သတင်း

တရုတ်နယ်စပ် မူဆယ် ကုန်သွယ်ရေးဇုန် ဗုံးကြဲခံရပြန်၊ အရပ်သားတစ်ဦး သေဆုံး

ရှမ်းပြည်နယ်၊ မူဆယ်မြို့ကို လေတပ်က တိုက်ခိုက်စဉ် သေဆုံးသူမှာ အသက် ၆၀ ဝန်းကျင် ဦးထွန်းဝေဖြစ်ပြီး ဇနီးသည်လည်း ဦးခေါင်းတွင် ဒဏ်ရာရ ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တိုက်ပွဲပြင်းထန်နေပြီး အဝင်အထွက်ပိတ်ဆို့ထားသည့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်ရှိရာ မူဆယ် ၁၀၅ မိုင်ကို ယမန်နေ့(ဒီဇင်ဘာ ၁၀) နံနက်ပိုင်းတွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲပြန်သဖြင့် အရပ်သားတစ်ဦးထပ်မံသေဆုံး၍ တစ်ဦး ဒဏ်ရာရကြောင်း စုံစမ်းသိရှိရသည်။

သေဆုံးသူမှာ အသက် ၆၀ ဝန်းကျင် ဦးထွန်းဝေဖြစ်ပြီး ဇနီးသည်လည်း ဦးခေါင်းတွင် ဒဏ်ရာအနည်းငယ် ရခဲ့ကြောင်း မူဆယ်မြို့ အခြေစိုက်သည့် လူမှုကူညီရေးအသင်းအဖွဲ့ တစ်ခု၏ တာဝန်ရှိ အမျိုးသားတစ်ဦးက ပြောသည်။  

“သူတို့အိမ်ကားတွေနဲ့ (သေဆုံး၊ ဒဏ်ရာရသူတွေကို သယ်ပြီး) မူဆယ်ဘက်ကိုဆင်းလာတော့ မူဆယ်မြို့အဝင်မှာတွေ့တာပေါ့။ တွေ့တော့ ဆေးရုံကိုပို့ပေးလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။

ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” အစိတ်အပိုင်းအဖြစ် နိုဝင်ဘာ ၂၆ ရက်မှစတင်၍ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ်၊ လက်နက်ကြီးများဖြင့် အပြင်းအထန်တုံ့ပြန်နေခြင်းဖြစ်သည်။

လက်ရှိတွင် မူဆယ်မြို့ အရှေ့ဘက် ၆ မိုင်ခန့် အကွာမှ ၁၀၅ ကုန်သွယ်ရေးဇုန်ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရန် မဟာမိတ်များဘက်က တိုက်ခိုက်နေသည်။

၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ရက်နောက်ပိုင်းမှစ၍ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် စစ်ကောင်စီ၏ ဗုံး၊ လက်နက်ကြီးတို့ကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်သည်။

မူဆယ်မြို့ခံအမျိုးသားတစ်ဦးကလည်း ၁၀၅ မိုင်တွင် အင်တာနက်နှင့် ဖုန်းလိုင်းများဖြတ်ထားကာ ကူညီကယ်ဆယ်ရေးအဖွဲ့များကို ဝင်ရောက်ခွင့်ပိတ်ထား၍ စစ်ရှောင်လိုသူနှင့် ထိခိုက်ဒဏ်ရာရသူတို့ကို မကူနိုင်သလို သေဆုံးနေသည့် ရုပ်အလောင်းများကို မကောက်ယူနိုင်သေးကြောင်း ပြောသည်။

“ပစ်ခတ်မှုတွေက နေ့စဉ်တော့ဖြစ်နေတယ်။ မနေ့ညပိုင်းကလည်း လေယာဉ်နဲ့ပစ်တယ်။ ညနက်ပိုင်း ဆိုတော့ ဘယ်နား ပစ်လဲဆိုတာတော့မသိဘူး။ အသံတွေတော့ အကျယ်ကြီး ကြားရတယ်။ တော်တော် ကျယ်တယ်။ မနေ့ညက ၁၁ နာရီခွဲလောက်ပေါ့။ မြေကြီးတွေတောင် တုန်ခါသွားတာလေ” ဟု မူဆယ် မြို့ခံက ဆိုသည်။

စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်မှလွဲ၍ မူဆယ်မြို့ပေါ်တွင်  ပုံမှန်အသွားအလာရှိ ကြောင်း၊ မြို့အနီးတွင် တော်လှန်ရေးအဖွဲ့က ဒရုန်းများဖြင့် ဖြန့်ကျက်တိုက်ခိုက်သလို စစ်ကောင်စီကလည်း လေကြောင်းနှင့် လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်နေကြောင်း၊ မြို့အနီး နှစ်ဖက် လက်နက်ကိုင်များ ရင်ဆိုင်တိုက်ပွဲမရှိသလောက်ဖြစ်ကြောင်း ထိုသူက ဆက်ပြောသည်။

အရပ်သားထိခိုက်သေဆုံးမှုနှင့် အိုးအိမ်ပျက်စီးမှုအများစုသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်အခြေစိုက်စခန်းများစွာလက်လွှတ်ပေးနေရသည့် စစ်ကောင်စီသည် အရပ်သားပစ်မှတ်များကို ရှောင်ရှားခြင်းမရှိကြောင်း သူက ဆိုသည်။ 

“တိုက်ပွဲကတော့ ဆက်ပြီးမှ ပြင်းထန်နေတုန်းပဲ။ မူဆယ် နမ့်ခမ်းဘက်မှာဆိုရင်လည်း နေ့တိုင်းလိုလို  တိုက်လေယာဉ်တွေ လာဝဲတာရှိတယ်။ ညတိုင်းနီးပါးလေယာဉ်နဲ့လာပြီး ဗုံးကြဲတယ်။ လူထုတွေက ရွာထဲ ဗုံးကြဲမှာကြောက်လို့ လက်ဖက်ခြံထဲထွက်ပြေးရတယ်။ နောက်ပိုင်းမှာ လက်ဖက်ခြံထဲထိ ဗုံးကြဲတိုက်ခိုက် တာတွေရှိတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးစတင်သည့် တစ်လခွဲအတွင်း ကုန်သွယ်ရေးအချက်ချာကျသည့် မူဆယ်အပါဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်ပေါင်း ၁၈ ခုတွင် အရပ်သား ၁၀၄ ဦးထက်မနည်းသေဆုံးပြီး ၁၇၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း ပြုစုထားသောစာရင်းများကိုကိုးကား၍ ၎င်းက ဒီဇင်ဘာ ၈ တွင် ပြောသည်။

မူဆယ်မြို့အနီး တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက နေ့စဉ် သတင်းထုတ်ပြန်သော်လည်း အရပ်သားထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ ဖော်ပြခြင်းမရှိပေ။ 

တိုက်ခိုက်နေသည့် ရန်သူရှိလျှင် အရပ်သားပစ်မှတ်ကိုလည်း ပစ်ခတ်ရမည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button