
နှင်းဆီပါတီ၏ ဝင်ငွေရပေါက်ရလမ်းနှင့် စာရင်းအင်းများကို စစ်ဆေးရန် ဆင့်ခေါ်ထားသော်လည်း ပါတီတာဝန်ရှိသူများ ရောက်လာခြင်းမရှိကြောင်း နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းထွေးက Myanmar Nowကို ပြောသည်။
နှင်းဆီပါတီ၏ ဝင်ငွေရပေါက်ရလမ်းများနှင့် ပတ်သက်၍ စစ်ဆေးရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC) က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် တာဝန်ပေးအပ်ထားသောကြောင့် နှင်းဆီပါတီတာဝန်ရှိသူများကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ယနေ့ (အောက်တိုဘာ ၁၄) တွင် ပြောသည်။
နှင်းဆီပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယမန်နေ့တွင် စာတစ်စောင်ပေးပို့ခဲ့ပြီး အချိန်ပြန်ညှိပေးရန် တောင်းဆိုခဲ့သည်ဟုလည်း ဦးသိန်းထွေးက ပြောသည်။
နှင်းဆီပါတီ၏ စာတွင် ပါတီဗဟိုရုံးနှင့် စာရင်းရုံးချုပ်သည် ရန်ကုန်၌သာရှိနေကြောင်း၊ ရွေးကောက်ပွဲကာလဖြစ်သဖြင့် ပါတီအောင်နိုင်ရေးကိစ္စများအလုပ်များနေကြောင်း၊ ကိုဗစ်နိုင်တင်းကာလအတွင်း ရန်ကုန်မှ နေပြည်တော်သို့ လာရောက်ရန် ကန့်သတ်မှုများရှိနေကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။
“တကယ်တော့ (နှင်းဆီ) ပါတီရုံးချုပ်က နေပြည်တော်မှာရှိတဲ့အတွက် ကျွန်တော်တို့က ဒီမှာ ခေါ်ယူစစ်ဆေးတဲ့အဖွဲ့ ဖွဲ့ခြင်းဖြစ်ပါတယ်”ဟု ဦးသိန်းထွေးက ပြောသည်။
နှင်းဆီပါတီကို အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အတွင် စစ်ဆေးပြီး ပြန်လည်အစီရင်ခံရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားသည်ဟုလည်း ၎င်းက ပြောသည်။
နှင်းဆီပါတီတာဝန်ရှိသူများ ရောက်မလာသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်မေးမြန်းရာတွင် “လိုအပ်သလို သုံးသပ်ဆောင်ရွက်မည်” ဟုသာ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောသည်။
နှင်းဆီပါတီဘက်ကို မေးမြန်းရာတွင် “ဒီနေ့ဒီကာလမှာ ဖြစ်သင့်တဲ့နေရာတစ်ခုဖြစ်ဖို့ သူတို့ဆုံးဖြတ်ရမှာပေါ့။ အဲဒီအပေါ်မှာမှ မဖြစ်နိုင်တဲ့နေရာတစ်ခုကိုပဲ ခေါ်နေရင်တော့ ဒါ တရားမျှတမှုမရှိတဲ့ လုပ်ရပ်တစ်ခုလို့ပဲ ပေါ်လွင်သွားမှာပေါ့”ဟု ပါတီဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်စွာထက်ဦးက ပြောသည်။
နှင်းဆီပါတီနှင့် ပတ်သက်၍ ဥပဒေအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများတွင် ပါတီများသည် ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းတို့ကို စနစ်တကျစာရင်းပြုစုရန် တာဝန်ရှိပြီး လိုအပ်ပါက စစ်ဆေးရန် ရွေးကောက်ပွဲကော်မရှင်ကို လုပ်ပိုင်ခွင့်ပေးထားသည်။
ပါတီများ၏ငွေစာရင်းများ စစ်ဆေးရန် UEC က မည်သည့်ကော်မရှင်အဖွဲ့ခွဲကိုမဆို တာဝန်ပေးအပ်နိုင်ပြီး အစိုးရဌာန၊ အဖွဲ့အစည်းများထံမှ အကူအညီကိုလည်း ရယူနိုင်သည်ဟု အဆိုပါ ဥပဒေများတွင် ပြဋ္ဌာန်းထားသည်။
UEC၏ ညွှန်ကြားချက်ကို မလိုက်နာသည့် နိုင်ငံရေးပါတီတစ်ခုခုသည် ပါတီလုပ်ငန်းလုပ်ခွင့် သုံးနှစ် ယာယီရပ်ဆိုင်းခံရနိုင်ပြီး ထိုကာလလွန်သည်အထိ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အပြီးတိုင်ဖျက်သိမ်းခံရမည်ဟု နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေက ဆိုသည်။
ထို့ပြင် အထက်ပါဥပဒေများအရ ဆုံးဖြတ်ဆောင်ရွက်သည့် ကော်မရှင်၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်၊ မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုပိုင်ခွင့် မရှိစေရဟုလည်း ထည့်သွင်းပြဋ္ဌာန်းထားသည်။
နှင်းဆီပါတီနှင့် ပတ်သက်၍ စိစစ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အစိုးရအဖွဲ့ကို တောင်းဆိုထားသောကြောင့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ နောက်ကြောင်းရာဇဝင်နှင့် စီးပွားရေးလုပ်ငန်းများကို သီးသန့်အဖွဲ့ဖြင့် စစ်ဆေးလျက်ရှိပြီး ပိုင်ဆိုင်မှု ကျပ် ၂၃ ဘီလျံကျော်နှင့် ဒေါ်လာများ တွေ့ရှိထားကြောင်း အောက်တိုဘာ ၁၀ ရက် ပြုလုပ်သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။
“နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကိစ္စက သတင်းမီဒီယာတွေမှာ ဖော်ပြပြီးတော့ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံပြီး နောက်ဆုံး ရွေးကောက်ပွဲကော်မရှင်ကနေ ဒီဟာနဲ့ပတ်သက်ပြီး စုံစမ်းစိစစ်ဖော်ထုတ်ပေးဖို့ အစိုးရကို တောင်းဆိုလာတဲ့ကိစ္စဖြစ်ပါတယ်။ ရွေးကောက်ပွဲနီးမှ လုပ်တာမဟုတ်ပါဘူး” ဟု ဦးဇော်ဌေးက ပြောသည်။
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို စက်တင်ဘာ ၂၉ ရက်ညပိုင်းတွင် ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာရှိ နေအိမ်တွင် ဖမ်းဆီးခဲ့ပြီးနောက် မန္တလေးအိုးဘိုထောင်ကို ပို့ဆောင်ခဲ့သည်။ ၎င်းကို ထောင်ပြေးမှု ပုဒ်မ ၂၂၄ ဖြင့် ချမ်းအေးသာစံမြို့နယ်တရားရုံးက စစ်ဆေးလျက်ရှိသော်လည်း အောက်တိုဘာ ၈ တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရုံးချိန်းအထိ မည်သည့်သက်သေကိုမျှ စစ်ဆေးနိုင်ခြင်း မရှိသေးပေ။
နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ဦးကျော်မြင့်က ကနေဒါနိုင်ငံ၌ ၂၀၀၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တည်ထောင်ခွင့်လျှောက်ထားခဲ့သည်။
UDP ပါတီကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ မေလ ၂၆ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ခွင့်ပြုပါတီအမှတ်စဉ် ၁၆ ဖြစ်သည်။ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။
၂၀၂၀ရွေးကောက်ပွဲတွင် ပါတီဝင်အင်အား ၆ သန်းနီးပါးရှိသည်ဆိုသော နှင်းဆီပါတီသည် မဲဆန္ဒနယ် ပေါင်း ၁,၁၃၀ ကျော်တွင် ဝင်ရောက်ယှဉ်မည်ဖြစ်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြီးနောက် မဲဆန္ဒနယ် ဒုတိယအများဆုံးဝင်ပြိုင်မည့် နိုင်ငံရေးပါတီဖြစ်သည်။