အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နှင်းဆီပါတီဥက္ကဋ္ဌ ​​​​​​​ဦးကျော်မြင့် ပြစ်မှုကြွေးကျန်များပါခံရမည်

ထောင်ပြေးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းကာ အမှုဖွင့်အရေးယူထားခြင်းခံရသည့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် အမှုဟောင်းမှ ကြွေးကျန်ပြစ်ဒဏ်အနည်းဆုံးရှစ်နှစ်ကို ကျခံရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးရဲရင့်နိုင်က Myanmar Now ကို ပြောကြားသည်။ 

“နဂိုအမှုက သက်သက်ရှိပြီးသားပါ။ ပြစ်ဒဏ်ကျခံနေရင်း ပြေးတယ်။ ပြေးတဲ့အတွက် ထောင်ပြေးမှု ထပ်ဖွင့်တာပေါ့။ ဆိုတော့ သူက နဂိုပြစ်ဒဏ်အပြင် အခုထောင်ပြေးမှုပါ အားလုံးနှစ်ရည်ကျခံရတော့မှာပေါ့” ဟု ဦးရဲရင့်နိုင်က ယနေ့ (အောက်တိုဘာ ၄) တွင် ပြောကြားသည်။ 

ထောင်ပြေးထားသည့် ရာဇဝင်ရှိသည့်အတွက် ဦးကျော်မြင့်ကို မန္တလေးအိုးဘိုထောင်အတွင်း လုံခြုံရေးအထူးတင်းကျပ်စွာဖြင့် ထိန်းသိမ်းထားရှိသည်ဟုလည်း ၎င်းက ပြောသည်။ 

နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်ကို ထောင်ပြေးမှုဖြင့် ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၉ ရက်တွင် ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ ဖြင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် အောက်တိုဘာ ၂ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးကျော်မြင့်သည် ၁၉၉၉ ခုနှစ် ဇန်နဝါရီလတွင် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းမှူး ရဲအုပ်သိန်းဌေးက တရားလိုပြုလုပ်ကာ ထိုစဉ်ကတည်းက ဦးကျော်မြင့်ကို ထောင်ပြေးမှုဖြင့် အမှုဖွင့်ခဲ့သည်။ 

ရဲအုပ်သိန်းဌေးမှာ ပင်စင်ယူသွားပြီးဖြစ်သဖြင့် ဆင့်ခေါ်စာထုတ်ထားသော်လည်း ၎င်းကိုရှာဖွေ မတွေ့ရှိပါက လက်ရှိစခန်းမှူးက တရားလိုပြုလုပ်ကာ ပြန်လည်တရားစွဲဆိုရမည်ဖြစ်သည်ဟု ချမ်းအေးသာစံမြို့နယ်တရားရုံးတာဝန်ရှိသူက အောက်တိုဘာ ၂ ရက်ရုံးထုတ်တွင် ပြောကြားခဲ့သည်။ 

ပထမအဆင့်အနေဖြင့် ထောင်ပြေးမှုဖြင့်သာ ဦးကျော်မြင့်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ယခင်အမှုဟောင်းကြွေးကျန်များကို ထောင်တာဝန်ရှိသူများက အတည်ပြုပြီးမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်တရားရုံးမှ တရားသူကြီး ဦးကျော်မျိုးဝင်းက အဆိုပါရုံးထုတ်တွင်  ပြောကြားခဲ့သည်။ 

ထောင်ပြေးမှု ပုဒ်မ ၂၂၄ ဖြင့် နှင်းဆီပါတီဥက္ကဋ္ဌကို အောက်တိုဘာ ၈ ရက်တွင် ဒုတိယအကြိမ်ရုံးထုတ်မည်ဖြစ်ပြီး အမှုကို မည်သည့်ကာလအပိုင်းအခြားအတွင်း ပြီးပြတ်အောင်စစ်ဆေးမည်ဟူသည်ကိုလည်း အဆိုပါရုံးချိန်းတွင် ဆုံးဖြတ်ဟု သိရသည်။ 

အသက် ၆၉ နှစ်အရွယ် ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွားဟူ (ခ) ဟူးဟွား (ခ) ဇခုန်ဇုန်းဆောင် ဦးဆောင်လုပ်ကိုင်ခဲ့သည့် မြန်မာကျုံယွမ်ကုမ္ပဏီကို စစ်အစိုးရအာဏာပိုင်များက တရားမဝင်အဖွဲ့အဖြစ်ကြေညာပြီး ဦးကျော်မြင့်ကိုလည်း ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁ တွင် ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့သည်။

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ပြီးနောက် အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် ခိုလှုံနေထိုင်ခဲ့သည်။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ကနေဒါနိုင်ငံ၌ ၂၀၀၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တည်ထောင်ခွင့်လျှောက်ထားခဲ့သည်။ 

ဦးကျော်မြင့်သည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၎င်း၏ နှင်းဆီပါတီမှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်၍ မကြာသေးမီက ‘မြန်မာပြည်၏ လျှို့ဝှက်နက်နဲသော နိုင်ငံရေးပါတီဥက္ကဋ္ဌ‘ ခေါင်းစဉ်ဖြင့် Myanmar Now က သတင်းဆောင်းပါးရေးသား ဖော်ပြခဲ့ပြီးဖြစ်သည်။ 

၂၀၂၀ရွေးကောက်ပွဲတွင် ဦးကျော်မြင့်၏ UDP ပါတီသည် မဲဆန္ဒနယ်ပေါင်း ၁၁၃၀ ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြီးနောက် မဲဆန္ဒနယ် ဒုတိယအများဆုံးဝင်ပြိုင်မည့် နိုင်ငံရေးပါတီဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles