
ရှမ်းပြည်နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်များ ဝိုင်းထားသည့်၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိသည့် လားရှိုးမြို့ပေါ်တွင် ကင်းထောက်ဒရုန်းများ နေ့စဉ် ရောက်လာတတ်ပြီး ညပိုင်းတွင် ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ ညနေ ၆ နာရီကလည်း ရမခ ဌာနချုပ်ဘက်မှ လာသည်ဟု ယူဆရသည့် ပစ်ခတ်သံများ ဆက်တိုက်ကြားခဲ့ကြောင်း အဆိုပါ ရပ်ကွက်နေ လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
“တိုင်းစစ်ဌာနချုပ်အပေါ်မှာ ဒရုန်းလာဝဲလို့ ပစ်တာ၊ မိနစ် နှစ်ဆယ်ကျော်လောက် ရှိတယ်၊ ဗုံးသံတော့ မကြားရဘူး၊ ထောက်လှမ်းရေးဒရုန်းတွေ လာတာဖြစ်မယ်” ဟု ထိုဒေသခံက ဆိုသည်။
နေ့စဉ် စခန်းစီးနင်းသိမ်းပိုက်မှု ရှိနေသော၊ ညီနောင် ၃ ဖွဲ့ ဦးဆောင်သော တိုက်ပွဲများတွင် ဒရုန်းများကို ပစ်မှတ်ပေါ် ဗုံးကြဲချရန် အသုံးပြုနေသလို နယ်မြေအခြေအနေ လေ့လာ ထောက်လှမ်းရန်အတွက်လည်း တွင်တွင်ကျယ်ကျယ် သုံးနေခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ရှိနေချိန် လားရှိုးမြို့ကိုလည်း ဝင်ရောက်သိမ်းမည်ဟူသော သတင်းကြောင့် မြို့ထဲတွင် သိသိသာသာ ခြောက်ကပ်သွားသည်ဟု ဒေသခံတို့က ဆိုသည်။
“မြို့ထဲမှာတော့ လူသွားလူလာ နည်းသွားတယ်။ လုံခြုံရေးတိုးတာတွေတော့ ရှိတယ်.. မီးဖိုချောင်သုံးပစ္စည်းတွေကတော့ အကုန်ဈေးတက်နေတာ” ဟု အထက်ပါ ဒေသခံက ဆိုသည်။
လားရှိုးမြို့တောင်ဘက် ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့ကို တအာင်းတပ်မတော် (TNLA) ဦးဆောင်သည့် အဖွဲ့များက နယ်မြေထိန်းချုပ်ထားနိုင်သလို မြောက်ဘက်ပိုင်းရှိ တာမိုးညဲ၊ ကွမ်းလုံ၊ ချင်းရွှေဟော်မြို့တို့ကို MNDAA ဦးဆောင်သည့် အဖွဲ့များက သိမ်းယူထားပြီး တချို့မြို့များကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။
ရှမ်းမြောက်သို့ သွားရာ မန္တလေး-လားရှိုးလမ်းပေါ်ရှိ နယ်မြေအများစုကို မြောက်ပိုင်းမဟာမိတ်တပ်များက ထိန်းချုပ်ထားပြီး ကျောက်မဲနှင့် သီပေါကြား ဆက်သွယ်ထားသည့် ကျင်သီတံတားလည်း ထက်ပိုင်းကျိုးကာ TNLA က ဆက်သွယ်ရေးဖြတ်တောက်ထားသည်။

ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း လားရှိုးမြို့အရှေ့ဘက် တန့်ယန်းမြိုနယ်အတွင်းမှ တာဆိုင်းလျံ စစ်ဆင်ရေးခြေကုပ်စခန်းကို TNLA က သိမ်းယူခဲ့သလို ကွတ်ခိုင်မြို့နယ်ရှိ မုံးဟွမ်ပြည်သူ့စစ်နှင့် မုံးပေါ်ပြည်သူ့စစ်အဖွဲ့တို့လည်း လက်နက်ချခဲ့ကြောင်း သိရသည်။
ရှမ်းမြောက်ဒေသ၏မြို့တော် လားရှိုးမြို့ပတ်ပတ်လည်ရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးအဖွဲ့များက ဗျူဟာကျကျ ထိန်းချုပ်ထားသဖြင့် လားရှိုးမြို့ရှိ ရမခ ဌာနချုပ်ကို သိမ်းယူနိုင်သည့် အခြေအနေရှိကြောင်း ရှမ်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်ကြီးလင်းထက်အောင်က မှတ်ချက်ပြုသည်။
“ရမခတစ်ခွင်ကို လားရှိုးချန်ပြီး ကောင်းကောင်းကြီး ခြိမ်းခြောက်ထားတယ်။ လားရှိုးပတ်ပတ်လည်ကို တော်လှန်ရေးတပ်တွေက ဖိအားပေးထားတယ်….. ရမခကို သိမ်းနိုင်မလား ဆိုတာကတော့ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးစီမံချက်အပေါ်မှာ မူတည်တယ်။ လက်ရှိ စစ်ရေးစိတ်ဓာတ်တွေက ကွာသွားတော့ တကယ်တိုက်မယ်ဆိုရင် (သိမ်းနိုင်ဖို့) ၇၅ ရာခိုင်နှုန်းအထိ သေချာတယ်” ဟု CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူ ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။
စစ်ကောင်စီတပ်တွင် တိုင်းစစ်ဌာနချုပ် ၁၄ ခု ရှိရာ တပ်စခန်းများ ဆက်တိုက် သိမ်းပိုက်ခံနေရသော ရမခသည် စစ်သည်အင်အားနှင့် လက်နက်အင်အားများပြား၊ စိတ်ဓာတ်တက်ကြွ၊ လူထုထောက်ခံမှု ရရှိနေသည့် တော်လှန်ရေးအဖွဲ့များ၏ ရန်ကို အနီးကပ် ခံနေရသည့် တိုင်းစစ်ဌာနချုပ်ဖြစ်လာသည်။
ပြည်တောင်စုလမ်းမ ဖြတ်တောက်ခံထားရသဖြင့် ခရီးသည်တင်ကားများနှင့် ကုန်တင်ယာဉ်များ လားရှိုးမြို့သို့ ဝင်ရောက်သည့်လမ်းကြောင်းမှာ တောင်ကြီး-လားရှိုးလမ်းတစ်ခုသာ ကျန်တော့သည်။ လားရှိုးလေယာဉ်ကွင်းမှာလည်း ၁၀၂၇ စစ်ဆင်ရေး စတင်သည့် နေ့မှစပြီး ပုံမှန်ခရီးစဉ်များ ရပ်တန့်နေကာ စစ်လေယာဉ်များသာ အတက်အဆင်းရှိတော့သည်။
လက်ရှိအခြေအနေကြောင့် ကုန်ပစ္စည်းများ စျေးတက်နေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“ပြည်ထောင်စုလမ်းမကြီးက ပိတ်သွားတော့ ရှိသမျှ အကုန်ဈေးတက်သွားတာ။ မြို့ပေါ်မှာတော့ ဘာမှတော့ မပစ်သေးဘူး။ မြို့ပတ်ပတ်လည်တော့ ပစ်နေတာပဲ၊ ညပိုင်းဆိုရင်တော့ ပစ်သံတွေ ကြားရတယ်” ဟု ဆန်ရောင်းဝယ်ရေးလုပ်နေသူ မြို့ခံတစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ကာ ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်တပ် (MNDAA)၊ တအောင်းတပ် (TNLA) သုံးဖွဲ့နှင့် မဟာမိတ်အဖွဲ့များက ရှမ်းမြောက်ပိုင်းကို ထိုးစစ်ဆင်ခဲ့ရာ လဝက်အတွင်းပင် တပ်ရင်းစခန်းများ၊ စစ်ဗျူဟာခြေချ စခန်းကြီးများအပါအဝင် စစ်ကောင်စီ၏ စခန်းပေါင်း ၁၄၀ ကျော်အထိ သိမ်းပိုက်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)