သတင်း

ကျန်းမာရေးဝန်ထမ်းများ ဘုတလင်မြို့နယ်ဆေးရုံကို စွန့်ခွာ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ နိုဝင်ဘာ ၁၉ ရက်က ဆေးရုံကို စွန့်ခွာသွားပြီးနောက် ဆေးရုံလည်ပတ်ခြင်းမရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ဘုတလင်မြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများကို အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာရန် ဒေသကာကွယ်ရေးအဖွဲ့များက အကြောင်းကြားပြီးနောက် ရက်ပိုင်းအတွင်း ဆရာဝန် ၄ ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်း ၂၀ နီးပါး ဆေးရုံကို စွန့်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ကို CDM ဝင်ဖို့ပေါ့။ မနေ့က ၁၉ ရက်နေ့က နေ့လည် ၁ နာရီ နောက်ဆုံးထားပြီး အကြောင်းပြန်ဖို့ဆိုပြီး ပို့လိုက်တာ။ အကြောင်းမပြန်တော့ဘဲနဲ့ သူတို့က လူလွတ် တစ်ခါတည်း ရုန်းပြေးတော့တာ။ သူတို့ဘာသူတို့ ပိတ်ထားခဲ့တဲ့သဘောပါ” ဟု ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သည့် လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ဆေးရုံတက်နေသည့် လူနာများကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းမှစတင်၍ ဆေးရုံဆင်းခိုင်းလိုက်သည်ဟု သိရကြောင်း ဘုတလင်မြို့နယ် ဒေသခံများက ဆိုသည်။

“လူနာတွေက အစောကတည်းက ၂ ယောက်၊ ၃ ယောက်လောက်ပဲရှိတာ။ ဆေးရုံက ဘယ်သူမှတော့ မရှိတော့ဘူး။ အပေါက်ကတော့ ဖွင့်ထားတယ်။ (မနေ့က) ပစ္စည်းတွေကိုတော့ သယ်နေကြတုန်းပဲရှိသေးတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဘုတလင်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဆေးရုံသည် ဒေသခံများ သွားရောက်လေ့သိပ်မရှိသောကြောင့် ဆေးရုံဝန်ထမ်းများ စွန့်ခွာသွားကြသော်လည်း ကျန်းမာရေးဆိုင်ရာပြဿနာ မရှိကြောင်း ၎င်းက ဆိုသည်။

“အဲ့ဒီဆေးရုံကို သိပ်မသွားကြဘူး။ ပုဂ္ဂလိကဆေးရုံတို့ သွားကြတာများတယ် မုံရွာတို့၊ တခြားနေရာတွေက။ မပိတ်ခင်ထိတော့ ခုနောက်ပိုင်းကတော့ တော်တော်များများကို မလာတော့တာ။ အရင်တုန်းကတော့ မွေးလူနာတွေ အများဆုံးလာကြတယ်။ မွေးလူနာတွေတောင် မလာကြတော့ဘူး တစ်လနှစ်လ အတောအတွင်းကို မလာတော့တာ” ဟု အထက်ပါ ဘုတလင်ဒေသခံ အမျိုးသမီးက ပြောသည်။

လက်ရှိတွင် ပြည်သူ့ဆေးရုံ ပိတ်သွားသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရက ဘုတလင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း အထက်ပါ ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူက ဆိုသည်။

ဘုတလင်ဆေးရုံမှ ဆေးဝန်ထမ်းများကို ၂၀၂၀ အတွင်းက တွေ့ရစဉ် ။ (ဓာတ်ပုံ – စစ်ကောင်စီ)

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ မုံရွာမြို့မှ ကားဖြင့် သွားပါက တစ်နာရီနီးပါးခရီးသာ ကြာမြင့်သည့် ဘုတလင်မြို့နယ်သည် ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသည့် ဒေသဖြစ်သည်။

ယခုနှစ် ဩဂုတ် ၈ ရက်နေ့တွင် ဘုတလင်မြို့လယ်ရှိ မီးသတ်စခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက် စီးနင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူးအပါအဝင် မီးသတ်စခန်းအတွင်း နေထိုင်သူ ၂၁ ဦးကို ဖမ်းဆီးခဲ့သည်။

ထိုနောက်ပိုင်းမှစတင်၍  မြို့နယ်အတွင်း ဌာနဆိုင်ရာအများစုသည် ပုံမှန်လည်ပတ်နိုင်သည့် အခြေအနေမရှိကြောင်း ဒေသခံများက ဆိုကြသည်။

ဘုတလင်မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ဆေးရုံကို စွန့်ခွာသွားသည့် အခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း၊ ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို Myanmar Now က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူထံသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့နှင့် မဟာမိတ်အဖွဲ့များက အောက်တိုဘာ ၂၇ ရက်မှ စတင်ပြီး ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိရာ မြို့ ၃ မြို့ထက်မနည်း ထိန်းချုပ်ထားချိန် မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း စစ်ကိုင်းတိုင်း ကောလင်း၊ ခမ်းပတ်နှင့် ချင်းပြည်နယ် ရိခေါရ်ဒါမြို့တို့ကို ကာကွယ်ရေးအဖွဲ့များက ထိန်းချုပ်ထားသည်။

နိုဝင်ဘာလဆန်းတွင် ကာကွယ်ရေးအဖွဲ့များ သိမ်းပိုက်ခဲ့သည့် ကောလင်းမြို့တွင် အုပ်ချုပ်ရေးလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရန် ကောလင်းခရိုင်အတွင်းမှ CDM ဝန်ထမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းထားသော အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ညှိနှိုင်းရေးအဖွဲ့က ဖိတ်ခေါ်ထားသည်။

Show More

Related Articles

Back to top button