နိုင်ငံတကာသတင်းသတင်း

တရုတ်အရေးကို တွေး၍ အိန္ဒိယက မြန်မာနှင့် ပိုမိုပူးပေါင်းလာ

နယူးဒေလီ – မြန်မာအပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို တွေးပူ၍ အိန္ဒိယသည် ၎င်း၏ အရှေ့မူဝါဒ တွင် အရေးပါသော ကြားခံဖြစ်သည့် မြန်မာနိုင်ငံနှင့် ပိုမို၍ ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်လာသည်။

လွန်ခဲ့သည့် သောကြာနေ့ (ဒီဇင်ဘာ ၁၄)တွင်အိန္ဒိယနိုင်ငံ သမ္မတ ရမ်နက်သ် ကိုဗင့်ဒ်၏ ၅ရက် ကြာသော မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ပြီးဆုံးခဲ့သည်။ ထိုခရီးစဉ်အတွင်း အိန္ဒိယသည် ၎င်း၏ အရှေ့ မူဝါဒ၊ အိမ်နီးချင်းပထမစီမံကိန်းတို့နှင့် မြန်မာ၏ လွတ်လပ်သော နိုင်ငံခြားရေး မူဝါဒတို့ကို တွဲဖက်နိုင်ရန် ကြိုးစားခဲ့သည်။

၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးသော အိန္ဒိယသမ္မတတစ်ဦး၏ခရီးစဉ်သည် ရခိုင်ကန်းရိုးတန်း ရှိ ကျောက်ဖြူတွင် ပင်လယ်ဆိပ်ကမ်း တစ်ခုတည်ဆောက်ရန် မြန်မာနှင့် တရုတ်တို့ သဘောတူညီမှု ရရှိပြီးသည့်နောက် တစ်လကျော်ကျော် အကြာတွင် စခဲ့ခြင်း ဖြစ်သည်။ ထိုဆိပ်ကမ်းသည် တရုတ်နိုင်ငံ အတွက် အာရှ အနောက်ပိုင်းမှ စွမ်းအင် အရင်းအမြစ်များ တင်ပို့ရန် လမ်းကြောင်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး မလက္ကာ ရေလက်ကြားရှိ အပိတ်အဆို့များကိုလည်း ရှောင်နိုင်မည် ဖြစ်သည်။

အိန္ဒိယပင်လယ် တလျှောက် တည်ဆောက်ထားသော တရုတ်နိုင်ငံ၏ ပုလဲကြိုးသွယ်ဟု အသိများသည့် ပါကစ္စတန်ရှိ ဂွာဒါဆိပ်ကမ်းနှင့် သီရိလင်္ကာရှိ ဟန်ဘန်တိုတာဆိပ်ကမ်းကဲ့သို့ ဖြစ်လာမည့် ထို ဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံအတွက်မူ အိပ်မက်ဆိုးကြီးပင်ဖြစ်သည်။ စီးပွားကူးသန်းရန်ဆောက်မည့် ဆိပ်ကမ်းဖြစ်သော်လည်း အိန္ဒိယသည် ထိုဆိပ်ကမ်းကို အကြောင်းပြု ၍အိမ်နီးချင်းနိုင်ငံများသို့ တရုတ်စစ်တပ် ပိုမိုဝင်ရောက်လာနိုင်မည်ကို စိုးရိမ်လျက်ရှိသည်။

တရုတ်၏ ရည်ရွယ်ချက်ရှိရှိ လွှမ်းမိုးလာနိုင်မှုနှင့် ပေကျင်းအပေါ်လွှမ်းမိုးမှု ဆုံးရှုံးသွားမည်ကို စိုးရိမ်၍ မြန်မာနိုင်ငံအား ထောက်ပံ့ငွေနှင့် ဖွံ့ဖြိုးရေးပရောဂျက်များ ပေး၍ မြန်မာနှင့် ပို၍ ရင်းနှီးရန် အိန္ဒိယက ကြိုးစားနေခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ရခိုင်ရှိ ရိုဟင်ဂျာများအပေါ် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခြင်းများအတွက် မြန်မာအား အပြစ်မတင်ဘဲ ပို၍ လက်တွေ့ကျသော ချဉ်းကပ်မှုမျိုးကို အသုံးပြုခြင်း ဖြစ်သည်။

ခရီးစဉ်အတွင်းတွင် အိန္ဒိယသမ္မတက မြန်မာ၏ နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများအပေါ် နှစ်ထောင်းအားရမိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အိန္ဒိယအစိုးရငွေများကို အသုံးပြု၍ ရခိုင်ပြည်နယ်တွင် တည်ဆောက်ခဲ့သော အသင့်နေ အိမ်အလုံး ၅၀ ကို ရိုဟင်ဂျာဒုက္ခသည်များအတွက် ရည်စူး၍ ပေးအပ်ခဲ့သည်။ ထိုမျှမက လက်ရှိခွဲတမ်း အမေရိကန်ဒေါ်လာ ၂၅ သန်းကို အပြည့်အဝရရှိပြီးပါက ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ပရိုဂရမ်များကို တိုးချဲ့သွားမည်ဟု အိန္ဒိယက ပြောသည်။

“တရုတ်၏ လွှမ်းမိုးမှုသည် ကြီးမားပြီး အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒတစ်ခုလုံးကို လှုပ်ကိုင်လျက်ရှိ သလို အထူးသဖြင့် မြန်မာကဲ့သို့ အိမ်နီးချင်းနိုင်ငံများအပေါ်တွင် လည်း သြဇာသက်ရောက်မှု ကြီးထွားလှသည်”ဟု ဂျဝါဟာလယ် နီရူးတက္ကသိုလ်ရှိ နိုင်ငံတကာဆက်ဆံရေးကျောင်း တွင် စာသင်သည့် ပရော်ဖက်ဆာ ဆဝါရန် ဆင်းက ပြောခဲ့သည်။

“တရုတ်သြဇာ နေရာတကာမှာလွှမ်းမိုးနိုင်တာက မြန်မာပြည်မှာ သူတို့ အဆောက်အအုံကြီးတွေ လျင်လျင်မြန်မြန်ဆောက်ပြီး ခြေကုပ်ယူနိုင်လို့ပါပဲ”ဟု ၎င်းက ပြောသည်။

ပေကျင်း၏ ၂၁ ရာစု ပိုးလမ်းမစီမံကိန်း (One Belt One Road) ၏ တစ်စိတ်တစ်ဒေသဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို တည်ဆောက်ရန် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင်တရုတ်သည် ယူနန်၏ မြို့တော်ဖြစ်သော ကူမင်းနှင့် မြန်မာနယ်စစ်ရှိ မြို့များကို ဆက်သွယ်ထားသည့် ကားလမ်း၊ ရထားလမ်း ဘက်စုံလမ်းမကြီးကို စတင် ဆောက်လုပ်နေပြီ ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်များအတွင်း ဒီမိုကရေစီလှုပ်ရှားမှုကို ဖိနှပ်သော မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် အိန္ဒိယနှင့် မတူဘဲ တရုတ်သည် မြန်မာစစ်အစိုးရနှင့် ပနံသင့်သည့် ရာဇဝင်ရှိသောကြောင့် တစ်ပန်းသာပြန်သည်။

တရုတ်ကို အမီလိုက်ရန် အိန္ဒိယသည် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းဖောက်ခြင်း၊ ဘတ်စကားများ စမ်းသပ်ပြေးဆွဲခြင်းနှင့် နယ်စပ်စျေးကွက်များကို ဖွင့်ပေးခြင်း စသည့် ကူးလူးဆက်ဆံရေး ပရောဂျက်များကို အားသွန်ခွန်စိုက် လုပ်ကိုင်လျက်ရှိသည်။ ထို့အပြင် အိန္ဒိယအရှေ့ပိုင်းရှိ ကာလကတ္တားမြို့နှင့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေရှိ ဆိပ်ကမ်းကို ဆက်သွယ်ပေးပြီး ကုန်းလမ်း၊ ရေလမ်းမှတဆင့် အိန္ဒိယအရှေ့မြောက်ပိုင်းကို ဆက်သွယ်ပေးသော ကုလားတန်မြစ်ဝှမ်းဘက်စုံစီမံကိန်းကို လည်း အိန္ဒိယနှင့် မြန်မာတို့ ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။

မြန်မာသည် အိန္ဒိယ၏ အရှေ့မျှော်မူဝါဒနှင့် အိမ်နီးချင်းပထမမူဝါဒတို့အတွက် အခရာကျသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာသည် အိန္ဒိယကို အရှေ့တောင်အာရှနှင့် အခြားနိုင်ငံတို့သို့ ဆက်သွယ်ပေးနိုင်သည့် တစ်ခုတည်းသော ဂိတ်ပေါက်ဖြစ်သည်။ မြန်မာသည် အိန္ဒိယနှင့် ကီလိုမီတာ ၁၆၀၀ (မိုင် ၁၀၀၀) အရှည်ရှိသော နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည်။

မြန်မာသည် အိန္ဒိယ၏ သောင်းကျန်းသူအုပ်စုများကို ဖြိုခွင်းသည့် လှုပ်ရှားမှုတွင်လည်း အရေးပါသည့် လုံခြုံရေး ပါတနာလည်းဖြစ်သည်။ ထိုသောင်းကျန်းသူအုပ်စု အချို့သည် မြန်မာနိုင်ငံတွင် ခြေကုပ်များရှိသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသများရှိ သူပုန်အုပ်စုများကို ထောက်ပံ့သည်ဟု တရုတ်သည် မကြာခဏ စွပ်စွဲခံရပြီး ထိုသူပုန်များသည် လက်နက်ခဲယမ်းများကို တရုတ်ထံမှ ရယူလျက်ရှိသည်။

“အရှေ့မြောက်ပိုင်းမှာရှိတဲ့ ထိခိုက်လွယ်တဲ့ ဒေသတွေမှာ တရုတ်ဘက်က သိပ်စွက်ဖက်လို့မရဘူးဆိုတာ မြင်တတ်ဖို့ အရေးကြီးတယ်။ ဒါပေမယ့် မြန်မာကို တရုတ်တွေ ဝင်လာပြီ ဆိုရင်တော့ ဒါဟာပြဿနာဖြစ်လာပြီ။ အဲ့ဒီဒေသတွေမှာ တရုတ်က လက်နက်တွေကို အခုထိ တွေ့နေရတယ်” ဟု ပရော်ဖက်ဆာ ဆင်း ကပြောသည်။

သို့သော် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးသည် ယှဉ်ပြိုင်နေခြင်းထက် ပူးပေါင်းခြင်းက ပို၍ အကျိုးအမြတ် ရရှိမည်ဆိုသည်ဟု သဘောပေါက်ကြသည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ် နယ်စပ်ရန်စောင်ပွဲက စတင်၍ ကျင့်သုံးလာသော ထိပ်တိုက်ရင်ဆိုင်ခြင်းမူကို ပြောင်းလဲ၍ နှစ်နိုင်ငံ ပူးပေါင်းရန် ကြိုးပမ်းနေပြီဖြစ်သည်။

ယခုနှစ်ဧပြီလတွင် ကျင်းပခဲ့သော ဝူဟန်ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ် နရိန္ဒြာမိုဒီနှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့သည် ဒေသအကျိုးစီးပွားအတွက် နှစ်နိုင်ငံ ပူးပေါင်းရန် အခြေခံအုတ်မြစ် ချခဲ့ကြသည်။

ဝူဟန်ထိပ်သီးအစည်းအဝေးပြီးနောက် ပထဆုံး အင်ဒို-တရုတ်ပူးပေါင်းဆောင်ရွက်မှုသည် အောက်တိုဘာလအတွင်း နယူးဒေလီရှိ နိုင်ငံခြားဝန်ဆောင်မှုဌာနတွင် အာဖဂန်သံတမန် တစ်စုကို နှစ်နိုင်ငံပူးပေါင်း၍ လေ့ကျင့်ရေးပေးခြင်းဖြစ်သည်။

ယမန်လက အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဖြစ်သူ လျိုဇောင်းဟွေ့က တရုတ်၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်းနှင့် အိန္ဒိယ၏ အရှေ့မူဝါဒတို့ ပေါင်းစပ်ရလဒ်ပေါ် နှစ်နိုင်ငံ အမြတ်ထုတ်နေသည်ဟု အကြံပေးခဲ့သည်။

“အခြေခံအဆောက်အအုံကြီးကြီးတွေဆောက်တဲ့ ပရောဂျက်တွေဟာ စီးပွားရေး အရရော၊ နိုင်ငံရေးအရရော ပြဿနာကြီးတွေ ကြုံနေတယ်ဆိုတာ တရုတ်က သဘောပေါက်ပါတယ်” ဟု ပရော်ဖက်ဆာ ဆင်း ကပြောသည်။

“အိန္ဒိယနဲ့ ပူးပေါင်းလိုက်ခြင်းအားဖြင့် အိန္ဒိယက ဂွာဒါ၊ ကျောက်ဖြူနဲ့ ဟန်ဘာတိုတာ ဆိပ်ကမ်းတွေကို စတင် အသုံးပြုလာမယ်ဆိုရင် စီးပွားရေးအရ အလားအလာရှိလာမယ်။ ဒါကို သူတို့ နားလည်တယ်။ ဒါကြောင့် အိန္ဒိယကို သူတို့ဘက်ပါအောင် ကြိုးစားနေတာ ထင်ရှားနေတာပဲ” ဟု၎င်း က ထပ်လောင်းပြောကြားခဲ့သည်။

The Strait Times သတင်းစာပါ Debarshi Dasgupta ၏ “With China on its mind, India deepens engagement with Myanmar” ဆောင်းပါးကို ဆွေဇင်မိုး ဘာသာပြန်သည်။

 

Show More

Related Articles

Back to top button