အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တန့်ဆည်မြို့ပေါ်ကို ရွှေဘိုခရိုင် PDF အဖွဲ့များ ဝင်တိုက်

စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ တန့်ဆည်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကိုင်များ တပ်စွဲထားရာနေရာများကို ယမန်နေ့ (နိုဝင်ဘာ ၂၁) ညပိုင်းတွင် ရွှေဘိုခရိုင် PDF တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မူးမြစ်အနောက်ဘက်ရှိ တန့်ဆည်မြို့ပေါ် ၌ စစ်သားများတပ်စွဲထားရာ အထကကျောင်း၊ ဆေးရုံနှင့် ‌ဘောလုံးကွင်းတို့ကို တစ်နာရီကြာ ဝင်ရောက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ဆေးရုံနှင့် အထက (၁) ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီဘက်မှ လက်နက်ကိုင်များ ရဲစခန်းနှင့် စစ်တပ်စခန်းရှိရာ ဘောလုံးကွင်းဘက်သို့ ဆုတ်ခွာသွားသည်ဟု ဆိုသည်။

“သူတို့တပ်စွဲတဲ့နေရာတွေပဲ ဝင်ပစ်ခဲ့တာ၊ သိပ်တော့ မခုခံဘူး။ သူတို့ (အခိုင်အမာ) တပ်စွဲထားနေရာတွေကို ပြန်ဆုတ်သွားတာ” ဟု အထက်ပါ PDF အဖွဲ့ဝင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်များ မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည့် တန့်ဆည်မြို့ပေါ်တွင် စစ်သား၊ ရဲနှင့် ပျူစောထီးလက်နက်ကိုင် ၁၅၀ ခန့် တပ်စွဲထားသည်ဟု သိရသည်။

တန့်ဆည်မြို့တွင်းသို့ ယမန်နေ့ညပိုင်းက ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိ မသိရသော်လည်း ၎င်းတို့ဘက်မှ တစ်ဦး သေဆုံးသည်ဟု အခြား PDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“စစချင်း ပြည်သူ့ဆေးရုံ ပစ်နေတဲ့အချိန် အခြားအဖွဲ့က ဝန်ထမ်းအိမ်ရာနဲ့ ထွေအုပ်ရုံးကို ပစ်တာ။ ထိခိုက်ဒဏ်ရာတွေရတာတော့ ရှိနိုင်တယ်။ ကိုယ်နိုင်သလောက်ပဲ လုပ်ပြီး ပြန်ဆုတ်ခဲ့တာပေါ့”

စစ်ကောင်စီဝါဒဖြန့် မီဒီယာတစ်ချို့တွင် PDF များ အလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ကြောင်း ဖော်ပြထားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သူမရှိခဲ့ကြောင်း ရေးသားသည်။

ကာကွယ်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်မည်ဆိုသော သတင်းကြောင့် မြို့ပေါ်တွင် နေထိုင်သူအများစု ယမန်နေ့ ညနေပိုင်းကတည်းက တိမ်းရှောင်နေကြသည်ဟုလည်း မြို့ခံတစ်ဦးက ပြောသည်။

“မြို့ပေါ်က လူတွေကတော့ အကုန်တိမ်း (တိမ်းရှောင်) နေကြတာပဲ။ အမတို့လည်း မနေ့က သတင်းရလို့ ည ၇ နာရီလောက်ကတည်းက ရှောင်နေကြရတာ။ မြို့ပေါ်ကတော့  မနေရဲကြတော့ဘူး။ လူမရှိတော့ဘူး၊ ရွာတွေဘက် အကုန်ရောက်ကုန်ကြတာ” ဟု တန့်ဆည်မြို့ခံ​ အမျိုးသမီးက ဆိုသည်။

တန့်ဆည်မြို့တွင် စစ်ကောင်စီက နံနက် ၆ နာရီမှ ည ၆ နာရီအထိ အပြင်မထွက်ရ အမိန့်ထုတ်ထားသည်မှာ ကြာပြီဖြစ်ကာ လျှပ်စစ်မီးနှင့် ရေပေးဝေမှု ပြတ်တောက်နေသည်မှာလည်း နှစ်လနီးပါးရှိပြီ ဖြစ်သည်။

လွန်ခဲ့သည့် စက်တင်ဘာလအတွင်းက တန့်ဆည်မြို့ပေါ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာများကို ရွှေဘိုခရိုင် PDF က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးကာ သေနတ် ၁၄ လက်သိမ်းယူနိုင်ခဲ့သည်။

ရှမ်းမြောက်အခြေစိုက် တိုင်ရင်းသားတော်လှန်ရေးအဖွဲ့များ၏ ထိုးစစ်ကြောင့် စစ်ကောင်စီဘက်မှ စစ်စခန်းအမြောက်အမြား ဆုံးရှုံးနေချိန် စစ်ကိုင်းတိုင်းအတွင်းရှိ PDF အဖွဲ့များကလည်း ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA အကူအညီဖြင့် တိုက်ပွဲများဖော်ဆောင်နေသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခရိုင်မြို့တစ်မြို့ဖြစ်သော ကောလင်းနှင့် စစ်ကိုင်းတိုင်းအနောက်ပိုင်းရှိ ခမ်းပတ်မြို့ကို တော်လှန်ရေးအဖွဲ့များက သိမ်းယူထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button