သတင်း

ဖလမ်းမြို့နယ်မှ လေတပ်အားကိုးသည့် သီးဘွာလ်စခန်းကို CNDF သိမ်းပိုက်

ချင်းပြည်နယ်၊ ဖလမ်းမှ အင်အား ၄၀ ခန့်ရှိ စခန်းမှာ လေတပ်ပစ်ကူကြောင့် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သော်လည်း ယခု လေတပ်မလာနိုင်ချိန်တွင် တော်လှန်ရေးအဖွဲ့က သိမ်းလိုက်သည်။

အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ်၊ သီးဘွာလ် စစ်တပ်စခန်းကို ယနေ့ (နိုဝင်ဘာ ၁၅) ရက် နံနက်က သိမ်းပိုက်ရရှိခဲ့သည်၊ ထိုစခန်းမှ စစ်သားအများစု ထွက်ပြေးသွားသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ပြောသည်။

မြို့မြောက်ဘက် မိုင် ၅၀ ခန့်အကွာရှိ သီးဘွာလ်စခန်းကို ယမန်နေ့ (နိုဝင်ဘာ ၁၄) ညသန်းခေါင်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီခန့်တွင် စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း CNDF က ဆိုသည်။

ထိုစခန်းတွင် အင်အား ၃၀ ဝန်းကျင်ရှိခဲ့သည်၊ တိုက်ပွဲတွင် သေဆုံးသူ ၂ ဦး ရှိသည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“၆ နာရီကျော်လောက် မိုးမလင်းခင်လောက်မှာ သိမ်းနိုင်ခဲ့တယ်။ စကစဘက်က ၂ ယောက်တော့ ကျတယ်။ ကျန်တဲ့သူက ဘယ်အချိန်ကတည်းက ပြေးလည်းတော့ မသိဘူး။ ကျွန်တော်တို့ ဝင်တဲ့အချိန်ကျတော့ မရှိတော့ဘူး။ အကုန်လုံးက ပြေးနေကြပြီ။ ခုထိတော့ လိုက်ရှာနေတုန်းပဲ” ဟု သူက ပြောသည်။

သီဘွားလ်စခန်းမှ ထွက်ပြေးသွားသူများ မီဇိုရမ်ပြည်နယ်၊ ဗာဖိုင် (Vaphile) ကျေးရွာသို့ ရောက်ရှိသွားကြောင်း၊ အိန္ဒိယအစိုးရလက်အောက်ခံ အာသံရိုင်ဖယ်တပ်က ကယ်ထုတ်ရန် ပြင်ဆင်နေကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization CNO) ၏ သတင်းထုတ်ပြန်ရေး လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် The Rihli Voice တွင် ရေးသားထားသည်။

သီးဘွာလ်စခန်းစီးနင်းမှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ သိမ်းဆည်းရမိခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CNDF က ပြောသည်။

ပြီးခဲ့သည့်ရက်က ရိခေါဒါရ်မြို့မှ စစ်စခန်းနှစ်ခုကို ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ချိန်တွင် စစ်သား ၄၀ ခန့် အိန္ဒိယဘက်သို့ ထွက်ပြေးသွားရာ အိန္ဒိယအစိုးရက ၎င်းတို့ကို စစ်ကောင်စီထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

အမှတ် (၂) အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ သီးဘွာလ်စခန်းကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် CNDF က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်နှစ်အကြာတွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခြင်း ဖြစ်သည်။

ယမန်နှစ် သီးဘွာလ်စခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်ခဲ့ရာ ၆ ရက် နီးပါးကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်အင်အားမမျှသည့် ကာကွယ်ရေးအဖွဲ့များမှာ စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ယမန်နေ့က တိုက်ခိုက်မှုတွင် လေကြောင်းပစ်ကူ ရောက်မလာပေ။ စခန်းတွင် ရှိနေသူများ ထွက်ပြေးရာမှ တော်လှန်ရေးအဖွဲ့က စခန်းရရှိသွားသည်။

“(မနှစ်တုန်းက) လေကြောင်းပစ်ကူ တော်တော်များသွားတော့ ဆုတ်လိုက်ရတဲ့အခြေအနေ ဖြစ်သွားတာ။ (ဒီတစ်ကြိမ်က) ဘာကြောင့် လေကြောင်းမလာလဲတော့ သေချာမသိဘူး။ မနက်ကတော့ လာမယ်တော့ ပြောတာပဲ။ ခုထိတော့ မလာသေးတဲ့အခြေအနေဖြစ်တယ်။ ညတုန်းက တိုက်ပွဲမှာလည်း လေကြောင်းက မရောက်လာဘူး” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

၂၀၂၁ အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို လမ်းပေါ်တွင် ပစ်သတ်ရာမှ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ စစ်ကောင်စီတပ်က စစ်မျက်နှာများစွာ ဖွင့်ထားရပြီး မြေပြင်တပ်များ အားကိုးသည့် လေတပ်အကူအညီကို တိုက်ပွဲဖြစ်သည့် နေရာတိုင်းသို့ ပို့နိုင်ခြင်း မရှိတော့ပေ။

ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့နှင့် မဟာမိတ်အဖွဲ့များက အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး နိုင်ငံအနှံ့ စစ်ရေးအရှိန် မြင့်တက်လာချိန်တွင် ချင်းပြည်နယ်တွင်လည်း စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။

“တစ်နိုင်ငံလုံး ဒီဟာကို အရှိန်အဟုန်နဲ့ ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့လည်း ပါဝင်တဲ့ ပုံစံမျိုးပေါ့” ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဖလမ်းမြို့နယ်တွင် စစ်ကောင်စီ တပ်စွဲထားသည့် ဗားရ်စခန်းကို ယခုနှစ် ဧပြီတွင် CNDF က ဝင်ရောက် စီးနင်းသိမ်းပိုက်ခဲ့သော်လည်း နယ်မြေအနေအထားအရ ကာကွယ်ရေးအဖွဲ့များ ပြန်ဆုတ်ချိန်တွင် စစ်တပ်က နေရာပြန်ယူထားသည်။

ဖလမ်းမြို့နယ်အတွင်း ရိခေါရ်ဒါမှ စခန်း ၂ ခုနှင့် သီးဘွာလ်စခန်းတို့ကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်က ဗားရ်စခန်း၊ ဖလမ်းမြို့ရဲစခန်း၊ အမှတ် (၂၆၈) တပ်ရင်းနှင့် ကြည်စုရပ်ကွက်တို့တွင်သာ အထိုင်ချ တပ်စွဲထားကြောင်း သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်ရှိ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို နိုဝင်ဘာ ၃ ရက်နေ့တွင် ကာကွယ်ရေးအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး၊ ချင်းပြည်နယ်၊ ရိခေါရ်ဒါမြို့ကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် ချင်းတော်လှန်ရေးအဖွဲ့များက ထိန်းချုပ်လိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button