
နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်အမှုကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးက ယနေ့ (အောက်တိုဘာ ၈) တွင် ဒုတိယအကြိမ်စစ်ဆေးခဲ့သော်လည်း မည်သည့်တရားလို ပြသက်သေကိုမျှ စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ဒုတိယအကြိမ် တရားရုံးစစ်ဆေးမှုတွင် ဦးကျော်မြင့်ကို ဆင့်ခေါ်ခဲ့ခြင်းမရှိဘဲ Video Conferencing ဖြင့်သာ စစ်ဆေးခဲ့ပြီး တရားလိုသက်သေများ ရှာမတွေ့သေးသည့်အတွက် ထပ်မံရှာခွင့်ပေးရန် ရဲတပ်ဖွဲ့က လျှောက်ထားခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ်တရားရုံးမှ တရားသူကြီးဦးကျော်မျိုးဝင်းက ပြောသည်။
“ထောင်ဖောက်ပြေးသွားတယ်ဆိုရင် ပြေးသွားကြောင်း သက်သေတော့ရှိမှာပဲ။ အကုန်လုံးအချက်အလက် ပျောက်သွားရင်တော့ အမှုက ပျောက်သွားမှာပေါ့။ သူပြေးကြောင်း တစ်ယောက်ယောက်က သက်သေပြနိုင်ရင်တော့ရမှာပဲ” ဟု ၎င်းက ပြောသည်။
တရားရုံးက ဆင့်ခေါ်ထားသည့် သက်သေ ၁၀ ဦးရှိပြီး ၁၉၉၉ ခုနှစ်က တာဝန်ထမ်းဆောင်ခဲ့သော ရဲဝန်ထမ်း၊ ထောင်ဝန်ထမ်းများနှင့် ယခုလက်ရှိ တာဝန်ထမ်းဆောင်နေသော ရဲနှင့် ထောင်ဝန်ထမ်းများဖြစ်ကာ ၎င်းတို့၏ လုံခြုံရေးအရ နာမည်ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိကြောင်းလည်း တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။
နောက်တစ်ကြိမ်ရုံးချိန်ဖြစ်သည့် အောက်တိုဘာ ၂၀ ရက်တွင် ရရှိထားသည့် သက်သေတစ်ဦးဖြစ်စေ၊ နှစ်ဦးဖြစ်စေ စစ်ဆေးသွားမည်ဟုလည်း ၎င်းက ပြောသည်။
“သက်သေတွေကို မတွေ့ဘူးဆိုရင် တရားရုံးအနေနဲ့ ခေါ်ယူစစ်ဆေးလို့ မရတော့ဘူး။ သက်ဆိုင်တဲ့တရားလိုဆိုရင် တရားလိုတာဝန်ကို ယူထားသော ပုဂ္ဂိုလ်ကို ခေါ်စစ်မယ်။ ရိုးရိုးသက်သေဆိုရင်တော့ ခေါ်စစ်လည်း အလကားပဲလေ” ဟု တရားသူကြီး ဦးကျော်မျိုးဝင်းက ဆိုသည်။
ပထမအကြိမ် ရုံးထုတ်စဉ်က ရဲတပ်ဖွဲ့လုံခြုံရေးအကာအကွယ် အများအပြားကြောင့် တရားရုံးပြင်ပမှ စောင့်ကြည့်သူများအနေဖြင့် ဦးကျော်မြင့်၏မျက်နှာကို သဲကွဲစွာ မမြင်တွေ့ရဆိုသော ပြောဆိုမှုများနှင့် ပတ်သက်၍ ဦးကျော်မြင့်ဟုတ်မှန်ကြောင်းလည်း ၎င်းက အတည်ပြုသည်။
“အင်တာနက်မှာ မြင်နေရတဲ့ ဦးကျော်မြင့်ဓာတ်ပုံနဲ့ တရားရုံးမှာရောက်လာတဲ့ ဦးကျော်မြင့်နဲ့က အတူတူပါပဲ။ ဒါတော့ ကျွန်တော့အမြင့်ပဲ” ဟု တရားသူကြီး ဦးကျော်မျိုးဝင်းက ဆိုသည်။
ဦးကျော်မြင့်အမှု ဒုတိယရုံးထုတ်တွင် နှင်းဆီပါတီဝင်များ လာရောက်ဝန်းရံမည်ဟု သတင်းထွက်ခဲ့သော်လည်း ချမ်းအေးသာစံမြို့နယ် ရားရုံးသို့ ရောက်လာခဲ့ခြင်း မရှိပေ။
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ပုဒ်မနှစ်ခုဖြင့် ထောင် ၉ နှစ် ချမှတ်ခံခဲ့ရပြီး ၁၉၉၉ ခုနှစ် ဇန်နဝါရီတွင် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးသွားခဲ့သူဖြစ်သည်။ ၎င်းထွက်ပြေးစဉ်က မန္တလေး ချမ်းအေးသာစံမြို့နယ် အမှတ်(၈) ရဲစခန်းမှူး ရဲအုပ်သိန်းဌေးက တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ပြီး အဆိုပါအမှုနှင့်ပတ်သက်သည့် တရားလိုသက်သေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။
ဦးကျော်မြင့်ကို စက်တင်ဘာ ၂၉ ရက်ညပိုင်းတွင် ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာရှိ နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၂၄ နာရီအတွင်း မန္တလေးအိုးဘိုထောင်ကို ပို့ဆောင်ခဲ့သည်။
ဦးကျော်မြင့်သည် ထောင်ပြေးမှုအပြင် ပြစ်မှုကြွေးကျန်များပါ နှစ်ရည်ကျခံရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးရဲရင့်နိုင်က Myanmar Now ကို ပြောကြားထားသည်။
ထောင်ပြေးရာဇဝင်ရှိသည့်အတွက် ဦးကျော်မြင့်ကို မန္တလေးအိုးဘိုထောင်အတွင်း လုံခြုံရေးတင်းကျပ်စွာဖြင့် ထိန်းသိမ်းထားရှိပြီး ထောင်ပြေးမှုဖြစ်သည့်အတွက် ဦးကျော်မြင့်အနေဖြင့် မည်သည့်လျှော့ရက်မျှ ခံစားခွင့် ရှိမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။
အသက် ၆၉ နှစ်အရွယ် ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွားဟူ (ခ) ဟူးဟွား (ခ) ဇခုန်ဇုန်းဆောင် ဦးစီး လုပ်ကိုင်ခဲ့သော မြန်မာကျုံယွမ်ကုမ္ပဏီကို စစ်အစိုးရအာဏာပိုင်များက တရားမဝင်အဖွဲ့အဖြစ် ကြေညာပြီး ဦးကျော်မြင့်ကိုလည်း ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁ တွင် ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့သည်။
ဦးကျော်မြင့်သည် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ပြီးနောက် အမေရိကန်နှင့် ကနေဒါနိုင်ငံများ တွင် ခိုလှုံနေထိုင်ခဲ့သည်။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ကနေဒါနိုင်ငံ၌ ၂၀၀၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တည်ထောင်ခွင့်လျှောက်ထားခဲ့သည်။
UDP ပါတီကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ မေလ ၂၆ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ခွင့်ပြုပါတီအမှတ်စဉ် ၁၆ ဖြစ်သည်။
ဦးကျော်မြင့်သည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၎င်း၏ နှင်းဆီပါတီမှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။
၂၀၂၀ရွေးကောက်ပွဲတွင် ဦးကျော်မြင့်၏ UDP ပါတီသည် မဲဆန္ဒနယ်ပေါင်း ၁၁၃၀ ကျော်တွင် ဝင်ရောက်ယှဉ်မည်ဖြစ်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြီးနောက် မဲဆန္ဒနယ် ဒုတိယအများဆုံးဝင်ပြိုင်မည့် နိုင်ငံရေးပါတီဖြစ်သည်။