သတင်း

စက်သုံးဆီပြတ်လပ်မှု တစ်နေ့တခြား ဆိုးရွားလာ

နိုင်ငံခြားသုံးငွေ ရှားပါးပြတ်လပ်လာခြင်းကြောင့် ဒေါ်လာဖြင့် ဝယ်ယူရသည့် စက်သုံးဆီကို လုံလောက်စွာ တင်သွင်းဖြန့်ဖြူးပေးနိုင်ခြင်းမရှိသဖြင့် မြို့ကြီးများအပါဝင် နိုင်ငံအနှံ့ စက်သုံးဆီရှားပါးပြတ်လပ်မှု တစ်နေ့တခြား ဆိုးရွားလာနေသည်။

ဆီထုတ်ပေးမှုလျှော့ချလိုက်ခြင်းကြောင့် လက်လီအရောင်းဆိုင်အများအပြား ဆီပြတ်လပ်သွားပြီး ပိတ်ထားရသည်၊ Max, Denko, မြတ်မေတ္တာမွန်နှင့် ဆီဆိုင်ကြီးတချို့တွင် ကားတန်းရှည်ကြီးများ ဖြစ်သည်အထိ စောင့်ဆိုင်းဝယ်နေရသည်ဟု ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ခံများက Myanmar Now ကို ပြောသည်။

ယခုလဆန်းမှစ၍ ဆီပြတ်လပ်မှုဆိုးရွားလာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၇ နှင့် ၈ တွင်မူ ရန်ကုန်ရှိ ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းဝယ်ယူခဲ့ရကြောင်း မော်တော်ယာဉ်မောင်းတစ်ဦးက ပြောသည်။

“မနေ့က သုဝဏ္ဏကျောင်းရှေ့က Max ဆီဆိုင်တန်းစီတာ သာကေတကျောက်တိုင်အထိ ရောက်တယ်။ နေရာတိုင်းမှာ ကားတန်းအရှည်ကြီးပဲ။ ဒီဇယ်လည်း ပြတ်လို့ မီးစက်ချွေမောင်းရတယ်။ ဂက်စ်လည်း ပြတ်နေပြီ။ မီးကလည်း နှစ်နာရီတစ်ခါ မလာ။ ပျက်ရင် အကြာကြီး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ ရန်ကုန်မြို့ခံက ပြောသည်။

“ဒီနေ့မနက် ၅ နာရီ အာယုဆေးရုံဘေးကဆိုင် တန်းစီတာ စက်ဆန်းငံပြာရည်စက်ရုံအထိ ရောက်တယ်”

ရန်ကုန် တာမွေမြို့နယ်ထဲမှ အဆိုပါဆေးရုံနှင့် ငံပြာရည်စက်ရုံတို့သည် မိနစ် ၂၀ ခန့် လမ်းလျှောက်ရသည့် အကွာအဝေးတွင်ရှိသည်။

ဆီပြတ်လပ်မှုသည် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အထိ ရိုက်ခတ်နေပြီး အကန့်အသတ်ဖြင့်ရသည့် ဆီကို လက်လီဆိုင်များက မလောက်မင ဖြန့်ဖြူးပေးရကာ ဆိုင်များ ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေကြောင်း နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

“မနက်ကဆို စည်ပင်ဧည့်ရိပ်သာရှေ့မှာ ဦးပိုင်ဆိုင်မှာ ၇ နာရီမှာ စရောင်းတယ်။ ၈ နာရီခွဲလောက်ကျတော့ ဆီကုန်သွားတယ်။ ရာနဲ့ချီပြီး တန်းစီနေတဲ့ အတန်းကြီးက မရလိုက်ဘူး၊ ပြန်ရတာပေါ့။ တော်တော်ဒုက္ခရောက်တယ်။ ပေးတော့လည်း အကန့်အသတ်နဲ့ပဲ” ဟု သူက ဆက်ပြောသည်။

ဆီထည့်ရန် မနက်ဝေလီဝေလင်းကတည်းက ကားအစီးရေ ရာနှင့်ချီ တန်းစီ စောင့်ဆိုင်းရသည်၊ ကံကောင်း၍ ဝယ်ယူခွင့်ရသူများမှာလည်း လိုသလောက် မရဘဲ ကားတစ်စီး ၃၅၀၀၀၊ သုံးဘီးတစ်စီး ၁၀,၀၀၀ နှင့် ဆိုင်ကယ်တစ်စီး ၅,၀၀၀ ကျပ်ဖိုးသာ ရရှိကြောင်း ၎င်းက ဆိုသည်။

လက်လီဆိုင်များတွင် ဓာတ်ဆီတစ်လီတာ ၂,၅၀၀ ကျော် ဈေးရှိပြီး တန်းမစီလို၍ မှောင်ခိုဈေးကွက်တွင် ဝယ်ယူပါက တစ်လီတာ ၅,၀၀၀ ကျပ်မှ ၇,၀၀၀ ကျပ်အထိ ပေးရသည်ဟု ၎င်းက ဆက်ပြောသည်။

“လူတွေအကုန်လုံးက ပေါက်ကွဲချင်နေကြတာ။ ဒါပေမဲ့ ပေါက်ကွဲလို့မှ မရတာ။ စိတ်ထဲမှာတော့ မကျေနပ်ကြဘူး။ တိုင်းပြည်က ပျက်သွားပြီလို့ကို ဖြစ်နေတာ။ ဘယ်ကျေနပ်မလဲ”

မန္တလေးမြို့တွင်လည်း လောင်စာဆီဆိုင်အများအပြား ပိတ်ထားကာ BOC နှင့် ဆီဆိုင်တချို့တွင် ခက်ခက်ခဲခဲ စောင့်ဆိုင်းဝယ်နေရသည်ဟု မန္တလေးမြို့မှ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေါ်လာအကျပ်အတည်းကြောင့် ဆီရှားပါးလာချိန် ဆီတင်သင်္ဘောများဆိုက်ကပ်သည့် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းတွင် ဆီလက်ကားထုတ်ပေးသည့် စနစ်ကို ပြောင်းလဲလိုက်ကြောင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။

“ကုမ္ပဏီကြီးတွေက အမြတ်ရချင်လို့ အရင်တုန်းက လိုက်ခေါ်ပြီး ရောင်းနေကြတာပဲ။ အခုကျတော့ နည်းနည်းလေးထိန်းချုပ်မှုတွေရှိတော့ အမြတ်အစွန်းလည်း သင့်တော်သလောက်မရတော့ ထိန်းတာထင်ပါတယ်။ သူတို့ပေးတဲ့နှုန်းက အခုနေရောင်းအားဆိုရင် တစ်နာရီ နှစ်နာရီရောင်းရင်ကို ကုန်သွားမှာလေ။ ပန့်နဲ့ ထွက်လိုက်ရင် ဝေါဆိုသွားတာ” ဟု သူက ဆိုသည်။

ထို့ကြောင့် သူ၏ ဆိုင်အပါအဝင် ဆိုင်အားလုံးနီးပါး ဆီပြတ်လပ်နေသည်၊ ဆီကုမ္ပဏီဆိုင်ကြီးတချို့တွင် ဆီဝင်လာ၍ ရောင်းချလျှင်လည်း အချိန်တိုအတွင်း ကုန်သွားကြောင်း သူက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ဆီပြတ်လပ်မှု မကြာခဏရှိခဲ့ပြီး ယခင်က ဆီဆိုင်အချင်းချင်း မျှဝေရောင်းချနိုင်သော်လည်း ယခုအခါ အားလုံးနီးပါး ပြတ်ကုန်၍ မျှရောင်းရန် မဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။

“အခုက အနီးအနားမြို့တွေ ဘယ်မြို့မှ မရှိကြဘူး။ သူ့ဆီလည်း မျှမရဘူး။ ကိုယ့်ဆီကဟာ ကုန်ရင် ရပ်ရုံပဲ။ ကြိုက်တဲ့နေရာ သွားရှာတော့ပေါ့။ ကုမ္ပဏီတွေ ဘာတွေလည်း တစ်ခါတလေ နည်းနည်းပါးပါး ဝင်လာတယ်။ ဝင်လာပြီးရင် ဝိုင်းဝယ်ကြတာနဲ့ ကုန်သွားတာပဲ၊ မကြာဘူး”

အာဏာသိမ်းပြီးနောက် ပို့ကုန်ရငွေနှင့် အမေရိကန်ဒေါ်လာ ရ‌ပေါက်ရလမ်းများအားလုံးကို စစ်ကောင်စီက ထိန်းချုပ်လိုက်ကာ ပြည်ပမှ အဓိကတင်သွင်းသည့် စက်သုံးဆီနှင့် စားသုံးဆီနှစ်မျိုးအတွက် လိုအပ်သည့် ဒေါ်လာငွေထက်ဝက်ခန့်ကို ဦးစားပေးအနေဖြင့် ဒေါ်လာရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ဓာတ်ဆီတင်သွင်းမှုတန်ဖိုး၏ ၄၀ ရာခိုင်နှုန်း၊ ဒီဇယ်တင်သွင်းမှု၏ ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ်၊ ကျန်တစ်ဝက်ကို ဈေးကွက်ပေါက်ဈေးဖြင့် သတ်မှတ်ရောင်းချပေး၍ ဆီဈေးနှုန်းကိုလည်း သတ်မှတ်ဈေးဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ဒေါ်လာအကျပ်အတည်းဖြစ်လာချိန်တွင် စက်သုံးဆီအတွက် လျှော့ဈေးဖြင့် ဒေါ်လာရောင်းပေးခြင်းနှင့် ဒေါ်လာရည်ညွှန်းဈေးသတ်မှတ်ခြင်းကိုလည်း ရပ်ဆိုင်းကြောင်း ယခုလအတွင်း ကြေညာခဲ့သည်။

စက်သုံးဆီလုံလောက်မှုရှိကြောင်း အစဉ်တစိုက်ပြောဆိုနေသည့် စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းသည်ပင် ဒေါ်လာမူဝါဒအပြောင်းလဲကြောင့် စက်သုံးဆီဈေးကွက်ကို ရိုက်ခတ်နိုင်သည်ဟု ဆိုထားသည်။

Show More

Related Articles

Back to top button