
ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် ကယားပြည်နယ်မြို့တော် လွိုင်ကော်တွင် စစ်တပ်က မြို့လယ်နေရာအချို့တွင် အင်အား ထပ်ဖြည့်ကာ တပ်စွဲထားကြောင်း ဒေသခံတချို့ထံမှ သိရသည်။
လွိုင်ကော်မြို့လယ် သီရိမင်္ဂလာစျေး (တောင်ဈေး) အနီးရှိ KBZ ဘဏ်၊ နောင်ယားရပ်ကွက်ရှိ Gold ဟိုတယ်အပေါ်ထပ်၊ ကညနရုံးနှင့် တံထားထိပ်များ၌ တပ်စွဲထားကြောင်း လွိုင်ကော်တွင် ရှိနေသည့် မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပြီးနောက် KBZ ဘဏ်တွင် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားလိုက်ပြီး ကညနရုံးတွင်မူ ယမန်နေ့ (နိုဝင်ဘာ ၂၂) က အင်အားထပ်ဖြည့်ထားခြင်းဖြစ်ကြောင်း ဆိုသည်။
“မြို့ထဲနေရာအနှံ့မှာ ချထားတယ်။ ကင်းထောက်လေယာဉ်လည်း ဝဲတယ်။ တံတားထိပ်တိုင်းမှာလည်း ချထားတယ်” ဟု အထက်ပါ အမျိုးသမီးက ၎င်းသိရသမျှ အခြေအနေကို ပြောပြသည်။
ယမန်နေ့ကလည်း လွိုင်ကော်မြို့ အရှေ့ဘက် ဧက ၅၀၀ ရပ်ကွက်ရှိ ခြေလျင်တပ်ရင်း (ခလရ) ၅၄ တပ်တွင်းသို့ ရဟတ်ယာဉ်ပေါ်မှ ပစ္စည်းထုပ်များ ၅ ကြိမ် လာရောက်ချထားကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် လွိုင်ကော်မြို့ထဲ၌ အင်တာနက်လိုင်းပြတ်တောက်နေပြီး ဖုန်းလိုင်းမှာ နေရာကွက်ကျား ရနေကြောင်း၊ ဓာတ်ဆီတစ်လီတာလျှင် ၁၀၀၀၀ ကျပ်အထိ ပေးဝယ်နေရကြောင်း ဒေသခံတချို့က ဆိုသည်။
လွိုင်ကော်မြို့တွင် မိသားစုဝင်တချို့ ကျန်ခဲ့သည့် အမျိုးသမီးတစ်ဦးကလည်း စစ်ကောင်စီတပ်က လမ်းပိတ်ထားသဖြင့် ၎င်း၏အဒေါ်၊ ဦးလေးနှင့် မောင်လေးတို့ ပိတ်မိနေကြောင်း ပြောသည်။
မြို့ခံများ၏ ပြောပြချက်အရ နမ့်ဘော်ဝမ်၊ လောဓမ္မ၊ လောဒေါ၊ ကြည်သာယာ စသည့် ရပ်ကွက်များတွင် ပိတ်မိနေသူများ ရှိနေကြောင်း သိရသည်။
“ပစ်တော့ပစ်တယ်တဲ့။ အဖေနဲ့ ညီတစ်ဝမ်းကွဲ ကျန်ခဲ့တယ်လေ။ အိမ်မှာပဲ နေကြတယ်၊ အေးဆေးပါပဲတဲ့” ဟု လွိုင်ကော်မြို့မှ ထွက်ခွာလာသည့် အမျိုးသားတစ်ဦးက ပြောသည်။
ယမန်နေ့တွင် ဒေါဥခူရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံးကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်ကာ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မြေပြင်ရဲဘော်တချို့ထံမှ သိရသည်။
စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား ပျက်စီးကြောင်း၊ တိုက်ပွဲပြင်းထန်ခဲ့သည့် ဘာဒို၊ ထေးငှားလျား၊ နာနတ်တော၊ ဒေါဥခူနှင့် နောင်ယားရပ်ကွက်တို့တွင် ပျက်စီးမှုအများဆုံးဖြစ်ကြောင်း သိရသည်။
၁၁.၁၁ စစ်ဆင်ရေး ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဘောလခဲနှင့် ဖရူဆိုဘက်မှ စစ်ကူများ ပို့ဆောင်နေပြီး ယနေ့တွင်လည်း ဖရူဆိုဘက်မှ စစ်ကြောင်းထိုးလာကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း ၂ ခုကို တိုက်ခိုက်ပြီး ၃၈ ဦးက KNDF ထံ လက်နက်ချခဲ့သည်။ ထို ၄ ရက် တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးမှုများပြားပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက်နှင့် ခဲယမ်းပစ္စည်းများကို KNDF က သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက လွိုင်ကော်မြို့၏ စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချမည်ဟု နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ပြောဆိုခဲ့ပြီး ပြည်သူများ ဘေးလွှတ်ရာ ရွှေ့ပေးရန် တောင်းဆိုထားသည်။
“အခုလိုမြို့သိမ်းတိုက်ပွဲတွေဟာ ပျက်စီးနစ်နာမှုများနိုင်တယ်ဆိုတာ သိထားပေမဲ့ အာဏာရှင်စနစ် အမြစ်တွယ်မှာကို ပိုကြောက်မိတဲ့အတွက် အခုလိုစစ်ဆင်ရေးကို အားလုံးက ချမှတ်လိုက်တာ ဖြစ်တယ်။ ပြည်သူပြည်သားများအနေနဲ့ ဘေးကင်းလွတ်ရာတွေကို ယာယီရွှေ့နေပေးကြဖို့ကိုလည်း တောင်းဆိုပါတယ်”

လွိုင်ကော်ဒေသခံအများစုသည် ရှမ်းပြည်နယ်တောင်ပိုင်းသို့ အများဆုံး ထွက်ပြေးတိမ်းရှောင်နေပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်လည်း ခိုလှုံနေကြရသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လွိုင်ကော်မြို့အနီး လူနေရပ်ကွက်အတွင်း ဝင်ရောက် ပစ်ခတ်နေသည်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်များ ဖြစ်ကြောင်း ယမန်နေ့ (နိုဝင်ဘာ ၂၂) ညပိုင်းက ထုတ်ပြန်ပြောဆိုသည်။
စစ်ဘေးရှောင်သူတို့မှာ အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဒေသတွင် ခိုလှုံနေသည်ဟုလည်း သူက ဆိုသည်။
“ကယားပြည်နယ် လွိုင်ကော်မြို့တစ်ဝိုက်မှာ စစ်ရေးနဲ့မဆိုင်တဲ့ လူနေရပ်ကွက်တွေထဲကို ဝင်ရောက်တာတွေ၊ ပစ်ခတ်တာတွေကို KNPP အနေနဲ့ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နေတဲ့အတွက် ကယားပြည်နယ်နဲ့ ဆက်စပ် ရှမ်းပြည်နယ် (တောင်ပိုင်း) PNLO ပအိုဝ်းအခြေပြုဒေသတွေမှာ ကယားပြည်နယ်က စစ်ဘေးရှောင်များ တစ်သောင်းလောက် ရောက်ရှိနေတာ တွေ့ရပါတယ်”
ထိုစစ်ရှောင်များအတွက် စခန်း ၂၀ ခန့် ရှိသည်၊ ပအိုဝ်းဒေသခံများ၊ PNLO တို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးနေကြောင်း သူက ပြောထားသည်။

နိုဝင်ဘာ ၁၁ ရက်မှစတင်၍ တိုက်ပွဲများလည်း ပြင်းထန်နေရာ နိုဝင်ဘာ ၁၈ ရက်က လွိုင်ကော်မြို့ တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA) တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းဌာနများက ရေးသား ဖော်ပြထားကြသည်။
သေဆုံးသူများမှာ အသက် ၂၁ နှစ်အရွယ်များဖြစ်ကြသည့် ခူးဘူးရယ်၊ ခူးညေးရယ်၊ ၂၃ နှစ်အရွယ် ပိုင်စနိုး၊ ၁၉ နှစ်အရွယ် ပလျားရယ် တို့ဖြစ်သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်အတွင်း တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများမှာ KNPLF တပ်ရင်းအမှတ် (၉၄၂၅) မှ တပ်စုမှူး ရဲဘော်သားချော၊ ဒုတပ်စိပ်မှူး ရဲဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေတို့ ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် KNDF တို့မှလည်း ထိခိုက်သေဆုံးသူများ၊ ဒဏ်ရာရသူများ ရှိနေသည်။
ကရင်နီအခြေစိုက် KNDF သည် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မကြာသေးခင်က ပေါ်ပေါက်ခဲ့သော”၁၀၂၇ စစ်ဆင်ရေး” တွင် KNDF ၏ မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ် (၆၀၆) တပ်ရင်းက ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။
မြောက်ပိုင်းမဟာမိတ်တပ်များက ကွမ်းလုံမြို့ကို အပြီးသတ် သိမ်းယူခဲ့သော စစ်ဆင်ရေးတွင် KNDF ၏ တပ်စုမှူး မောင်ဗေဒါ၊ တပ်စိတ်မှူး ခွန်းမာနွေးလယ်၊ တပ်ကြပ်ကြီး ခွန်းစတီဗင်ဒီဇိုင်းတို့ သေဆုံးခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သော သန်းခေါင်စာရင်းအရ စတုရန်းကီလိုမီတာ ၁,၅၀၀ ဝန်းကျင်သာ ရှိသည့် လွိုင်ကော်မြို့နယ်အတွင်း ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၁၂ ခုတွင် လူဦးရေ တစ်သိန်းကျော် နေထိုင်ကြောင်း သိရသည်။
စစ်ကောင်စီဌာနချုပ်ရှိရာ နေပြည်တော်နှင့် မိုင် ၇၀ ခန့်သာ ကွာဝေးသည့် မြို့လည်းဖြစ်ရာ လွိုင်ကော်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခု ဖွဲ့စည်းထားပြီး အခိုင်အမာ တပ်စွဲထားသည်။