ဆောင်းပါး

၁၀၂၇ ထိုးစစ်အရှိန်ဖြင့် နိုင်ငံအလယ်ပိုင်းတွင် တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေ ကျယ်ပြန့်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေချိန် နိုင်ငံအနှံ့တိုက်ပွဲများ အရှိန်မြင့်လာပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း တော်လှန်ရေးအင်အားစု ထိန်းချုပ်နိုင်သည့်နယ်မြေ ပိုမိုကျယ်ပြန့်လာနေသည်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ရေးအရှိန်မြင့်တက်လာပြီး စစ်ကိုင်းတိုင်းမှ ခမ်းပတ်မြို့၊ ရွှေပြည်အေးမြို့၊ ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းတို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်လိုက်သည်။

မြန်မာပြည်အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်ရှိ နယ်စပ်မြို့များ၊ ကရင်နီပြည်နယ်ရှိ မြို့တော်လွိုင်ကော်၊ ရခိုင်ပြည်နယ် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအားစုများ၏ တစ်ပြိုင်နက် တိုက်ခိုက်ခံနေရသော စစ်ကောင်စီသည် ပင်မခြေကုပ်စခန်းကြီးများ မကျရေးကိုသာ အလေးထားပြီး ဆောင်ရွက်နေသည်။

၂၀၂၁ အာဏာမသိမ်းမီကပင် တည်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက ၎င်းတို့၏ လှုပ်ရှားဒေသများတွင် မြို့သိမ်းတိုက်ပွဲများကို အာရုံထားလာသည်။ သို့သော်လည်း မြန်မာပြည်အလယ်ပိုင်းရှိ အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာသော၊ လူသူလက်နက်အင်အားတိုးမြှင့်ရေးကို ရုန်းကန်နေရသော တော်လှန်ရေးအင်အားစုများကမူ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ဖျက်ဆီးရေး၊ နယ်မြေသစ်များကို စိမ့်ဝင်ထိုးဖောက်နိုင်ရေးနှင့် နောက်ဆုံးအဆင့်မှသာ မြို့သိမ်းတိုက်ပွဲဆိုသည်ကို ဖော်ဆောင်ရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ သို့ရာတွင် ၎င်းတို့အားလုံး တူညီသည့်အချက်မှာ စစ်ကောင်စီ၏ စစ်ရေးနှင့် စီးပွားရေးအရ ဗျူဟာကျသည့် မြို့များ၊ စခန်းများနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်ရေးဖြစ်သည်။

အောက်တိုဘာ ၂၇ တွင် အစပြုသည့် ၁၀၂၇ စစ်ဆင်ရေးအချိန်မှစ၍ စစ်ကောင်စီက စခန်း ၂၀၀ ကျော် ဆုံးရှုံးလိုက်ရပြီး တပ်ရင်းတချို့လည်း အစုလိုက်အပြုံလိုက် လက်နက်ချခဲ့သည်။ ထိုနေရာအများစုမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်သည်။

ရှမ်းမြောက်တွင်ကဲ့သို့ မြို့အများအပြားကို မသိမ်းပိုက်နိုင်သေးသော်လည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင်လည်း မကြာသေးမီ ရက်သတ္တပတ်များအတွင်း စစ်ကောင်စီ၏ နယ်မြေစိုးမိုးမှု ပိုမိုလျော့နည်းလာပြီး အုပ်ချုပ်ရေးယန္တရားမှာ ပိုမိုယိုယွင်းလာခဲ့ပြီဖြစ်သည်။

“အရင်တုန်းကတော့ ကျေးလက်တွေ မစိုးမိုးနိုင်ရင်တောင် မြို့ပေါ်တွေ ထိန်းချုပ်ထားသေးတယ်။ ဒီမြို့ပေါ်တွေ ထိန်းချုပ်ထားတဲ့ဟာတွေမှာလည်း ခုက မြို့တွေက တစ်မြို့ပြီးတစ်မြို့ ကျလာတယ်။ ဒီလိုမျိုး မြို့တွေကျလာတဲ့အတွက် သူတို့တွေအတွက်ကတော့ အုပ်ချုပ်မှု ဆက်သွယ်ရေးလုပ်တဲ့ လမ်းကြောင်းတွေကိုလည်း တဖြည်းဖြည်း ဆုံးရှုံးလာမယ်” ဟု စစ်တပ်ကို စွန့်ခွာပြီး CDM ဝင်ထားသူ ဗိုလ်ကြီးကောင်းသူဝင်းက မှတ်ချက်ပြုသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ဆင်း ဗိုလ်ကြီးကောင်းသူဝင်းသည် မုံရွာမြို့တွင် ကြားစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာလကုန်ပိုင်းတွင် စစ်တပ်ကို စွန့်ခွာပြီး ကာကွယ်ရေးအဖွဲ့များထံ ပူးပေါင်းလာသူဖြစ်သည်။

ပြောက်ကျားစစ်မှသည် မြို့သိမ်းတိုက်ပွဲများဆီသို့

၂၀၂၁ နှစ်ဆန်းပိုင်း စစ်တပ်အာဏာသိမ်းစဉ် ဆန့်ကျင်ဆန္ဒပြသူများကို စစ်တပ်က ပစ်သတ်ရာမှ ထောင်သောင်းချီသည့် လူငယ်များက လက်နက်ကိုင်ခုခံရန် ဆုံးဖြတ်ခဲ့ကြသည်။

လက်နက်ခဲယမ်းအင်အား ကွာခြားလွန်းသည့် တော်လှန်ရေးအင်အားစုများမှာ ကျေးလက်ကို အခြေပြုပြီး ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ကြသည်။

NUG-PDF အင်အားစုများသည် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့တွင် အဓိကစစ်ဆင်ရေး ဆင်နွှဲနေသော်လည်း ၎င်းတို့နှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့လည်း ပါဝင်နေသည်။ KIA က NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၁) စစ်ဒေသကွပ်ကဲမှုကို ကြီးကြပ်ပေးနေသည်။

တစ်ဖန် အမှတ် (၁) စစ်ဒေသကွပ်ကဲမှုအစီအစဉ်ဖြင့် စစ်ကောင်စီကို ခုခံသည့် အခြားတော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၃ မှ စတင်ပြီး စစ်ရေးအရှိန်မြှင့်တင်ခဲ့ရာ နိုဝင်ဘာ ၆ တွင် ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို ပွဲဦးထွက် သိမ်းပိုက်နိုင်ပြီး PDF အလံ လွှင့်ထူနိုင်ခဲ့သည်။

NUG က မြို့ကို သိမ်းပိုက်ပြီး တစ်လဝန်းကျင်အကြာ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကောလင်းမြို့၌ ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။ ထို့ပြင် ၎င်းက စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်ကို ကူညီထားသည်၊ ဆရာဝန်၊ သူနာပြုအပါအဝင် ၆၅ ဦး ပါဝင်သည့်အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေသည်ဟု ဆိုသည်။

ကောလင်းမြို့တွင် ဈေးရောင်းဈေးဝယ် စည်ကားနေပြီး၊ ကာကွယ်ရေးအဖွဲ့များက မြို့ထဲလမ်းမများထက် ကင်းလှည့်နေကြသည်ကို ပြီးခဲ့သည့် ရက်ပိုင်းက အွန်လိုင်းတွင် ပျံ့နှံ့လာသည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်စပ်နေသည့် မြန်မာနိုင်ငံအနောက်မြောက်ဘက် စစ်ကိုင်းတိုင်း တမူးခရိုင်ထဲရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာ ၇ ရက်နေ့တွင် ကာကွယ်ရေးအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။

ခမ်းပတ်မြို့ကို သိမ်းယူပြီးနောက် စစ်ကောင်စီအလံ ဖြုတ်ချနေစဉ်။ (ဓာတ်ပုံ-MOD)

သိမ်းပိုက်ထားပြီး တစ်လနီးပါး ကြာမြင့်လာချိန်တွင် ခမ်းပတ်မြို့တွင် NUG လက်အောက်ခံ ရပ်ကျေးတာဝန်ခံများ ပြန်လည်ရွေးချယ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိနေပြီဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

လူဦးရေ တစ်သောင်းခွဲနီးပါး နေထိုင်သည့် ခမ်းပတ်မြို့တွင် ဒေသခံတို့မှာ တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

တော်လှန်ရေးအင်အားစုများက သိမ်းပိုက်အပြီး ရက်ပိုင်းအကြာ မြို့ထဲ ပြန်လာကြသူများထဲမှ တစ်ဦးက စစ်ကောင်စီလေတပ် လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်မှု နည်းပါးလာသည်ဟု ပြောသည်။

“(လေကြောင်းအန္တရာယ်) မကြောက်တာတော့မဟုတ်ဘူး။ ကြောက်တော့ ကြောက်တယ်။ ဒါပေမဲ့ ဒီထက် အရေးကြီးနေတဲ့နေရာတွေ အများကြီးရှိတော့ ကျွန်တော်တို့ဘက်မှာ စိုးရိမ်စိတ်နည်းတာပေါ့။ ကျွန်တော်တို့လည်း ဗုံးခိုကျင်းတူးထားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် လူလတ်ပိုင်းအရွယ် ခမ်းပတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ကလေး-တမူးအဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို ထိန်းချုပ်လိုက်နိုင်သည့်အတွက် စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်ထားသည့် ကလေးမြို့ကို ပိုမိုခြိမ်းခြောက်နိုင်သည့် အခြေအနေဖြစ်ကြောင်း CDM ဗိုလ်ကြီးကောင်းသူဝင်းက မှတ်ချက်ပြုသည်။

တော်လှန်ရေးအဖွဲ့များသိမ်းထားသည့် ခမ်းပတ်မြို့သို့ အင်အား ရာဂဏန်းပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုထိုးရန် ပြင်ဆင်နေသဖြင့် ခမ်းပတ်မြို့မှ ရာနှင့်ချီသည့် ဒေသခံများ ဒီဇင်ဘာ ၆ ရက်မှစတင်ပြီး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသည်။

အလားတူ နိုဝင်ဘာ ၂၃ ရက်တွင် စီးပွားရေးနှင့် စစ်ရေးဗျူဟာအရေးပါသည့် ချင်းတွင်းမြစ်ဘေးရှိ နောက်တစ်မြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ခဲ့သည်။

ထိုမြို့မှာ ဟုမ္မလင်းမြို့နယ်အတွင်း ရှိသော ရွှေပြည်အေးမြို့ဖြစ်ပြီး လူဦးရေ ၂၅၀၀ ကျော် နေထိုင်သည်။

ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရွှေပြည်အေးမြို့ကို ကာကွယ်ရေးအဖွဲ့များက ပထမအကြိမ် သိမ်းပိုက်ပြီး ၇၂ နာရီခန့် မြို့ကို ထိန်းချုပ်ခဲ့ဖူးသော်လည်း ပြန်ဆုတ်ပေးခဲ့ရကာ ယခုနှစ် နှစ်ကုန်တွင်မှ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် လွယ်လင့်တကူ သိမ်းပိုက်နိုင်ခြင်း မဟုတ်ဘဲ စစ်တပ်နှင့် နီးစပ်သော ဆက်ဆံရေးရှိသည့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အဖွဲ့ဝင်များ၊ ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော် နေရာယူထားသည့် ရွှေပြည်အေးမြို့ကို ၃ ရက်ကြာ တိုက်ယူခဲ့ရခြင်း ဖြစ်သည်။

ယခုနှစ်အတွင်း တွေ့ရသော မကွေးတိုင်းအခြေစိုက် PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- ဆိပ်ဖြူ ဘာမထီ ပြည်သူ့ကာကွယ်ရေး)

စခန်းကုန်းနှစ်ခုဖြင့် အခိုင်အမာတပ်စွဲထားသည့် ရွှေပြည်အေးမြို့ကို နိုဝင်ဘာ ၂၁ ရက်မှ စတင်၍ ၂၃ ရက်အထိ တိုက်ခိုက်ခဲ့ရာ လေကြောင်းဖြင့် အပြင်းအထန်တုံ့ပြန်သော်လည်း ကာကွယ်ရေးအဖွဲ့များက မြို့ကို သိမ်းယူနိုင်ခဲ့သည်။

မြို့ကို သိမ်းယူရန် နှစ်ကြိမ်ကြိုးပမ်းမှုတွင် စစ်တပ်၏ တုံ့ပြန်မှုကွာခြားချက်ကို ပါဝင်တိုက်ခိုက်ခဲ့သည့် ခန္တီးခရိုင် အမှတ် (၂) တပ်ရင်းမှ PDF တပ်ဖွဲ့ဝင်တစ်ဦးက ယခုကဲ့သို့ မှတ်ချက်ပြုသည်။

“ပထမတစ်ခေါက်တုန်းက မြေပြင်မှာက တပ်အင်အားအများကြီးရှိသေးတယ်။ ခြေလျင်၊ ခြေမြန် တပ်ရင်းတွေရှိသေးတယ်။ အဲ့ဒီအချိန်တုန်းက လေကြောင်းတိုက်ခိုက်မှုကလည်း အဲ့လောက် မလုပ်သေးဘူး။ ခုတစ်ခေါက်တော့ တပ်တွေကလည်း တခြားနယ်တွေမှာ ရောက်နေတဲ့အခါကျတော့ မြေပြင်မှာ သူတို့အင်အားက အဲ့ဒီလောက်ထိ မရှိဘူး။ စစ်ကြောင်းအလုံးအရင်းနဲ့ ပြန်ထိုးဖို့တော့ သူတို့မှာ အစီအစဉ်တော့ ရှိလိမ့်မယ်။ လတ်တလောတော့ မရှိသေးဘူး”

၁၀၂၇ စစ်ဆင်ရေးစတင်ပြီး တစ်လကျော်ကာလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် မြို့များ သိမ်းပိုက်နိုင်ရုံသာမက စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်း ၁၀ ခုထက်မနည်းကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

ကလေး၊ တမူး၊ ဆားလင်းကြီး၊ ဝက်လက်၊ ကနီနှင့် ဂန့်ဂေါမြို့နယ်တို့ရှိ ရဲစခန်းနှင့် စစ်တပ်စခန်းများကို ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ရာ လက်နက်အများအပြားလည်း သိမ်းဆည်းရမိပြီး သုံ့ပန်းလည်း ဆယ်ဂဏန်း ရရှိခဲ့သည်။

အင်အားနည်းသည့်စခန်းများ တိုက်ခိုက်ခံရစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြသည်၊ စစ်ကောင်စီကမူ စခန်းအငယ်စားများကို စခန်းကြီးများနှင့် ပူးပေါင်းခြင်းဖြစ်သည်ဟု ဆိုသည်၊ မြို့ကြီးများတွင် ခံစစ်ပိုမိုပြင်ဆင်လာသည့်အခြေအနေဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်သည်။

စစ်ကိုင်းတိုင်းအတွင်း ဆက်သွယ်ရေးနှင့် ဗျူဟာအရ အရေးပါသည့်မြို့များကို သိမ်းပိုက်နိုင်ရန် ကာကွယ်ရေးအဖွဲ့များက ကြိုးပမ်းနေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းပစ်ကူဖြင့် အသည်းအသန်ခုခံနေသည်။ 

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် ဆက်သွယ်ရေးတွင် အရေးပါသည့် ဧရာဝတီမြစ်ကမ်းဘေးမှ ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် နိုဝင်ဘာ ၈ မှစတင်ပြီး ကာကွယ်ရေးအဖွဲ့များက အသည်းအသန် တိုက်ခိုက်နေသည်။

တစ်လနီးပါး ကြာမြင့်နေပြီဖြစ်သည့် ထီးချိုင့်မြို့သိမ်းတိုက်ပွဲတွင် မြို့အရှေ့ဘက်ရှိ ကျောက်စေတီတောင်၌ လက်ကျန် စစ်ကောင်စီတပ်သားများက ဆက်လက်ခုခံနေပြီး မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားပြီးဖြစ်သည်။

စစ်တပ်ကလည်း လေကြောင်းအားပြုပြီး ပြန်လည်တုံ့ပြန်နေရာ မြို့တွင်း ပိတ်မိနေသည့် အရပ်သားများအနက် အသက် ၅ နှစ်အောက် ကလေးများအပါအဝင် အရပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့သည်။

မကွေးတိုင်းအခြေစိုက် PDF တပ်ဖွဲ့ဝင်များ စစ်ကြောင်းထွက်နေသည်ကို ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – MOD)

ထို့ပြင် စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ တန့်ဆည်မြို့တွင် စစ်တပ် တပ်စွဲထားသည့်နေရာများကို ကာကွယ်ရေးအဖွဲ့များက နိုဝင်ဘာလအတွင်း နှစ်ကြိမ် ဝင်ရောက်တိုက်ခိုက်သော်လည်း စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ပဲခူးအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ မုန်းမြို့ကို ယမန်နေ့ (ဒီဇင်ဘာ ၅) တွင် PDF နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်များက တိုက်ခိုက်နိုင်ပြီး စစ်ကောင်စီကလည်း စစ်ကူများဖြည့်ကာ ပြန်လည်ထိုးစစ်ဆင်နေသည်။

နိုင်ငံအနောက်မြောက်ဘက် ချင်းပြည်နယ်တွင်လည်း ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသည့် ရိခေါရ်ဒါမြို့၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည်။

ထို့ပြင် ကရင်နီပြည်နယ်တွင်လည်း ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မယ်စဲ့မြို့တွင် တိုက်ပွဲပြင်းထန်ခဲ့သည်၊ လွိုင်ကော်မြို့တော်ကို သိမ်းပိုက်နိုင်ရေး အပြင်းအထန်ထိုးစစ်ဆင်နေပြီး ကာကွယ်ရေးအဖွဲ့များက မြို့ဧရိယာတော်တော်များများကို ထိန်းချုပ်ထားပြီဖြစ်သည်။

လတ်တလောတွင် စစ်ကောင်စီသည် အလယ်ပိုင်းသာမက ရှမ်းမြောက်မှ ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ဖောင်းဆိုင်မြို့တို့ကို လက်လွှတ်ရသလို ဒေသအများအပြားကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းနေသည်။

စစ်ကောင်စီ၏ ပြောင်းလဲလာသော တုံ့ပြန်မှုများ 

လွန်ခဲ့သည့် လပေါင်းများစွာအတွင်း တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီ တုံ့ပြန်သည့် နည်းလမ်းများတွင် လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် အဝေးမှ ပစ်ခတ်ခြင်း၊ စစ်သားများကို  ရဟတ်ယာဉ်ဖြင့် လျှပ်တစ်ပြက် ပို့ဆောင်ပြီး စစ်ကြောင်းထိုးစေခြင်း၊ တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေးသည်ဟု ယူဆရသည့် ရွာများကို မီးတင်ရှို့ခြင်းတို့ ပါဝင်သည်။

နိုင်ငံအနှံ့ တစ်ပြိုင်နက်တိုက်ခိုက်ခံနေရသည့် လတ်တလောကာလတွင်မူ ၎င်း၏ အင်အားကို ချွေတာသည့်အနေဖြင့် ခြေလျင်စစ်ကြောင်းထိုးခြင်းကို လျှော့ချလိုက်ရုံမျှမက တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်လိုက်သည့် မြို့အများစုကိုပင် ပြန်လည်ရယူရန် စစ်အင်အားထိရောက်စွာ သုံးစွဲခြင်း မရှိတော့သည်ကို တွေ့ရသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီး တစ်လကျော်ကာလအတွင်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် ၁၁ မြို့အထိ ရှိလာပြီဖြစ်သည်၊ သို့သော်လည်း စစ်တပ်က မြို့တစ်မြို့ကိုမျှ ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

လေကြောင်းမှ ဗုံးကြဲခြင်း၊ အထိုင်စခန်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကို ဆက်လက် ပြုလုပ်နေသော်လည်း ပင်မတပ်စခန်းကြီးများမကျရေးနှင့် နောက်ထပ်မြို့ကြီးများမကျရေးမှာ စစ်ကောင်စီ၏ ပြောင်းလဲလာသော တုံ့ပြန်မှုများဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးနည်းလမ်းအရ ပြဿနာဖြေရှင်းကြရန် ဒီဇင်ဘာ ၄ နံနက်က ပြုလုပ်သော ပြည်ထောင်စုဝန်ကြီးများအစည်းအဝေးတွင် ထည့်သွင်းပြောခဲ့သည်။

“လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့် ဒဏ်ကို ဒေသရှိ ပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြေစာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် ဆက်လက်၍ မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် လိုမည်ဖြစ်ကြောင်း” စစ်ခေါင်းဆောင်က ပြောသည်။

မြို့များသိမ်းပိုက်ခံရပြီး စခန်းများစီးနင်းတိုက်ခိုက်ခံနေရသည့် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းတွင် ရွာစဉ်လှည့်စစ်ကြောင်းထိုးမှုများ သိသိသာသာ လျော့နည်းသွားသည်၊ အထိုင်ချတပ်စွဲထားရာ စခန်းများမှတစ်ဆင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများသာ ရှိနေသည်။

စစ်ကောင်စီတပ်သည် အင်အားနည်းသည့် စခန်းများကို ဆက်လက်စွန့်လွှတ်ပြီး မြို့ပေါ်တွင်သာ တပ်စွဲလာဖွယ်ရှိကြောင်း CDM စစ်သားများက သုံးသပ်သည်။

“အဓိကကတော့ စစ်တပ်က နောက်ပိုင်းမှာ မြို့ကြီးပြကြီးတွေမှာ ခံစစ်ကို ပိုမိုပြင်ဆင်လာမယ်ဆိုတဲ့ အနေအထားမျိုးကို တွေ့ရတယ်” ဟု ဗိုလ်ကြီးကောင်းသူဝင်းက သုံးသပ်သည်။

နယ်စပ်ကုန်သွယ်ရေးအရ အရေးပါသည့် ချင်းရွှေဟော်မြို့အပါအဝင် မြို့ ၅ မြို့နှင့် စခန်းကုန်း ၂၀၀ နီးပါး လက်လွှတ်ခဲ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်းကို နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်တပ်က ပိုမို အားစိုက်ဖွယ်ရှိနေသည်ဟုလည်း CDM စစ်သားများက သုံးသပ်သည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်း လက်လွှတ်ခဲ့ရသည့် မြို့များကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာပါက ဗျူဟာအရ အရေးပါသည့် ကောလင်းမြို့ကို ဦးစွာတိုက်ခိုက်နိုင်ခြေရှိကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

“ကောလင်းက ရှမ်းမြောက်ကော၊ ကချင်ရော စစ်ကိုင်း၊ မန္တလေးအထိ (သယ်ယူပို့ဆောင်ရေး) လမ်းကြောင်းအရ ပေါက်သွားတယ်။ သူတို့ မထိန်းနိုင်ရင် တစ်နိုင်ငံလုံးကို လက်နက်စီးဆင်းမှု၊ အင်အားစီးဆင်းမှု၊ ရိက္ခာစီးဆင်းမှု ခြေကုပ်စခန်းတွေ အများကြီးရသွားမှာလို့ သူတို့ တွက်ဆမိလောက်တယ်။ ဒါကြောင့် အရင်ဆုံးသိမ်းမယ်ဆိုရင် ကောလင်းမြို့ကို အပြင်းအထန်ရအောင် သိမ်းလိမ့်မယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

ထိုးစစ်ဆင်ခံနေရသည့် စစ်တပ်က စစ်ကိုင်းတိုင်းမှ လက်လွှတ်ခဲ့ရသည့် မြို့နယ်များထံ မြေပြင်စစ်ကူ မဖြည့်နိုင်သော်လည်း ၎င်းတို့၏အဓိကအားသာချက်ဖြစ်သည့် လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နိုင်သဖြင့် လေကြောင်းအန္တရာယ်သတိပြုသင့်သည်ဟု သူက အကြံပြုသည်။

တိုက်ပွဲများပြင်းထန်နေသည့် နေရာဒေသများတွင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များသာမက သယ်ယူပို့ဆောင်ရေးလေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေရာ အရပ်သားအများအပြား ထိခိုက် သေဆုံးခဲ့သည်။

NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှု အစီရင်ခံစာတွင် ကလေး ၄၂ ဦးအပါအဝင် အရပ်သား ၃၀၉ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် ပူးပေါင်းတပ်များ။ (ဓာတ်ပုံ-MOD)

Show More

Related Articles

Back to top button