အား ၇၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မြို့မြောက်ဘက် မိုင် ၂၀ ကျော်ခန့်အကွာ ဆင်ကုန်တိုင်ရွာနှင့် တပ်ကုန်းရွာအကြား တိုက်ခိုက်ခံရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကသာနှင့် မြို့လှအခြေစိုက်တပ်များ၊ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ကျောင်းသားတပ်မတော် (ABSDF) တို့က ဝိုင်းဝန်းတိုက်ခိုက်ရာ အငိုက်မိသည့် ထိုစစ်ကြောင်း အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေခဲ့သည်။
ထို့နောက် ညနေ ၄ နာရီခွဲခန့်တွင် တိုက်လေယာဉ် ၂ စီးဖြင့် နှစ်ကြိမ် ဗုံးကြဲခဲ့ရာ တိုက်ပွဲနယ်မြေမဟုတ်သည့် မိုးတားလေးရွာ၊ စေတီရပ်ကို ဗုံးကျပြီး ရွာခံ ၇ ဦး အနည်းဆုံး သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရသွားသည်ဟု ကသာပကဖအဖွဲ့မှ ရှေ့တန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“လေယာဉ်ကြဲတဲ့အချိန်မှာ အိမ်မှာတင် (ဗုံး) မိသွားတာ။ မိတဲ့နေရာမှာ ၃ ဦးလောက်က မီးလောင်သွားတယ်။ ကျန်တဲ့ ၃ ယောက်က မီးမလောင်သွားဘူး။ ဒီနေ့မနက် ဆက်ပြီးရှာဖွေတာကျတော့ တစ်လောင်းတွေ့တယ်လို့ ပြောနေတယ်” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ဆိုသည်။
ရွာတွင်း၌ အလှူပွဲတစ်ခုကျင်းပရန် ပြင်ဆင်နေချိန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကစဉ့်ကလျား ထွက်ပြေးရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့နံနက်အထိ ပကဖအဖွဲ့၏ စာရင်းများအရ သေဆုံးသူများထဲတွင် အမျိုးသမီး ၆ ဦး၊ အမျိုးသား ၁ ဦး ပါဝင်သည်။ အမျိုးသမီးများအနက် တစ်ဦးမှာ အသက် ၆၀ ကျော်အရွယ်ဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရသူအရေအတွက် ၃၀ ကျော် ရှိသည်၊ နေအိမ်အများအပြား ပျက်စီးသည်၊ မွေးမြူထားသည့် နွားများ၊ ဝက်များလည်း သေဆုံးသည်ဟု ဆိုသည်။
Myanmar Now က ရရှိထားသည့် မှတ်တမ်းဓာတ်ပုံများအရ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးတားလေးကျေးရွာရှိ နေအိမ်များမှာ နံရံများ၊ ပျဉ်ချပ်များ ကွာကျနေသည်၊ မီးလောင်ထားသော နေအိမ်တချို့အတွင်း ရုပ်အလောင်းများ တွေ့ရှိရသည်။
ထို့ပြင် အရှည်နှစ်ပေ၊ အချင်းတစ်ပေခန့်ရှိသည့် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကိုလည်း စေတီရပ်ရှိ နေအိမ်တစ်လုံးအောက်တွင် တွေ့ရှိခဲ့သည်ဟု ကသာတော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ဗုံးကြဲသောနေရာသည် ၅ မိုင်ခန့် ကွာဝေးသည်ဟု သူက ဆိုသည်။
“ဆက်ရပ်ရွာတန်းကြီးပေါ့နော်၊ ရွာတန်းအရှည်ကြီးပဲ၊ အဲဒီမှာ ဘုရားတွေ စေတီတွေရှိတယ်၊ ဒါဟာ လူနေအိမ်တွေပဲ ဖြစ်တယ်ပေါ့။ အိမ်ခြေတွေက ကျဲပြီးတော့ ကွဲနေတာ မဟုတ်ဘူး။ အခုဖြစ်တဲ့ အိမ်တွေရဲ့ရှေ့မှာ လမ်းတွေလည်း ရှိတယ်။ ဒါဟာ ရွာပဲဖြစ်တယ်၊ ရွာထဲကို ကြဲချလိုက်လို့ ဒီလိုတွေ ထိခိုက်သေဆုံးမှုတွေဖြစ်တာ” ဟု အထက်ပါ ဒေသခံက ပြောသည်။
ယမန်နေ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စေတီရပ်နှင့် တပ်ကုန်းရွာတို့မှ နေအိမ် ၁၇ လုံး ထိမှန်ခဲ့ပြီး စေတီရပ်ရှိ နေအိမ် ၅ လုံးမှာ မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။
မိုးတာလေးရွာမှာ အိမ်ခြေ ၁၂၀၀ ကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်သော ထောင်နှင့်ချီသည့် ဒေသခံများမှာ ကသာမြို့ပေါ်သို့ တိမ်းရှောင်ထွက်ပြေးသွားကြပြီဖြစ်ကြောင်း၊ အနီးရှိ ဆင်ကုန်တိုင်ရွာနှင့် တပ်ကုန်းမှ ဒေသခံအချို့လည်း တိမ်းရှောင်နေကြကြောင်း အထက်ပါ ဒေသခံက ဆက်ပြောသည်။
ယနေ့နံနက် ၅ နာရီမှစတင်၍ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း ကသာဒရုန်းအဖွဲ့ (KTD) က ကင်းထောက်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများဖြင့် ကူညီပေးခဲ့သည်၊ စစ်ကောင်စီတပ်မှ သေဆုံး ဒဏ်ရာရသူ အများအပြားရှိကြောင်း ဒရုန်းနှင့် ထောက်လှမ်းမှုအရ သိရသည်ဟု အထက်ပါပကဖအဖွဲ့ဝင် အမျိုးသားက ဆိုသည်။
“အဲဒီဘက် (စစ်တပ်) ကတော့ တော်တော်အရေးနိမ့်နေတယ်၊ ကျဆုံးမှုကတော့ ဘယ်နှယောက်ရယ်လို့ မသိရသေးဘူး။ တော်တော်တော့ အရေးနိမ့်သွားပြီ။ အခု သူတို့ဆီက လေယာဉ်တွေဘာတွေ ဆက်ပြီး မကူဘဲနဲ့ အခုလိုသာ ဆက်ပြီးတိုက်မယ်ဆိုရင် သူတို့အကုန်လုံးကို သိမ်းလိုက်နိုင်တဲ့အခြေအနေ ဖြစ်နေကုန်ပြီ”
ယနေ့မွန်းလွဲပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မွန်းလွဲ ၁ နာရီခွဲခန့်ကလည်း တိုက်လေယာဉ် နှစ်စီးက တိုက်ပွဲဧရိယာအနီးနှင့် တပ်ကုန်းရွာအတွင်း ဗုံးကြဲသွားကြောင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ပွဲအတွင်း ABSDF မှ ရဲဘော်နှစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု ကသာ-ပကဖအဖွဲ့ထံမှ သိရသည်။
ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးများတွင် စစ်ကိုင်းတိုင်းက ရှေ့တန်းမှ ဦးဆောင်နေသည်။
စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်းသို့ လက်နက်၊ ခဲယမ်းနှင့် စစ်ကူ၊ ရိက္ခာများတင်ပို့ရာတွင် ဧရာဝတီမြစ်ကြောင်းကို အဓိကအားပြုလာရာ မြစ်ကြောင်းတစ်လျှောက်ရှိသည့် ထီးချိုင့်၊ ကသာ၊ မြို့လှ စသည့် ဒေသများမှ တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို အဆက်မပြတ်တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)