
မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွင် ခေါင်းမာသော ခေါင်းဆောင်တစ်ဦးဟု သမုတ်ခြင်းခံခဲ့ရသူ ဦးအောင်သောင်းကွယ်လွန်ပြီးနောက် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အညာမြို့နယ်လေး တောင်သာသည် အထွေထွေရွေးကောက်ပွဲတွင် တစ်ကျော့ပြန် ဆန္ဒမဲပေးရန် အသင့်ရှိနေပြီဖြစ်သည်။
တောင်သာမြို့နယ်သည် တစ်ချိန်က နာမည်ကျော်ကြားခဲ့သူ ဦးအောင်သောင်း၏ ဇာတိချက်မြှုပ်ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဘူမိနက်သန် နယ်မြေတစ်ခုလည်းဖြစ်သည်။ တောင်သာနှင့် ဦးအောင်သောင်း ခွဲမရသကဲ့သို့ တောင်သာသည် ပြည်ခိုင်ဖြိုးပါတီ၏ အမာခံနယ်မြေလည်း ဖြစ်ခဲ့ဖူးသည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဦးအောင်သောင်းကွယ်လွန်ခဲ့ပြီး ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီလည်း တောင်သာမြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အပြတ်အသတ်အရေးနိမ့်ခဲ့သည်။
မကြာမီတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ဆန္ဒမဲပေးရတော့မည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအတွက် ရှုံးကြွေးပြန်ဆပ်နိုင်မည့် အခွင့်အရေးရှိနေပြီး NLD ပါတီအနေဖြင့်လည်း နှစ်ကြိမ်ဆက်အောင်ပွဲခံနိုင်မည့် အခွင့်အလမ်းရှိနေသည်။
တစ်ချိန်က ဦးအောင်းသောင်း ဩဇာအာဏာသက်ရောက်ခဲ့သည့် တောင်သာမြို့နယ်သည် နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်များအနက် စိတ်လှုပ်ရှားစရာ မဲဆန္ဒနယ်တစ်ခုဖြစ်သည်။
အတိတ်နှင့် ပစ္စုပ္ပန်ကြားက ဦးအောင်သောင်းနယ်

ထန်းလျက်နှင့် ကြက်သွန်သီးနှံ အဓိကထွက်ရှိသည့် တောင်သာမြို့နယ်သည် ဦးအောင်သောင်းနှင့်ယှဉ်တွဲ၍ လူသိများသည်။ ဦးအောင်သောင်းသည် ပြည်ခိုင်ဖြိုးပါတီဝင်များအပေါ် ဩဇာလွှမ်းနိုင်သည့် ပါတီထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။
တောင်သာမြို့နယ် ကျောက္ကာရွာဇာတိသားဖြစ်သူ ဦးအောင်သောင်းသည် တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့နှင့် ရင်းနှီးပြီး တပ်မတော်အသိုင်းအဝိုင်းတွင် ဩဇာတိက္ကမကြီးသူဟုလည်း ဆိုစမှတ်ပြုကြသည်။
ဦးအောင်သောင်းသည် စစ်အစိုးရလက်ထက်တွင် ကုန်သွယ်ရေးဒုဝန်ကြီး၊ မွေးမြူရေးဝန်ကြီးနှင့် စက်မှု(၁) ဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့သည်။
ဒီပဲယင်းတိုက်ခိုက်မှုတွင် နောက်ကွယ်က ကြိုးကိုင်သူဟု စွပ်စွဲခံရဖူးပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုကို ထိခိုက်အောင်ကြိုးစားသည်ဟုဆိုကာ ၂၀၁၄ တွင် အမေရိကန်အစိုးရက အမည်ပျက်စာရင်းသွင်းကာ စီးပွားရေးအရအရေးယူ ပိတ်ပင်ခံခဲ့ရသည်။
သို့သော် ဝန်ကြီးဟောင်း ဦးအောင်သောင်းသည် ဒေသအပေါ်အကျိုးပြုမှုနှင့် ပုဂ္ဂိုလ်ရေးသံယောဇဉ်ကြောင့် တောင်သာတွင် လူထုထောက်ခံမှုအားကောင်းခဲ့ကြောင်း မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က ဆိုသည်။
“အရင်တုန်းက ဝန်ကြီးက မြို့နယ်အတွက် သံယောဇဉ်ရှိတော့ တင်ပြတာလေးတွေရှိရင် သူကလည်း တတ်နိုင်သလောက် လှူတာပြုတာတွေ အရင်တုန်းက ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့အပေါ်မှာ သံယောဇဉ်ရှိကြတယ်။ ဒါကြောင့် ချစ်ကြခင်ကြတယ်ဆိုတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဦးအောင်သောင်းသည် တောင်သာမဲဆန္ဒနယ်၌ အနိုင်ရပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဇူလိုင်တွင် ဦးအောင်သောင်းသည် ဦးနှောက်သွေးကြောပေါက်ပြီး စင်ကာပူနိုင်ငံ၌ ဆေးကုသမှုခံယူစဉ် ကွယ်လွန်ခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ရှုံးနိမ့်ရသည်မှာ ဦးအောင်သောင်း ဆုံးပါးခဲ့ခြင်းကြောင့်ဖြစ်သည်ဟူသော ယူဆချက်များပင် ထွက်ပေါ်ခဲ့သည်။
နိုင်ငံရေးစနစ်ပြောင်းလဲလာမှုနှင့် တောင်သာမြို့နယ် လူထု၏ နိုင်ငံရေးအသိအမြင် ရေချိန်မြင့်မားလာမှုကြောင့် ဦးအောင်သောင်း၏ လွှမ်းမိုးမှု မှေးမှိန်လာသည်ဟု ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုကာ တောင်သာမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝိုင်းချစ်အောင်က ဆိုသည်။
ဦးဝိုင်းချစ်အောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးတင့်ဝေကို မဲပေါင်း ၂၀,၀၀၀ နီးပါး ကွာခြားချက်ဖြင့် အနိုင်ရရှိခဲ့သည့် တောင်သာမြို့နယ်မှ အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။
“လောင်းရိပ်တစ်ခုကြောင့် တောင်သာဆိုပြီး နာမည်က တစ်မျိုးတစ်ဖုံ ဖြစ်နေပေမယ့်၊ အမြင်တစ်ခုလွဲနေပေမယ့် ၂၀၁၅ တုန်းကလည်း ပြည်သူလူထုရဲ့ ဝန်းရံထောက်ခံအားပေးမှုက အားရစရာကောင်းတယ်။ ကျေနပ်တယ်။ အဲ့အတွက်လည်း လေးစားတန်ဖိုးထားတယ်” ဟု ဦးဝိုင်းချစ်အောင်က ဆိုသည်။
တစ်ချိန်က အစိုးရအကြီးအကဲများနှင့် လောင်းရိပ်မကင်းသည့် ကျေးရွာများ၊ ပတ်သက်ဆက်နွှယ်သူများလည်း ရှိနေဆဲဖြစ်သော်လည်း အရေအတွက်နည်းပါးသည်ဟုလည်း ၎င်းကဆိုသည်။
လွတ်လပ်ပွင့်လင်းခါစဖြစ်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တောင်သာလူထုသည် NLD ပါတီကို အားပေးထောက်ခံခဲ့ကြပြီး လာမည့်ရွေးကောက်ပွဲတွင် ထောက်ခံမှုပိုများလာမည်ဖြစ်ကြောင်း ဦးဝိုင်းချစ်အောင်က ယုံကြည်ထားသည်။
၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်းက NLD ကိုယ်စားလှယ်လောင်းများကို နှုတ်ဆက်စကားပင် မပြောရဲသည့် အခြေအနေရှိခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
ရေဒီယိုမှ သတင်းများပင် နားမထောင်ရဲသည့် အခြေအနေမှ လွှတ်လပ်ပွင့်လင်းလာချိန်တွင် နှစ်သက်ရာပါတီကို ပွင့်လင်းစွာထောက်ခံလာကြပြီဟု တောင်သာမြို့ရှိ ချစ်ဖွေးအောင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှင် ဒေါ်အေးမြတ်ကြူက ဆိုသည်။
“ဝန်ကြီးဦးအောင်သောင်း ဩဇာသက်ရောက်ခဲ့တဲ့အချိန်တုန်းကတော့ ကြံ့ခိုင်ရေးပါတီကိုလည်း မဝင်မနေရ ပုံစံမျိုးစည်းရုံးတယ်။ လူတွေကလည်း အာဏာရှင်စနစ်အရ ခုနကပြောသလို ဆန္ဒဖော်ထုတ်ဖို့ ခဲယဉ်းတဲ့အခါ သူ့ရဲ့ ဩဇာညောင်းတယ်လို့ ထင်ရတာပေါ့” ဟု ၎င်းက ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် တောင်သာမဲဆန္ဒနယ်အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နေရာ အားလုံးတွင် NLD ပါတီက သိမ်းကျုံးအနိုင်ရခဲ့သည်။
တောင်သာမဲဆန္ဒနယ်မှ အဓိကပြိုင်ဘက်များ

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ တောင်သာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၇၇ အုပ်စုနှင့် ကျေးရွာပေါင်း၂၄၃ ရွာရှိကာ စုစုပေါင်းလူဦးရေ ၂၄၀,၀၀၀ ကျော်ရှိသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တောင်သာမြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်းနီးပါးရှိပြီး မြို့ပေါ်မဲရုံ ၁၇ ခုနှင့် ကျေးရွာမဲရုံ ၃၀၅ ခုရှိကြောင်း တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ တောင်သာမြို့နယ်တွင် တပ်မဲရုံများ မရှိပေ။
တောင်သာမြို့နယ်တွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ နှင်းဆီပါတီခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စသည့် နိုင်ငံရေးပါတီ ၅ ခုမှ ကိုယ်စားလှယ်လောင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဝင်ပြိုင်မည့် နိုင်ငံရေးပါတီ ၅ ခုရှိသော်လည်း အဓိကအားဖြင့် NLD နှင့် ပြည်ခိုင်ဖြိုးပါတီ နှစ်ခုသာ အကြိတ်အနယ်အားပြိုင်မည့်ပွဲဖြစ်ကြောင်း တောင်သာမြို့ခံများက ပြောသည်။
အဓိကပြိုင်ဘက်များအဖြစ် NLD ပါတီဘက်မှ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဒေါက်တာကြွယ်ကြွယ်၊ အမျိုးသားလွှတ်တော်အတွက် ဦးအောင်မျိုးလတ်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်နှစ်ခုတွင် ဦးဝိုင်းချစ်အောင်နှင့် ဦးကျော်မျိုးအောင်တို့ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်အတွက် ဦးသန့်ဆွေ၊ အမျိုးသားလွှတ်တော်အတွက် ဦးကျော်တင်နှင့် တိုင်းဒေသကြီးလွှတ်တော်နေရာများအတွက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် ဒေါက်တာမင်းခေါင်ကျော်တို့က ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
“တောင်သာရဲ့အခြေအနေက ယေဘုယျအားဖြင့် နိုင်မှာပါ။ ကိုဗစ်နဲ့ပတ်သက်ပြီး ပါတီကလူတွေ ကိုယ်စားလှယ်လောင်းတွေ စည်းကမ်းချိုးဖောက်လို့ ပုဒ်မတပ်ပြီး အရေးယူမခံရအောင် ကျွန်တော်တို့ ဂရုစိုက်နေရတယ်။ အဲ့ဒါမျိုးတွေ ဖြစ်လာမှာစိုးတယ်”ဟု ဒေါက်တာကြွယ်ကြွယ်က ဆိုသည်။
ဒေါက်တာကြွယ်ကြွယ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်ကို မဲအရေအတွက် ခြောက်သောင်းနီးပါးဖြင့် အပြတ်အသတ်အနိုင်ရခဲ့သူဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင်လည်း တောင်သာမြို့နယ်၌ NLD ကိုယ်စားလှယ်လောင်းလေးဦးစလုံး အောင်ပွဲခံမည်ဟု ဒေါက်တာကြွယ်ကြွယ်က ဆိုသည်။
တော်သာမြို့နယ်သည် မန္တလေး၊ မကွေး၊ စစ်ကိုင်း အစရှိသည့် တိုင်းဒေသကြီးမဲဆန္ဒနယ်များကဲ့သို့ NLD ကို ထောက်ခံအားပေးသည့် မဲဆန္ဒနယ်တစ်ခုဖြစ်ပြီး ဦးအောင်သောင်း၏ လွှမ်းမိုးမှုကြောင့် ပြည်ခိုင်ဖြိုးပါတီအပေါ် ထောက်ခံမှုသည် ဦးအောင်သောင်း၏ ဆွေမျိုးအသိုင်းအဝိုင်းကြားတွင် ရှိနိုင်ပြီး တစ်မြို့နယ်လုံးကို မလွှမ်းမိုးနိုင်တော့ကြောင်း ၎င်းကဆိုသည်။
ဒေါက်တာကြွယ်ကြွယ်နှင့် ရင်ဆိုင်ရမည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးသန့်ဆွေသည် ဦးအောင်သောင်း၏ဇာတိ ကျောက္ကာရွာသားဖြစ်ပြီး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည်ဟု mVoter အက်ပလီကေးရှင်းနှင့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် အချက်အလက်များတွင် တွေ့ရသည်။
ဦးအောင်သောင်းနှင့် အသိုင်းအဝိုင်း၏ အရှိန်ကြောင့် ပြည်ခိုင်ဖြိုးအမာခံ ကျေးရွာများရှိသကဲ့သို့ ထောက်ခံမှုအားနည်းသည့် ကျေးရွာများလည်းရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ တောင်သာမြို့နယ်ကိုယ်စားလှယ်လောင်း ဦးဝင်းမောင်က ဆိုသည်။
“အနာဂတ်ကို ခန့်မှန်းရတာဖြစ်တော့ ပြောရတာခက်တယ်။ တကယ်တမ်း အဲ့ဒီနေ့ကျမှ (ရွေးကောက်ပွဲနေ့) သူ့ထိုက်နဲ့ သူ့ကံဖြစ်မှာပဲ” ဟု ၎င်းကဆိုသည်။
လူကောင်းရွေးရန် တပ်ချုပ်မှာခဲ့သည့် တောင်သာနယ်
ရွေးကောက်ပွဲနီးကပ်လာချိန် ၂၀၂၀ ဩဂုတ် ၂၅ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တောင်သာမြို့နယ်သို့ သွားရောက်ခဲ့ပြီး လမ်းဖောက်လုပ်ခြင်းအတွက် အလှူငွေများပေးအပ်ခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများကို လှူဒါန်းမှုများပြုခဲ့သည်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် တိုင်းပြည်ကောင်းအောင်ဆောင်ရွက်မည့် ကိုယ်စားလှယ်ကောင်းများကို မိမိသဘောဆန္ဒနှင့်အညီ ရွေးချယ်မဲပေးရန်နှင့် ယင်းသို့ရွေးချယ်ရာတွင် ပါတီများသည် မူဝါဒကောင်းများရှိရန် လိုအပ်ကြောင်း အဆိုပါခရီးစဉ်တွင် ဒေသခံများကို ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲနီးကပ်လာသည့်နှင့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တောင်သာမြို့နယ် အကျိုးပြုလုပ်ငန်းနှင့် အလှူအတန်းများ ရက်ရက်ရောရော လုပ်ဆောင်လာကြောင်းလည်း တောင်သာမြို့ခံများက ဆိုသည်။
မြင်းခြံ – တောင်သာကားလမ်းအနီးရှိ တောင်သာတောင်တက်လမ်း အဆင့်မြှင့်တင်ရာတွင် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်ဆွေက သိန်းရာချီ အကုန်အကျခံ ဖောက်လုပ်ပေးခဲ့ကြောင်း တောင်သာလူငယ်ဘက်စုံပဟိတအဖွဲ့ ဦးဇော်မျိုးတင့်က ဆိုသည်။ အဆိုပါတောက်တက်လမ်းကို မြို့ခံများက ကနဦးဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဦးသန့်ဆွေက အချောသပ်ခဲ့ခြင်းဖြစ်သည်။
ကျေးရွာများကို စည်းရုံးရေးဆင်းရာတွင် အလှူငွေများပေးအပ်ခြင်း၊ ကျေးရွာလမ်းများ ကွန်ကရစ်ခင်းရန် ဘိလပ်မြေအိတ်များ ရာနှင့်ချီလှူဒါန်းသည်ကို တွေ့ရကြောင်း ဦးဇော်မျိုးတင့်က ဆိုသည်။
“ပြည်ခိုင်ဖြိုးက ရွေးကောက်ပွဲကာလမို့လား မသိဘူး။ တောင်သာမှာ ငွေကို ဗုံးပေါလအော သုံးတယ်” ဟုလည်း ၎င်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် တောင်သာနယ်တွင် ပြည်ခိုင်ဖြိုးက ရှုံးနိမ့်ခဲ့သော်လည်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ အထွေအထူးမလုပ်ကြောင်း လူထုထောက်ခံမှုရရန် ပုံမှန်ကြိုးစားနေကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမင်းခေါင်ကျော်က Myanmar Now ကို ပြောသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကိုဗစ်ကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် လက်သန့်ဆေး၊ ဆပ်ပြာများကို ကျေးရွာများသို့ ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“မရှိပါဘူး ထူးထူးခြားခြားရယ်လို့။ ပုံမှန်ပဲ။ ကျွန်တော်တို့ ရတဲ့အချိန်မှာ အေးအေးဆေးဆေးဖြစ်အောင် သွားမယ်။ ကိုယ့်ထောက်ခံအားပေးသူနဲ့ကိုယ် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်မယ်။ ကြားထဲမှာ တစ်ဖက်ပါတီကို ထောက်ခံသူတွေနဲ့ ခိုက်ရန်မဖြစ်ပွားအောင် ကောင်ကောင်းမွန်မွန်သေသေချာချာ ပြောဆိုဆက်ဆံပြီးတော့ သွားပါတယ်။ ဒီလောက်ပါပဲ” ဟု ဒေါက်တာမင်းခေါင်ကျော်က ပြောသည်။
အားပြိုင်မှုကို ပြည်သူက ဆုံးဖြတ်မည်
ရွေးကောက်ပွဲ အောင်နိုင်ခြင်း၊ ကျရှုံးခြင်းသည် ဩဇာကြီးလူပုဂ္ဂိုလ်တစ်ဦး၏ ဇာတိမြေဖြစ်ခြင်းအပေါ်တွင် မူတည်မနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း (သီပေါ) က ဆိုသည်။
ဦးအောင်သောင်းနယ်မြေဖြစ်သဖြင့် ၎င်း၏ ပတ်သက်သူများအပေါ် ထောက်ခံအားပေးသူများရှိမည်ဖြစ်သည်။ သို့သော် မဲဆန္ဒရှင်အများစုသည် လယ်သမား၊ အခြေခံလူတန်းစားများဖြစ်ပြီး သမ္မတဦးသိန်းစိန်အစိုးရ ၅ နှစ်နှင့် NLD အစိုးရ ၅ နှစ် နှိုင်းယှဉ်ပါက မည်သည့်ကာလက ပိုအဆင်ပြေသည်ကို စဉ်းစားဆုံးဖြတ်ကြဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။
NLD အစိုးရလက်ထက်တွင် ပြည်သူလူထုအနေဖြင့် အားမလိုအားရဖြစ်မှုများရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီအပေါ် စိတ်လည်လာမှုအချို့ရှိလာရာ ၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ထက် ပြိုင်ဆိုင်မှုပိုပြင်းထန်မည်ဖြစ်ကြောင်းလည်း ဦးရဲထွန်း(သီပေါ) က ဆိုသည်။

တောင်သာနယ်တွင် NLD အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များအပေါ် အားမလိုအားမရဖြစ်စရာများရှိသည်မှာ မှန်ကန်သော်လည်း ထောက်ခံမှုအားကောင်းနေဆဲဖြစ်ကြောင်း တောင်သာမြို့ခံ အသက် ၄၄ နှစ်အရွယ် ဦးမော်ကြည်စိုးက ဆိုသည်။
တောင်သာမြို့နယ်တွင် နောက်ထပ်အားပြိုင်မှုရှိနေသည်မှာ ကိုယ်စားလှယ်လောင်းများသည် ဒေသခံဖြစ်ခြင်း၊ မဖြစ်ခြင်းအပေါ်တွင် စဉ်းစားမှုရှိကြောင်း တောင်သာမြို့ခံများက ဆိုသည်။
တောင်သာမြို့နယ်မှ ဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ၄ ဦးအနက် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်မျိုးအောင်တစ်ဦးတည်းသာ တောင်သာဒေသခံဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှာမူ ကိုယ်စားလှယ်လောင်း ၄ ဦးအနက် ၃ ဦးမှာ ဒေသခံများဖြစ်ကြသည်။
ဒေသခံများသည် နယ်မြေအတွေ့အကြုံပိုရှိသဖြင့် ပိုမိုအံဝင်ခွင်ကျရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဘက်က ပြောပြီး အလုပ်လုပ်ခြင်းသည်သာ ပဓာဏဖြစ်ကြောင်း NLD ကိုယ်စားလှယ်လောင်းများက ဆိုသည်။
လက်ရှိအစိုးရလက်ထက်တွင် တောင်သာနယ်၌ လျှပ်စစ်မီး၊ ကျေးလက်လမ်းများ တိုးတက်ကောင်းမွန်လာပြီး အဓိကအပြောင်းအလဲမှာ အကြောက်တရားကင်းမဲ့သော လွတ်လပ်ပွင့်လင်းမှုဖြစ်သည်ဟု NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကြွယ်ကြွယ်က ဆိုသည်။
“နိုင်ငံရေးလေဗျာ။ တိကျတဲ့အဖြေက နိုဝင်ဘာ ၈ ရက်နေ့မှ ရမှာလေ။ ပြောရဆိုရတာ ခက်ပါတယ်။ တစ်ခါတလေ ကိုယ့်ဘက်ထောက်ခံတဲ့ပုံစံပြပေမဲ့လဲ သူတို့စိတ်ထဲမှာ တစ်မျိုးဖြစ်တာမျိုးဗျ” ဟု ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမင်းခေါင်ကျော်က ဆိုသည်။