
နိုင်ငံအနှံ့အပြားတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများပြင်းထန်နေချိန် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်သည့် အပတ်စဉ် (၆၅) စစ်တက္ကသိုလ်ကျောင်းဆင်းပွဲကို ပြင်ဦးလွင်မြို့တွင် ခိုးကြောင်ခိုးဝှက်ကျင်းပခဲ့သည်။
အာဏာသိမ်းစစ်တပ်က စစ်တက္ကသိုလ်ကျောင်းဆင်းပွဲကို လျှို့ဝှက်ပြီးလုပ်သွားခြင်းဖြစ်သည်ကို CDM စစ်တပ်အရာရှိတစ်ဦး၊ ပြင်ဦးလွင်ရှိ သတင်းရင်းမြစ်နှင့် စစ်ကောင်စီထုတ်ပြန်ချက်များအရ သိရသည်။
စစ်ခေါင်းဆောင် တက်ရောက်မိန့်ခွန်းပြောကြားသည့် စစ်တက္ကသိုလ်အပတ်စဉ် (၆၅) သင်တန်းဆင်းပွဲကို စစ်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၈) နံနက်ပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သော်လည်း အမှန်တကယ်မှာမူ ဒီဇင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား၏ ယနေ့နံနက်ပိုင်း ထုတ်လွှင့်ချက်ထဲတွင် ပြင်ဦးလွင် (ခ) မေမြို့တွင် ပြုလုပ်သည့် စစ်တက္ကသိုလ်အပတ်စဉ် (၆၅) သင်တန်းဆင်းပွဲကို ယနေ့ကျင်းပပြုလုပ်သယောင် အစီအစဉ်တင်ဆက်သူက ကြေညာခဲ့သည်။
သို့သော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဆိုက်ထုတ်ပြန်ချက်အရ ထိုအခမ်းအနားမှာ လွန်ခဲ့သည့် စနေနေ့ (ဒီဇင်ဘာ ၂) က ဖြစ်သည်။ သတင်းထုတ်ပြန်ချက်တွင် “ဒီဇင်ဘာ ၂” ဟု အတိအကျဖော်ပြထားသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီး လအနည်းငယ်အတွင်း စစ်တပ်ကို စွန့်ခွာလာသူ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးက အပတ်စဉ် (၆၅) ဗိုလ်သင်တန်းဆင်းပွဲသည် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ပြုလုပ်ခြင်းဖြစ်သည်ဟု ပြင်ဦးလွင်ရှိ သတင်းရင်းမြစ်ကို ကိုးကား၍ ပြောကြားသည်။
“ဒီသင်တန်းဆင်းပွဲက ဒီကနေ့ သောကြာနေ့ ၈ ရက်နေ့မှာ လုပ်သွားတာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့မှာ လုပ်သွားတယ်လို့ သိရတယ်။ အခုလက်ရှိလည်း ပြင်ဦးလွင်မှာ မင်းအောင်လှိုင် မရှိဘူး။ ကျောင်းဆင်းပွဲကို ခိုးပြီးတော့ လုပ်တယ်။ ပြီးကာမှ တိုက်ရိုက် Live လွှင့်တယ်ဆိုပြီးမှ လုပ်ထားတာ” ဟု စစ်မှုထမ်းသက် နှစ် ၂၀ ခန့်ရှိ CDM တပ်အရာရှိ ဗိုလ်ကြီးဇင်ယော်က ပြောသည်။
နည်းပညာအရ ရိုက်ကူးထားပြီးသား ရုပ်သံဖိုင် (Recorded Live) ကို လက်ရှိဖြစ်ပေါ်နေသည့်ဟန် တိုက်ရိုက်ထုတ်လွှင့်နိုင်သည်။
ထို့ပြင် သင်တန်းဆင်းပွဲတွင် ဆုရဗိုလ်လောင်းများ၏ မိဘများကိုသာ အခမ်းအနားသို့ တက်ရောက်စေပြီး အခြားသော ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများကို ဖိတ်ကြားခြင်းမရှိဟု တက်ရောက်ခွင့်မရသည့် ဗိုလ်လောင်းတစ်ဦး၏ မိဘကို ကိုးကား၍ အထက်ပါ CDM တပ်အရာရှိက ဆက်ပြောသည်။
ပြင်ဦးလွင်မြို့တွင် နေထိုင်သည့် Myanmar Now ၏ သတင်းရင်းမြစ်ကလည်း ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်တွင် မိုးဖွဲဖွဲရွာနေသည်ဟု ပြောသည်။ သို့သော် စစ်တပ်၏ ဗိုလ်သင်တန်းဆင်းပွဲ တိုက်ရိုက်ထုတ်လွှင့်ချက်တွင် မိုးရွာသည့် အရိပ်အယောင်ကို မတွေ့ရပေ။
ပြင်ဦးလွင်မြို့တွင် ပြီးခဲ့သည့် တစ်ပတ်ခန့်ကတည်းက လုံခြုံရေးအထူးတင်းကျပ်ထားပြီး ယနေ့တွင်လည်း နောင်ချိုနှင့် မန္တလေးမြို့တို့မှ ပြင်ဦးလွင်မြို့တွင်းသို့ ဝင်ရောက်သည့် လမ်းကြောင်းများကို ပိတ်ထားပြီး မြို့ရှောင်လမ်းတစ်ခုကိုသာ ဖြတ်သန်းခွင့်ပေးကြောင်း၊ မြို့ရှောင်လမ်းမှတစ်ဆင့် မြို့တွင်းသို့ ဝင်ရောက်နိုင်သည့်လမ်းတိုင်းတွင် စစ်သားနှင့် ရဲများ လုံခြုံရေးချထားကြောင်း၊ စစ်တက္ကသိုလ်ရှေ့တွင်မူ စစ်သား ၇ ဦးခန့် လုံခြုံရေးချထားသည်ကို တွေ့ရကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့် မိုင် ၆၀ ကျော်သာ ကွာဝေးပြီး ကားဖြင့် သွားလျှင် ၂ နာရီကျော်ခရီးဖြင့် ရောက်နိုင်သော ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်အတွင်း စစ်တပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ NUG အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် သင်တန်းဆင်းပွဲအခမ်းအနားကို လျှို့ဝှက်စွာ ကျင်းပခဲ့ပုံရသည်။
ယနေ့ ရုပ်သံထုတ်လွှင့်မှုတွင် စစ်တက္ကသိုလ်အပတ်စဉ် (၆၅) သင်တန်းဆင်းပွဲသို့ စစ်သံမှူးများ တက်ရောက်ခဲ့သည်ကိုလည်း တွေ့ရသည်။ သို့သော် ထိုအခမ်းအနားသည် ယနေ့ကျင်းပခြင်း ဟုတ်မဟုတ်ကို အခမ်းအနားတက်ရောက်ခဲ့သူများနှင့် စစ်ကောင်စီထံ Myanmar Now က လတ်တလော မေးမြန်းနိုင်ခြင်း မရှိသေးပေ။
သင်တန်းဆင်းပွဲသို့ မင်းအောင်လှိုင်၊ သူ၏ဇနီး ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ လေချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ရေချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တပ်အရာရှိကြီးများ တက်ရောက်ကြသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် (၆၅) မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၇၄၃၊ ဗိုလ်လောင်း သူရိန်ဦး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၇၇၈၊ ဗိုလ်လောင်း ဟိန်းထက်အောင်၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၄၈၆၊ ဗိုလ်လောင်း ဇေလင်းမောင်၊ စာပေထူးချွန်ဆု (သိပ္ပံ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၄၂၅၊ ဗိုလ်လောင်း ချမ်းငြိမ်းလွင်၊ စာပေထူးချွန်ဆု (ကွန်ပျူတာ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၇၃၈၊ ဗိုလ်လောင်း ဟန်ဘုန်းမြတ်တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်ဟုလည်း ဆိုသည်။
ပုံမှန်အားဖြင့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲကို နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း အကြီးအကျယ် ကျင်းပလေ့ရှိသည်။ စစ်အာဏာသိမ်းပြီးနောက် ယခုအပတ်စဉ် (၆၅) ဗိုလ်သင်တန်းဆင်းပွဲသည် သုံးကြိမ်မြောက် ဖြစ်သည်။
၂၀၂၁ ခုနှစ်က ကျင်းပသည့် ဗိုလ်သင်တန်းဆင်းပွဲနှင့် ယှဉ်လျှင် ယခုနှစ်သင်တန်းဆင်းပွဲတွင် ဗိုလ်လောင်းအရေအတွက် သိသိသာသာလျော့နည်းသွားသည်ကို ရုပ်သံထုတ်လွှင့်မှုများထဲတွင် မြင်တွေ့ရသည်။