
ထောင်ပြေးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် တရုတ်မြန်မာနယ်စပ်မြို့ဖြစ်သော ရှမ်းပြည်နယ် မူဆယ်ဝင်ပေါက်မှတဆင့် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။
“သူက ကနေဒါကနေပြီးတော့ ၂၀၁၂ လောက်က တရုတ်ကို ရောက်လာတယ်။ တရုတ်ကနေပြီးတော့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ လူသုံးကုန်တွေ အဲဒါတွေကို မြန်မာနိုင်ငံထဲ သွင်းတဲ့အခါမှာ အဲဒီကနေ စီးပွားရေးနဲ့ ဆက်စပ်ပြီးတော့ ဝင်လာတဲ့သဘော” ဟု ၎င်းက ပြောသည်။
ဦးကျော်မြင့်သည် မူဆယ်ဝင်ပေါက်မှဝင်ရာတွင် မြန်မာနိုင်ငံဘက်က ထုတ်ပေးသော (Border pass) နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ဖြင့် တရားဝင် ဝင်ရောက်လာခဲ့ပြီး၊ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် နေထိုင်သွားကြောင်း ဦးဇော်ဌေးက ဆိုသည်။
“ Border Pass ရလို့ ဝင်လာတာပေါ့နော်။ ဝင်လာတဲ့ဟာမှာလည်း ကျနော်တို့ တရားဝင် နိုင်ငံတော်အဆင့်သိသလားဆိုတာ စိစစ်နေတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။
ဦးကျော်မြင့် မြန်မာနိုင်ငံသို့ ဝင်လာသည့်အချိန်မှာ ၂၀၁၄ ဟု ဦးဇော်ဌေးက ဆိုသော်လည်း ၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးဖြစ်ခဲ့သူ Yang Houlan နှင့် ဦးကျော်မြင့်တို့ ရန်ကုန်ရှိ တရုတ်သံရုံးတွင် တွေ့ဆုံခဲ့ကြကြောင်း တရုတ်နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ဦးကျော်မြင့်သည် ယခင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် ပြည်တော်ပြန်များအတွက် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်စာရင်းနှင့် ပယ်ဖျက်ခဲ့သည့် အမည်မည်းစာရင်းတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်းလည်း ယနေ့ (အောက်တိုဘာ ၁၀) နံနက်ပိုင်းပြုလုပ်သည့် သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ သို့ရာတွင် ဦးကျော်မြင့်အနေဖြင့် မြန်မာနိုင်ငံသို့ တရားဝင်ပြန်လာခွင့်ရရှိရေးအတွက် တရုတ်နိုင်ငံယူနန်ပြည်နယ်တွင် လာရောက်နေထိုင်ပြီး မြန်မာအာဏာပိုင်များထံ အယူခံလျှောက်ထားမှုများရှိခဲ့ကြောင်း နှင်းဆီပါတီကို ပူးတွဲတည်ထောင်သူ ဦးကျော်မိုးက Myanmar Now ကို လွန်ခဲ့သည့်လဆန်းပိုင်းက ပြောကြားထားသည်။
“နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကိစ္စက သတင်းမီဒီယာတွေမှာ ဖော်ပြပြီးတော့ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံပြီး နောက်ဆုံး ရွေးကောက်ပွဲကော်မရှင်ကနေ ဒီဟာနဲ့ပတ်သက်ပြီး စုံစမ်းစိစစ်ဖော်ထုတ်ပေးဖို့ အစိုးရကို တောင်းဆိုလာတဲ့ကိစ္စဖြစ်ပါတယ်။ ရွေးကောက်ပွဲနီးမှ လုပ်တာမဟုတ်ပါဘူး” ဟု ဦးဇော်ဌေးက ပြောသည်။
ဦးကျော်မြင့်အမှုကို သီးသန့်အဖွဲဖြင့် စစ်ဆေးဆောင်ရွက်နေပြီး တပ်မတော်အစိုးရလက်ထက်က ငြိမ်းချမ်းရေးတာဝန်ယူဆောင်ရွက်ခဲ့သည့် ထောက်လှမ်းရေးတပ်ဖွဲ့ အရာရှိကြီးများကိုလည်း စစ်ဆေးမေးမြန်းခဲ့ကြောင်း ၎င်းက ပြောသည်။
“နောက်တစ်ချက်ကတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး ငွေကြေးတွေ ဘီလျံနဲ့ချီပြီး တွေ့ပါတယ်။ သူ့ပိုင်ဆိုင်မှုကို စိစစ်လိုက်တဲ့အခါမှာ ကျပ် ၂၃ ဒသမ ၀၅ ဘီလျံ တွေ့ရတယ်။ အဲ့မှာလည်း အမေရိကန်ဒေါ်လာ တော်တော်များများ တွေ့တယ်” ဟု ဦးဇော်ဌေးက ပြောသည်။
ဦးကျော်မြင့်ကို ဖမ်းဆီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်း၌ပင် ငွေကျပ်သိန်းတစ်သောင်းကျော်ထုတ်ယူမည့် ဘဏ်ချက်လက်မှတ်တစ်ခုကို ရဲတပ်ဖွဲ့က အချိန်မီသိမ်းဆည်းနိုင်ခဲ့ပြီး အဆိုပါငွေကြေးများနှင့် ပတ်သက်၍ လည်ပတ်မှု၊ ငွေလွှဲပြောင်းမှုများကို ဗဟိုဘဏ်က စိစစ်နေသည်ဟုလည်း ၎င်းက ပြောသည်။
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ မှတ်ပုံတင်ကိစ္စနှင့် ပတ်သက်၍လည်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက စစ်ဆေးဆောင်ရွက်နေသည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။
“ဒီမှတ်ပုံတင်က ဘယ်သူ့မှတ်ပုံတင်လဲ။ ဘယ်သူ့နံပါတ်လဲ။ အဲနံပါတ်ကို ဘယ်သူကထုတ်ပေးတာလဲ။ နောက် ရွေးကောက်ပွဲကော်မရှင်ကို ပါတီဥက္ကဋ္ဌအနေနဲ့ ပြောင်းလိုက်တဲ့ဟာကို ပြည်ထဲရေးကို ဘယ်လိုသဘောထားပေးထားတယ်။ ဒါတွေ အကုန်စိစစ်နေပါတယ်။ ဆိုတော့ စိစစ်ဆဲလို့ ပြောပါရစေ” ဟု ၎င်းက ပြောသည်။
အထက်ပါ ကနဦးစိစစ်ဖော်ထုတ်ချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ထားပြီးဖြစ်သော်လည်း နှင်းဆီပါတီရပ်တည်ခွင့်နှင့် ပတ်သက်၍ မည်သို့ဆုံးဖြတ်မည်ကိုမူ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
ထောင်ပြေးမှု ပုဒ် ၂၂၄ ဖြင့် ဖမ်းဆီးပြီးနောက် မန္တလေးအိုးဘိုထောင်၌ ထိန်းသိမ်းထားရှိပြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးက စစ်ဆေးလျက်ရှိရာ အောက်တိုဘာ ၈ ဒုတိယအကြိမ် တရားရုံးစစ်ဆေးချိန်အထိ မည်သည့်တရားလိုပြသက်သေကိုမျှ စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောကြားခဲ့သည်။

တရားရုံးက ဆင့်ခေါ်ထားသည့် သက်သေ ၁၀ ဦးရှိပြီး ၁၉၉၉ ခုနှစ်က တာဝန်ထမ်းဆောင်ခဲ့သော ရဲဝန်ထမ်း၊ ထောင်ဝန်ထမ်းများနှင့် ယခုလက်ရှိ တာဝန်ထမ်းဆောင်နေသော ရဲနှင့် ထောင်ဝန်ထမ်းများဖြစ်ကာ ၎င်းတို့၏ လုံခြုံရေးအရ နာမည်ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိကြောင်းလည်း တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ပုဒ်မနှစ်ခုဖြင့် ထောင် ၉ နှစ် ချမှတ်ခံခဲ့ရပြီး ၁၉၉၉ ခုနှစ် ဇန်နဝါရီတွင် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးသွားခဲ့သူဖြစ်သည်။ ၎င်းထွက်ပြေးစဉ်က မန္တလေး ချမ်းအေးသာစံမြို့နယ် အမှတ်(၈) ရဲစခန်းမှူး ရဲအုပ်သိန်းဌေးက တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ပြီး အဆိုပါအမှုနှင့် ပတ်သက်သည့် တရားလိုသက်သေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။
ဦးကျော်မြင့်ကို စက်တင်ဘာ ၂၉ ရက်ညပိုင်းတွင် ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာရှိ နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၂၄ နာရီအတွင်း မန္တလေးအိုးဘိုထောင်ကို ပို့ဆောင်ခဲ့သည်။
၎င်းသည် ထောင်ပြေးမှုအပြင် ပြစ်မှုကြွေးကျန်များပါ နှစ်ရှည်ကျခံရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးရဲရင့်နိုင်က Myanmar Now ကို ပြောကြားထားသည်။
ထောင်ပြေးရာဇဝင်ရှိသည့်အတွက် ဦးကျော်မြင့်ကို မန္တလေးအိုးဘိုထောင်အတွင်း လုံခြုံရေးတင်းကျပ်စွာဖြင့် ထိန်းသိမ်းထားရှိပြီး ထောင်ပြေးမှုဖြစ်သည့်အတွက် ဦးကျော်မြင့်အနေဖြင့် မည်သည့်လျှော့ရက်မျှ ခံစားခွင့်ရှိမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။
အသက် ၆၉ နှစ်အရွယ် ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွားဟူ (ခ) ဟူးဟွား (ခ) ဇခုန်ဇုန်းဆောင် ဦးစီးလုပ်ကိုင်ခဲ့သော မြန်မာကျုံယွမ်ကုမ္ပဏီကို စစ်အစိုးရအာဏာပိုင်များက တရားမဝင်အဖွဲ့အဖြစ် ကြေညာပြီး ဦးကျော်မြင့်ကိုလည်း ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁ တွင် ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့သည်။
ဦးကျော်မြင့်သည် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ပြီးနောက် အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် ခိုလှုံနေထိုင်ခဲ့သည်။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ကနေဒါနိုင်ငံ၌ ၂၀၀၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တည်ထောင်ခွင့်လျှောက်ထားခဲ့သည်။
UDP ပါတီကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ မေလ ၂၆ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ခွင့်ပြုပါတီအမှတ်စဉ် ၁၆ ဖြစ်သည်။
ဦးကျော်မြင့်သည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၎င်း၏ နှင်းဆီပါတီမှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။
၂၀၂၀ရွေးကောက်ပွဲတွင် ဦးကျော်မြင့်၏ UDP ပါတီသည် မဲဆန္ဒနယ်ပေါင်း ၁,၁၃၀ ကျော်တွင် ဝင်ရောက်ယှဉ်မည်ဖြစ်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြီးနောက် မဲဆန္ဒနယ် ဒုတိယအများဆုံးဝင်ပြိုင်မည့် နိုင်ငံရေးပါတီဖြစ်သည်။