အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လွိုင်ကော်မြို့လယ်ထိ တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်

လွိုင်ကော်မြို့တွင်းအထိ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်နှင့် အနီးကပ်တိုက်ပွဲများဖြစ်နေသည်။

ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့ပြင်ရှိ စစ်တပ်စခန်းများကို သိမ်းယူပြီးနောက် ကရင်နီတပ်ပေါင်းစုက ယနေ့ (နိုဝင်ဘာ ၂၀) တွင် မြို့လယ်အထိ ဝင်ရောက်တိုက်ခိုက်နေသည်ဟု သိရသည်။​

နေပြည်တော်နှင့် အနီးဆုံး တိုင်းရင်းသားပြည်နယ်ရှိ လွိုင်ကော်မြို့ကို သိမ်းနိုင်ရန် ရည်ရွယ်သည့် “၁၁.၁၁” စစ်ဆင်ရေးကို ကရင်နီဒေသရှိ တော်လှန်ရေးအင်အားစုများက ယခုလ ၁၁ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ကာ ယနေ့အထိ အပြင်းအထန်ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

နှစ်ဖက်တပ်များ နီးနီးကပ်ကပ်ရှိနေပြီး တိုက်ပွဲဖြစ်ရာသို့ စစ်တပ်က လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသည့်အပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟုလည်း သိရသည်။

“တိုက်ပွဲအခြေအနေကတော့ ပြင်းထန်နေတုန်းလို့ ပြောလို့ရပါတယ်ခင်ဗျ။ တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ထဲရပ်ကွက်တွေမှာ တော်တော်လေး ဝင်ရောက်စိုးမိုးနိုင်တဲ့ အနေအထားမျိုးရှိနေပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ဗဟိုပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်က ပြည်နယ်ရဲစခန်း၊ ခရိုင်ရဲစခန်း၊ အကျဉ်းထောင်၊ ဒေသစစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်တို့တွင် နေရာယူထားပြီး ကရင်နီတပ်ပေါင်းစုသည်လည်း ထိုနေရာများအနီးတစ်ဝိုက်တွင် ရှိနေသည်ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO PDF) မှ ပြန်ကြားရေးတာဝန်ခံကလည်း ပြောသည်။

လွိုင်ကော်မြို့ထဲရှိ ပုဂ္ဂလိကဘဏ်နှင့် ဘာသာရေးအဆောက်အအုံကဲ့သို့ အထပ်မြင့်အဆောက်အအုံများတွင် စစ်တပ်က နေရာယူထားသည်ဟု ဆိုသည်။

ရက်အတန်ကြာသည်အထိ တိုက်ပွဲပြင်းထန်နေရာ လူနေအိမ်နှင့် အခြားအဆောက်အအုံများ ပျက်ဆီးမှုရှိနေပြီး ပိတ်မိနေသူများနှင့် လက်နက်ကြီး၊ လက်နက်ငယ်နှင့် တိုက်လေယာဉ်ဗုံးကြဲမှုတို့ကြောင့် သေဆုံးမှုများလည်း ရှိနေသည်။

စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု လေကြောင်းတိုက်ခိုက်မှုများကြောင့် အရေးပေါ် တိမ်းရှောင်နေရသည့် လွိုင်ကော်ဒေသခံများကို နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ − အက်စတာဂျေ / Myanmar Now)

ဒေသအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Karenni Human Rights Group (ကရင်နီလူ့အခွင့်အရေးအဖွဲ့)၏ ထုတ်ပြန်ချက်များအရ နိုဝင်ဘာ ၁၁ ရက်မှ ၁၈ ရက်အထိ လေကြောင်းပစ်ခတ်မှုများနှင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၅၃ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၈ ဦး ပါဝင်သည်ဟု ဆိုသည်။

လူဦးရေ တစ်သိန်းကျော်ရှိသည့် လွိုင်ကော်မြို့တွင် ထွက်ပြေးတိမ်းရှောင်သူ ထောင်ချီရှိသော်လည်း မြို့ထဲတွင် ပိတ်မိနေသူများလည်းရှိသည်ဟု ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မိသာစုဝင် စုစုပေါင်း ၂၂၈ ဦးကို တောင်ကြီးမြို့သို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့က နိုဝင်ဘာ ၁၈ တွင် ကြေညာသည်။

ထို့ပြင် လွိုင်ကော်တက္ကသိုလ်မှ ပညာရေးဝန်ထမ်းနှင့် မိသားစုဝင် စုစုပေါင်း ၁၉၈ ဦးကို နေရာရွှေ့ပြောင်းပေးခဲ့ပြီး စောင့်ရှောက်ထားသည်ဟု IEC က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လူဦးရေထက်ဝက်ကျော် မြို့ကို စွန့်ခွာသွားခဲ့သော်လည်း နမ့်ကွတ်၊ နောင်ယား၊ မိုင်းလုံး၊ လောဓမ္မ၊ ကြည်သာယာ၊ ဧက ၅၀၀ စသည့် ရပ်ကွက်များမှ ဒေသခံတချို့ တိမ်းရှောင်နိုင်ခြင်း မရှိသေးဟု လွိုင်ကော်မြို့တွင် ရှိနေသည့် ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။

“စီးပွားရေးအခြေအနေကြောင့်ပေါ့နော်၊ တချို့မပြောင်းနိုင်တာတွေ ရှိတယ်။ သွားမယ်လာမယ် ဟိုမှာ နေမယ်ထိုင်မယ် စားဖို့သောက်ဖို့ အနေအထားတွေကအစ အဆင်မပြေတဲ့ဟာတွေ အများကြီးရှိတယ်။ နောက်ပိတ်ဆုံးအထိ နေသွားမယ်ဆိုတဲ့လူတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကိုသာမက တိုက်ပွဲမဖြစ်သည့် နေရာများကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယမန်နေ့ ညပိုင်းတွင် ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖကျေးရွာမှ ကလေးငယ်နှစ်ဦး ခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့သည်။

လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားသည့် တပ်ရင်းနှစ်ခုကို နိုဝင်ဘာ ၁၃ နှင့် ၁၄ ရက်တို့တွင် ကရင်နီတော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်ကျန် စစ်သား ၃၂ ဦး လက်နက်ချခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button