သတင်း

နှင်းဆီပါတီဥက္ကဋ္ဌ အိုးဘိုထောင်ပြန်ရောက်သဖြင့် ထောင်မှူးဟောင်းအံ့ဩနေ

နေ့ဆွမ်းဘုဉ်းပေးပြီး ခေတ္တနားချိန်တွင် အွန်လိုင်းဖွင့်ကြည့်လိုက်ရာ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဖမ်းဆီးလိုက်ပြီဟူသော သတင်းများ အင်တာနက်လူမှုကွန်ရက်ပေါ် ပျံ့နှံလျက်ရှိသည်ကို တွေ့လိုက်ရသဖြင့် ဆရာတော်ဦးဣန္ဒြောဘာသ အလွန်အံ့ဩသွားသည်။ 

ဆရာတော်ဦးဣန္ဒြောဘာသ အံ့ဩမည်ဆိုလည်း အံ့ဩလောက်ပေသည်။ တစ်ရက်သာသာ အချိန်အတွင်း အဖြစ်အပျက်များက ရုတ်ခြည်းပြောင်းလဲခဲ့ခြင်းဖြစ်သည်။

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးချိန်တွင် တာဝန်ကျထောင်မှူးဖြစ်သဖြင့် တာဝန်ရှိသည်ဆိုကာ ထောင်ဒဏ်ကိုးနှစ်ချမှတ်ခံရပြီး၊ ထောင်ကထွက်လာချိန်တွင် အလုပ်မျိုးစုံလုပ်ကိုင်ရင်း ဘဝပျက်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသူ ထောင်မှူးဟောင်း ဦးအေးချမ်းတစ်ဖြစ်လဲ ဆရာတော်ဦးဣန္ဒြောဘာသက ဦးကျော်မြင့်အကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်မှာ ၂၄ နာရီ ကျော်သာသာမျှသာ ရှိသေးသည်။ 

“ဖမ်းမှာကတော့ ဖမ်းမှာပေါ့၊ ဖမ်းမှရတော့မှာလေ၊ ဟာ မြန်လိုက်တာပေါ့။ အတော်ကိုအံ့သြသွားတာ” ဟု ကွမ်းယာတစ်ယာကို ထုတ်ဝါးရင်း ဦးဣန္ဒြောဘာသက ခပ်ကျယ်ကျယ်မိန့်ကြားလိုက်သည်။ 

အံ့ဩသည့် မျက်နှာအမူအရာဖြင့်ပင် “သံဃာဆိုတော့ သူများဒုက္ခရောက်တာ ဝမ်းမသာရပါဘူး။ ဒါပေမဲ့လေ” ဟု ဆိုရင်း ဦးဣန္ဒြောဘာသက ပြောလက်စစကား ရပ်ပစ်လိုက်သည်။

နှင်းဆီပါတီဥက္ကဋ္ဌကြောင့် အတိဒုက္ခရောက်ရပုံ အကြောင်းစုံကို Myanmar Now သတင်းဌာနကို ထုတ်ဖော်ပြောကြားပြီး နောက်တစ်နေ့ နံနက်တွင် ဦးဣန္ဒြောဘာသ သီတင်းသုံးနေထိုင်ရာ လင်းရောင်ခြည်ကျောင်းတိုက်သို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးရောက်ရှိလာကြောင်း ကျောင်းတိုက်ဆရာတော်က အကြောင်းကြားလာခဲ့သည်ဟု ဆိုသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်၂ ရဲစခန်းမှူး ဦးဇော်ဝမ်းလေးနှင့် အခြားရဲတပ်သားတစ်ဦးသည် အထက်အမိန့်အရ ရောက်လာခြင်းဖြစ်ပြီး Myanmar Now သတင်းပါအကြောင်းအရာများနှင့် ပတ်သက်၍ ကနဦးလာရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

ထိုစခန်းမှူးနှင့် ရဲတပ်သားတို့မှာ နာရီဝက်ခန့်အကြာ စကားပြောပြီးနောက် မှတ်တမ်းမှတ်ရာများ ရယူကာ ပြန်သွားခဲ့သည်။ 

ထိုနေ့ညက ဦးဣန္ဒြောဘာသ သီတင်းသုံးရာ လင်းရောင်ခြည်ကျောင်းတိုက်အနီး ဖြတ်သန်းသွားရာ လမ်းထဲတွင် ည ၁၀ နာရီကျော်ခန့်က ခွေးဟောင်သံများ အဆက်မပြတ်ကြားနေရပြီး လူသွားလူလာနည်းသည့် ညဘက်တွင် ခွေးဟောင်းသံများကြရသည့်အတွက် စိတ်ထဲမသိုးမသန့်ခံစားရသည်ဟုလည်း ဦးဣန္ဒြောဘာသက မိန့်သည်။ 

“နည်းနည်းတော့ လန့်တာပေါ့။ ခါတိုင်း လူသွားလူလာနည်းတဲ့ လမ်းလေ။ ခွေးက ထိုးဟောင်နေတာကိုး” ဟု ဆိုသည်။ 

နောက်တစ်နေ့ မနက်တွင် ဦးဣန္ဒြောဘာသ၏ ရင်းနှီးသောမိတ်ဆွေများက စိတ်ပူစွာဖြင့် အသွားအလာဂရုစိုက်ရန် ဖုန်းဆက်ကြသည်။ ထိုအချိန်တွင် ဘယ်ကမှန်းမသိသော နံပါတ်ဖြင့် ဖုန်းဝင်လာသည်။ 

ဖုန်းခေါ်ဆိုသူက မန္တလေးအိုးဘိုထောင်ပိုင်တစ်ဦးဖြစ်ကြောင်း မိတ်ဆက်ကာ မေးမြန်းလိုသည်များရှိ၍ ကျောင်းတိုက်သို့ လာရောက်ရန် လိပ်စာတောင်းခဲ့သော်လည်း ရောက်လာခဲ့ခြင်း မရှိပေ။ 

“စိတ်ပူပြီး မေးတာတွေ များလာတော့ ဦးဇင်းလည်း စိတ်က အလိုလို လန့်လာတာပေါ့” ဟု ၂၄ နာရီအတွင်း ဖြစ်ပျက်ခဲ့သည်များနှင့်ပတ်သက်၍ ဦးဣန္ဒြောဘာသက ခပ်ပြုံးပြုံးမိန့်သည်။ 

ထို့နောက် ဆွမ်းစားပြီးချိန် နေ့ခင်း ၁၁ နာရီဝန်းကျင်၌ ဦးကျော်မြင့်ကို ဖမ်းလိုက်ပြီဟူသော သတင်းများကြားသိရသောအခါ ဦးဣန္ဒြောဘာသ အလွန်အမင်းအံ့ဩမိသွားသည်။ တစ်ပြိုင်နက်နည်း ဘဝင်ကျသည့်စိတ်လည်း ဖြစ်မိသည်။ 

“ပုထုဇဉ်ပဲလေ။ ပျော်သွားတာပေါ့။ ကိုယ်က သူ့ကြောင့် ဘဝပျက်ခဲ့ရတာ။ ဒါပေမဲ့ ဦးဇင်းကြောင့် ဖမ်းခံရတာ မဟုတ်ပါဘူး။ သူ့တရားသူစီရင်တာ” ဟုလည်း ဦးဣန္ဒြောဘာသက မိန့်သည်။ 

ဦးကျော်မြင့်သည် ဆိုးရွားသည့် လုပ်ရပ်များလုပ်ခဲ့၍သာ အကြောင်းကြောင့် အကျိုးဖြစ်ရသည်ဆိုကာ တရားဖြင့် ဆင်ခြင်မိသည့်အပြင် တိုင်းပြည်အကျိုးရှိသည့် လုပ်ရပ်မျိုးအတွက် မိမိကိုယ်ကို ကျေနပ်ပီတိဖြစ်မိသည်ဟုလည်း ဆိုသည်။ 

“တိုင်းပြည်ဒုက္ခရောက်မယ့် ကိစ္စကြီးကို ကယ်တင်လိုက်ရတာလို့ ခံစားရတယ်” ဟုလည်း ဦးဣန္ဒြောဘာသက မိန့်သည်။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်၍ ဆရာတော်ဦးဣန္ဒြောဘာသ သီတင်းသုံးရာ ကျောင်းတိုက်သို့ လာရောက်မေးမြန်းခဲ့သည့် ရဲအရာရှိကြီးတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ – ရန်မိုးနိုင်/ Myanmar Now) 

နှင်းဆီပါဥက္ကဋ္ဌ ဦးကျော်မြင့် ဖမ်းဆီးခံရသည့် နောက်ဆက်ဂယက်များအဖြစ် ဦးဣန္ဒြောဘာသ သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်သို့ ရဲတပ်ဖွဲ့ဝင်များ၊ မီဒီယာများ မကြာခဏဆိုသလို ရောက်ရှိလာကြသည်။ အေးချမ်းတိတ်ဆိတ်ခဲ့သည့် ကျောင်းတိုက်အတွင်း ယခုကဲ့သို့ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်လာသည့်အတွက် ကျောင်းတိုက်ရှိ သံဃာများကို အားနာမိသည်ဟု ဆိုသည်။ 

ဦးဣန္ဒြောဘာသက ထိုသို့မိန့်ဆိုနေစဉ်မှာပင် လင်းရောင်ခြည်ကျောင်းတိုက်အတွင်းသို့ ရဲကားတစ်စီး ဝင်ရောက်လာသည်။ အောင်မြေသာစံရဲမှူးဖြစ်ပြီး ထောင်မှူးဟောင်း ဦးအေးချမ်းတစ်ဖြစ်လဲ ဦးဣန္ဒြောဘာသ၏ ငယ်ဘဝဖြစ်စဉ်များနှင့် ဦးကျော်မြင့် ထွက်ပြေးစဉ်က အဖြစ်အပျက်များကို လာရောက်စစ်ဆေးမေးမြန်းခြင်း ဖြစ်သည်။ 

အိုးဘိုထောင်မှ ထွက်ပြေးခဲ့သူ ဦးကျော်မြင့်တစ်ယောက် အိုးဘိုထောင်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ ယခင်တစ်ကြိမ်ကသို့ ပြန်လည်ထွက်ပြေးလွတ်မြောက်သွားမည်ကို စိုးရိမ်မှုမရှိတော့သော်လည်း ပြစ်ဒဏ်အနည်းငယ်ဖြင့် မကြာမီပြန်လည်လွတ်မြောက်လာမည်ကိုတော့ စိတ်ပူမိသည်ဟု ဦးဣန္ဒြောဘာသက မိန့်ကြားသည်။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်မှာ လျှို့ဝှက်သိပ်သည်းပြီး အင်အားကြီးမားသူတစ်ယောက်ဖြစ်သောကြောင့် မိမိလုံခြုံရေးကို စိတ်ပူမိသည်ဟုလည်း ဦးဣန္ဒြောဘာသက မိန့်ဆိုသည်။ 

“နင်တို့ဖုန်း အမြဲဖွင့်ထားနော်။ တစ်ခုဆို ကယ်ကြဦး။ သူက (ဦးကျော်မြင့်) က အင်အားကြီးလူတစ်ယောက်” ဟု ရယ်မောသံဖြင့် ပြောနေသော်လည်း ဦးဣန္ဒြောဘာသ၏ မျက်လုံးများတွင် စိုးရွံ့သည့် အငွေ့အသက်များ ရောယှက်နေသည်။ 

ဦးဣန္ဒြောဘာသတစ်ဖြစ်လဲ ထောင်မှူးဟောင်း ဦးအေးချမ်းသည် ငယ်စဉ်က ရည်မှန်းချက်ကြီးမားခဲ့သည်။ ထောင်အရာရှိကြီးတစ်ဦး ဖြစ်ချင်ခဲ့သည်။ အသက်အရွယ်ရလာသည့်အခါ ပင်စင်ယူကာ မြေကွက်လေးတစ်ကွက်ဝယ်ပြီး အေးချမ်းစွာဖြင့် မိသားစုလိုက် ခြံစိုက်စားလိုသည်။ သို့သော်လည်း ဦးအေးချမ်း၏ ထိုအိပ်မက်မှာ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကြောင့် သဲထဲရေသွန်ဖြစ်ခဲ့ရသည်။ 

ဦးကျော်မြင့်နှင့် ပြန်တွေ့ရမည်ဆိုပါက မချိပြုံးပြုံးဖြစ်မည်ဟုဆိုသော်လည်း ကျန်ရှိသည့် လူ့ဘဝသက်တမ်းတစ်လျှောက် ထိုပုဂ္ဂိုလ်နှင့် မတွေ့ဆုံလိုတော့ဟု မျက်ရည်ဝေ့လျက် ဆိုသည်။ 

“သူ့အပြစ်နဲ့သူခံလေ။ မတွေ့ချင်တော့ဘူး။ တွေ့ရင်လည်း မချိပြုံးလေးပဲ ပြုံးပြလိုက်တာ အကောင်းဆုံးပဲ” ဟု ဦးဣန္ဒြောဘာသက မိန့်ဆိုလိုက်သည်။ 

Show More

Related Articles

Back to top button