သတင်း

နှင်းဆီပါတီ၏ ဝင်ငွေရပေါက်ရလမ်းများကို ရွေးကောက်ပွဲကော်မရှင် စစ်ဆေးမည် 

နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ၏ ဝင်ငွေရပေါက်ရလမ်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၄ ရက်တွင် စစ်ဆေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ 

နေပြည်တော် ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ နှင်းဆီပါတီ၏ ဝင်ငွေရပေါက်ရလမ်းကို အဓိကထားစစ်ဆေးမည်ဟု သိရပြီး အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

ပါတီ၏ ငွေရေးကြေးရေးနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၏ စိစစ်မှုခံယူရန်ရှိကြောင်း နှင်းဆီပါတီ၏ နေပြည်တော်တာဝန်ခံ (တိုင်းဦးစီးမှူး) ဦးထွန်းလင်းကိုက Myanmar Now ကို အတည်ပြုသည်။ 

“ပိုင်ဆိုင်မှုပေါ့ဗျာ။ ငွေစာရင်းရှင်းတမ်းတွေ၊ ပါတီဝင်ငွေတွေ ဘယ်လိုလဲ၊ အဲဒါတွေ အစစ်ခံဖို့ပါခင်ဗျ” ဟု ၎င်းက ယနေ့ (အောက်တိုဘာ ၁၃) တွင် ပြောသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါ ကာလအတွင်းဖြစ်နေ၍ ရန်ကုန်ရှိ ပါတီဗဟိုဌာနချုပ်မှ တာဝန်ရှိသူများ နေပြည်တော်လာရောက်ဖြေရှင်းရန် မရှိဘဲ အွန်လိုင်းမှတစ်ဆင့် စာရွက်စာတမ်းများပေးပို့ကာ စစ်ဆေးခံသွားမည်ဖြစ်ကြောင်း ဦးထွန်းလင်းကိုက ပြောသည်။

“ဗဟိုရုံးချုပ်ကိုခေါ်တာ။ ဗဟိုရုံးချုပ်က သူတို့ဘာသာသူတို့ စာရွက်စာတမ်းတွေပို့မှာ။ လူလာဖို့က ရန်ကုန်ကဆိုတော့ ကိုဗစ်ကာလမှာ အဆင်မပြေဘူးလေ”ဟု ၎င်းက ပြောသည်။

နှင်းဆီပါတီနှင့် ပတ်သက်၍ စိစစ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အစိုးရအဖွဲ့ကို တောင်းဆိုထားသောကြောင့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ နောက်ကြောင်းရာဇဝင်နှင့် စီးပွားရေးလုပ်ငန်းများကို သီးသန့်အဖွဲ့ဖြင့် စစ်ဆေးလျက်ရှိပြီး ပိုင်ဆိုင်မှု ကျပ် ၂၃ ဘီလျံကျော်ရှိကြောင်း အောက်တိုဘာ ၁၀ ရက် ပြုလုပ်သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။ 

“နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကိစ္စက သတင်းမီဒီယာတွေမှာ ဖော်ပြပြီးတော့ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံပြီး နောက်ဆုံး ရွေးကောက်ပွဲကော်မရှင်ကနေ ဒီဟာနဲ့ပတ်သက်ပြီး စုံစမ်းစိစစ်ဖော်ထုတ်ပေးဖို့ အစိုးရကို တောင်းဆိုလာတဲ့ကိစ္စဖြစ်ပါတယ်။ ရွေးကောက်ပွဲနီးမှ လုပ်တာမဟုတ်ပါဘူး” ဟု ဦးဇော်ဌေးက ပြောသည်။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်၍ ကနဦးစိစစ်ဖော်ထုတ်ချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ထားပြီးဖြစ်သော်လည်း နှင်းဆီပါတီရပ်တည်ခွင့်နှင့် ပတ်သက်၍ မည်သို့ဆုံးဖြတ်မည်ကိုမူ ထိုသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက အသေးစိတ်ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ 

“နောက်တစ်ချက်ကတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး ငွေကြေးတွေ ဘီလျံနဲ့ချီပြီး တွေ့ပါတယ်။ သူ့ပိုင်ဆိုင်မှုကို စိစစ်လိုက်တဲ့အခါမှာ ကျပ် ၂၃ ဒသမ ၀၅ ဘီလျံ တွေ့ရတယ်။ အဲ့မှာလည်း အမေရိကန်ဒေါ်လာ တော်တော်များများ တွေ့တယ်” ဟု ၎င်းက ပြောသည်။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို စက်တင်ဘာ ၂၉ ရက်ညပိုင်းတွင် ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာရှိ နေအိမ်တွင် ဖမ်းဆီးခဲ့ပြီးနောက် မန္တလေးအိုးဘိုထောင်ကို ပို့ဆောင်ခဲ့သည်။ ၎င်းကို ထောင်ပြေးမှု ပုဒ်မ ၂၂၄ ဖြင့် ချမ်းအေးသာစံမြို့နယ်တရားရုံးက စစ်ဆေးလျက်ရှိသော်လည်း အောက်တိုဘာ ၈ တွင် ပြုလုပ်သည့် ဒုတိယအကြိမ်ရုံးချိန်းအထိ မည်သည့်သက်သေကိုမျှ စစ်ဆေးနိုင်ခြင်း မရှိသေးပေ။ 

အသက် ၆၉ နှစ်အရွယ် ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွားဟူ (ခ) ဟူးဟွား (ခ) ဇခုန်ဇုန်းဆောင် ဦးစီးလုပ်ကိုင်ခဲ့သော မြန်မာကျုံယွမ်ကုမ္ပဏီကို စစ်အစိုးရအာဏာပိုင်များက တရားမဝင်အဖွဲ့အဖြစ် ကြေညာပြီး ဦးကျော်မြင့်ကိုလည်း ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁ တွင် ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့ရသူဖြစ်သည်။

ဦးကျော်မြင့်သည် ၁၉၉၉ ခုနှစ်ဆန်းတွင် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ပြီးနောက် အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် ခိုလှုံနေထိုင်ခဲ့သည်။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ကနေဒါနိုင်ငံ၌ ၂၀၀၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တည်ထောင်ခွင့်လျှောက်ထားခဲ့သည်။ 

UDP ပါတီကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ မေလ ၂၆ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ခွင့်ပြုပါတီအမှတ်စဉ် ၁၆ ဖြစ်သည်။ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။ 

၂၀၂၀ရွေးကောက်ပွဲတွင် ပါတီဝင်အင်အား ၆ သန်းနီးပါးရှိသည်ဆိုသော နှင်းဆီပါတီသည် မဲဆန္ဒနယ် ပေါင်း ၁,၁၃၀ ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြီးနောက် မဲဆန္ဒနယ် ဒုတိယအများဆုံးဝင်ပြိုင်မည့် နိုင်ငံရေးပါတီဖြစ်သည်။ 

Show More

Related Articles

Back to top button