သတင်း

သန်လျင်တွင် အဝီစိတွင်းတူးရာမှ မြေအောက်ဓာတ်ငွေ့ပါသည့် ရေများပန်းထွက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ ဗိုလ်ချုပ်ကျေးရွာ၌ အဝီစိတွင်းတူးရာမှ မြေအောက်ဓာတ်ငွေ့ပါဝင်သည့် ရေများ မြေပြင် ပေ ၃၀ ကျော်အမြင့်ထိ တွန်းကန်ထွက်လာခဲ့သဖြင့် အဝီစိတွင်း၏ ပေ ၁၀၀ ပတ်ဝန်းကျင်တွင် မီးမသုံးစွဲရေးကို ကြပ်မတ်ဆောင်ရွက်ထားကြောင်း သန်လျင်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောသည်။

ဗိုလ်ချုပ်ကျေးရွာ၊ စံပယ်လမ်းသွယ် (၁) ရှိနေအိမ်တစ်အိမ်၌ ယခုလ ၁၆ ရက်မှစ၍ အဝီစိတွင်းတူးရာ အနက်ပေ ၂၀၀ အရောက်တွင် မြေအောက်ရေများက စစထွက်ချင်း မြေပြင်မှ အမြင့်ပေ ၄၀ ကျော်အထိ တိုးထွက်ခဲ့ကြောင်း၊ ယနေ့ညနေအထိ အမြင့်ပေ ၃၀ ကျော်အထိ တိုးထွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

“မြန်မာ့ရေနံက ကျွမ်းကျင်သူတွေလည်း လာစစ်သွားတယ်။ ထွက်လာတဲ့လေနဲ့ရေ ရောနေတာတွေကိုလည်း နမူနာယူသွားတယ်။ သူတို့အပြောအရတော့ ဘိုင်အိုဂတ်စ်တစ်ခုခု ပါနေတယ်လို့သိရတယ်။ ဘာဂတ်စ် အမျိုးအစားလဲ မသိရသေးဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်အထိ ပတ်ဝန်းကျင်မှ လူထုများ အန္တရာယ်ဖြစ်ပွားမှု မရှိပါကြောင်း အဝီစိတွင်းတူးခဲ့သည့် အဆိုပါအိမ်တွင် နေထိုင်နေသည့် ဦးလှမြင့်က ပြောသည်။

အဝီစိတွင်းမှ မြေအောက်ဓာတ်ငွေ့အရှိန်ဖြင့် ပန်းထွက်နေသော ရေပန်းကို တွေ့ရစဉ် (ဓာတ်ပုံ – ဦးနေလင်းအောင် Facebook)

ဒီဇင်ဘာ ၁၆ ရက်နေ့ နေလယ်ပိုင်းက အဝီစိတွင်းစတင်တူးဖော်ခဲ့ရာ ယမန်နေ့အထိ အနက်ပေ ၂၀၀ ရောက်သည့်အခါ ရေကောင်းများ လိုက်လာခဲ့သဖြင့် တူးဖော်မှုကို ရပ်ခဲ့ပြီး ယနေ့မနက်တွင် ပလတ်စတစ်ပိုက်များ မြေအောက်သို့ချကာ လေမှုတ်စက်ဖြင့် ငါးမိနစ်ခန့်မှုတ်ထည့်လိုက်စဉ်မှာ လေမှုတ်စက်ပိုက်များပြုတ်ထွက်ပြီး မြေအောက်ရေများ တိုးထွက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“စဖြစ်ဖြစ်ချင်းတော့ ကျွန်တော်လည်း နည်းနည်းလန့်သွားတာပေါ့” ဟု ဦးလှမြင့်ကဆိုသည်။

မြန်မာ့ရေနံနှင့် ဓာတုလုပ်ငန်းမှ ကျွမ်းကျင်သူများက မြေအောက်ဂတ်စ်ပါဝင်မှုသည် သုည ဒသမ ၅ ရာခိုင်နှုန်းရှိနေသည်ဟု ပြောပြီး အဝီစိတွင်း၏ ပေ ၁၀၀ ပတ်ဝန်းကျင်တွင် မီးမသုံးစွဲရေးကို ကြပ်မတ်ဆောင်ရွက်ထားကြောင်း၊ သန်လျင်မြို့နယ်မီးသတ်နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက ကြပ်မတ်ကာ နှိုးဆော်ထားကြောင်း ဗိုလ်ချုပ်ကျေးရွာ ထိုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

ယခင် ငါးနှစ်ခန့်ကလည်း ထိုရပ်ကွက်အတွင်း ယခုလိုအဖြစ်အပျက်မျိုးဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုလောက် အားမပြင်းသလို ပန်းထွက်သည့်အမြင့်လည်း မမြင့်ကြောင်းသူက ဆက်ပြောသည်။

“အခုတော့ အဲ့ဒီအိမ်ပတ်ဝန်းကျင် ပေ ၁၀၀ ပတ်လည်က အိမ်တွေ မီးဖိုချောင်မီးမသုံးဖို့၊ ဆေးလိပ်ပါ မသောက်ဖို့ ကျွန်တော်တို့ နှိုးဆော် စောင့်ကြပ်နေပါတယ်။ သက်ဆိုင်ရာ မြန်မာ့ရေနံနဲ့ ဓာတုလုပ်ငန်းက တာဝန်ရှိသူတွေပါ လာစောင့်ပေးနေကြပါတယ်” ဟု ဦးကိုကိုနိုင်က ဆိုသည်။

Show More

Related Articles

Back to top button