ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ကျော်ကြားသူများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ စစ်ဘက်အရာရှိများနှင့်ဆိုင်သော အသေးစိတ်ကိုယ်ရေးအချက်အလက်များကို တရုတ်နည်းပညာကုမ္ပဏီတစ်ခုက ရယူစုဆောင်းခဲ့သည်ဟု ဩစတြေးလျအခြေစိုက် Australian Financial Review က ယနေ့ (စက်တင်ဘာ ၁၄) တွင် ရေးသားဖော်ထုတ်လိုက်သည်။
လူပေါင်း ၂ ဒသမ ၄ သန်းကျော်၏ Facebook, Instagram ၊ Twitter ၊ LinkedIn ၊ TikTok စသည့်လူမှုကွန်ရက်များပေါ်မှ အချက်အလက်များကို ကျန်းဟွာဒေတာ အမည်ရှိ တရုတ်နိုင်ငံ ရှန်ကျန်းအခြေစိုက် နည်းပညာကုမ္ပဏီက စုဆောင်းထားခြင်းဖြစ်ပြီး ထိုကုမ္ပဏီမှာ တရုတ်အစိုးရ၏ စစ်တပ်နှင့် ထောက်လှမ်းရေးကွန်ရက်များနှင့် ချိတ်ဆက်ထားသည့် ကုမ္ပဏီဖြစ်သည်ဟု ဆိုသည်။
ခရစ်စတိုဖာဘိုးလ်ဒင်း (Christopher Balding) အမည်ရှိ အမေရိကန်ပညာရှင်တစ်ဦးထံ လူတစ်စုက လျှို့ဝှက်စွာပေးခဲ့သည့် အချက်အလက်များအရ ယင်းသို့စုဆောင်းနေခြင်းကို သိရပြီး ခရစ်စတိုဖာဘိုးလ်ဒင်းမှတစ်ဆင့် သတင်းမီဒီယာများထံ ထပ်မံဖွင့်ချခဲ့ခြင်းဖြစ်သည်။
အဆိုပါအချက်အလက်များကို အမေရိကန်၊ ကနေဒါ၊ ယူကေ၊ အီတလီ၊ ဂျာမနီ၊ ဩစတြေးလျစသည့်နိုင်ငံများရှိ သတင်းဌာနများထံ ပေးပို့ခဲ့သည်ဟု ဆိုသည်။
၂ ဒသမ ၄ သန်းသော လူများ၏ ကိုယ်ရေးအချက်အလက်ဖိုင်များကို ဩစတြေးလျ ကန်ဘာရာမြို့အခြေစိုက် Internet 2.0 အမည်ရှိ ဆိုက်ဘာလုံခြုံရေးအကြံပေးကုမ္ပဏီက ခရစ်စတိုဖာဘိုးရင်းကို ကူညီ၍ ပြန်လည်ဆယ်ယူပေးခဲ့ရာ ၂ သိန်းခွဲသော ပုဂ္ဂိုလ်များ၏ အချက်အလက်များကိုသာ ပြန်လည်တွေ့ရှိခဲ့သည်ဟု သတင်းဌာနများ၏ ရေးသားမှုများအရ သိရသည်။
ထိုနှစ်သိန်းခွဲသော လူပုဂ္ဂိုလ်များတွင် အမေရိကန်နိုင်ငံသား ၅၂,၀၀၀ ၊ ဩစတြေးလျနိုင်ငံသား ၃၅,၀၀၀၊ အိန္ဒိယနိုင်ငံသား ၁၀,၀၀၀၊ ဗြိတိန်နိုင်ငံသား ၉,၇၀၀၊ ကနေဒါနိုင်ငံသား ၅,၀၀၀ ၊ အင်ဒိုနီးရှားနိုင်ငံသား ၂,၁၀၀၊ မလေးရှားနိုင်ငံသား ၁,၄၀၀ နှင့် ပါပူအာနယူးဂီနီနိုင်ငံသား ၁၃၈ ဦးတို့၏ အသေးစိတ်အချက်အလက်များ ပါဝင်သည်ဟု ဆိုသည်။
တရုတ်ကုမ္ပဏီက အချက်အလက် ရယူစုဆောင်းခဲ့သူများတွင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်၊ ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆန်စသော နိုင်ငံရေးခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ တော်ဝင်မိသားစုဝင်များ၊ နာမည်ကျော်ကြားသူများနှင့် စစ်ဘက်အရာရှိကြီးများ ပါဝင်သည်ဟု သိရသည်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင်လည်း သမ္မတ၊ ဝန်ကြီးချုပ်မိုဒီ၊ အစိုးရအဖွဲ့ဝင်များ၊ စစ်ဘက်အရာရှိကြီးများ၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်နှင့် နည်းပညာလုပ်ငန်းရှင်များအပါအဝင် လူပုဂ္ဂိုလ် ၁၀,၀၀၀ ခန့် တို့၏ ကိုယ်ရေးအချက်အလက်များ စုဆောင်းခံရကြောင်း Indian Express သတင်းဌာနက ရေးသားဖော်ပြထားသည်။
အချက်အလက်များစုဆောင်းနေသည့် ကျန်းဟွာဒေတာ ကုမ္ပဏီ၏ ဖောက်သည်များအနက် တရုတ်စစ်တပ်နှင့် တရုတ်ကွန်မြူနစ်ပါတီတို့ ပါဝင်နေသည့်အတွက် တရုတ်အစိုးရသည် အဆိုပါအချက်အလက်များကို ထောက်လှမ်းရေးအတွက် အသုံးပြုနေနိုင်သည်ဟု ဆိုက်ဘာလုံခြုံရေးပညာရှင်များကို ကိုးကားပြီး နိုင်ငံတကာသတင်းဌာနများက ရေးသားဖော်ပြသည်။
ထိုစုဆောင်းထားသည့် အချက်အလက်များသည် ထောက်လှမ်းရေးအဖွဲ့အစည်းများအတွက် အင်မတန် အသုံးဝင်လိမ့်မည်ဟု ဆိုက်ဘာလုံခြုံရေးပညာရှင်များက ဆိုသော်လည်း ယင်းအချက်အလက်များကို စုဆောင်းရန် ကျန်းဟွာဒေတာကို တရုတ်စစ်တပ်နှင့် ထောက်လှမ်းရေးက ငှားရမ်းခြင်းဟုတ်မဟုတ်၊ သို့မဟုတ် အချက်အလက်များကို အသုံးပြုခြင်းရှိမရှိ အတည်ပြုထားသည်ကိုမူ မတွေ့ရှိရသေးပေ။
စုဆောင်းထားသည့် ကိုယ်ရေးရာဇဝင်အချက်အလက်များတွင် မွေးနေ့၊ လိပ်စာ၊ အိမ်ထောင်ရှိမရှိ၊ နိုင်ငံရေးဆက်နွှယ်မှုများ၊ ဆွေမျိုးများ၊ လူမှုကွန်ရက်ပရိုဖိုင်းများသာမက မှုခင်းရာဇဝင်ရှိမရှိကိုလည်း ဓာတ်ပုံများနှင့်တကွ ပါရှိသည်ဟု ဆိုသည်။
အချက်အလက်အများစုမှာ အများပြည်သူအသုံးပြုနေသည့် လူမှုကွန်ရက်ပလက်ဖောင်းများမှ ရယူထားခြင်းဖြစ်သော်လည်း အချို့အချက်အလက်များမှာ ဘဏ်စာရင်းအချက်အလက်များ၊ အလုပ်လျှောက်လွှာများနှင့် စိတ်ပိုင်းဆိုင်ရာအချက်အလက်ရာဇဝင်များမှ ရယူထားသည်ကို တွေ့ရသည်ဟု ဆိုသည်။
အဆိုပါ စွပ်စွဲချက်များမှ မမှန်ကန်ကြောင်း ကျန်းဟွာဒေတာ၏ အရာရှိတစ်ဦးက ဂါးဒီးယန်း (Guardian) သတင်းစာကို ပြောသည်။
“ဒီရေးသားချက်တွေဟာ လုံးဝကို မမှန်ကန်ပါဘူး” ဟုသာ ယင်းအရာရှိက ဆိုပြီး နောက်မှသာ အသေးစိတ်တုံ့ပြန်မည်ဟု ဆိုသည်။
အချက်အလက်များကို လက်ခံရရှိခဲ့သည့် ခရစ်စတိုဖာဘိုးလ်ဒင်းသည် ၂၀၁၈ အထိ ဘေကျင်းတက္ကသိုလ်၌ အလုပ်လုပ်ခဲ့ပြီး လုံခြုံရေးစိုးရိမ်သဖြင့် တရုတ်နိုင်ငံမှ ထွက်ခွာလာသူဖြစ်သည်ဟု ရေးသားထားသည်။
ဗြိတိန်အခြေစိုက် သတင်းအချက်အလက်နှင့် နည်းပညာကုမ္ပဏီ Cambridge Analytica မှတဆင့် Facebook လူမှုကွန်ရက် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရုရှားဟက်ကာများက ရယူပြီး ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နိုင်ငံရေးအရ စွက်ဖက်ခဲ့သည့် ဖြစ်ရပ်မှာ လူမှုကွန်ရက်အသုံးပြုသူများ၏ အချက်အလက်ပေါက်ကြားမှု ဥပမာတစ်ခု ဖြစ်သည်။
ကျန်းဟွာဒေတာကမူ အချက်အလက်များစုဆောင်းရာတွင် စစ်ဘက်ကဏ္ဍကို စိတ်ဝင်စားပုံရကြောင်း၊ စစ်ဘက်အရာရှိ အချို့၏ ရာထူးတိုးမှုအလားအလာနှင့် နိုင်ငံရေးဆက်နွှယ်မှုတို့ကို ခြေရာကောက်စုံစမ်းထားကြောင်း တွေ့ရသည်ဟု ဆိုသည်။
ကျန်းဟွာဒေတာ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဝမ်ရှုးဖန်မှာ အမေရိကန်ကွန်ပျူတာကုမ္ပဏီ IBM ၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည်။
ကျန်းဟွာဒေတာ၏ မိခင်ကုမ္ပဏီမှာ တရုတ်အစိုးရပိုင် စစ်ဘက်ဆိုင်ရာ သုတေသနကုမ္ပဏီ China Electronic Technology (Group) Corporation (CETC) ဖြစ်သည်ဟု ယူဆရကြောင်း ဩစတြေးလျနိုင်ငံပိုင် ABC သတင်းဌာနက ရေးသားခဲ့သော်လည်း ခိုင်မာသည့် အထောက်အထားများ မတွေ့ရှိရသေးပေ။
ထို CETC ကုမ္ပဏီသည် CETC International Co., Ltd အမည်ဖြင့် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲတစ်ခုရှိပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ် စစ်ကိုင်းလမ်းနှင့် ရန်ကုန် မရမ်းကုန်းမြို့နယ် Time Square တာဝါတွင် ရုံးခန်းများ ဖွင့်လှစ်ထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ၂၀၁၄ မတ်လကတည်းက မှတ်ပုံတင်ထားခဲ့ပြီး သိပ္ပံနှင့် နည်းပညာလုပ်ငန်းအပါအဝင် လုပ်ငန်းအမျိုးအစားပေါင်း ၉၉ ခု လုပ်ကိုင်ကြောင်း DICA ဝက်ဆိုက်တွင် ဖော်ပြထားသည်။
CETC ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr. Xiong Qunli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်လည်း ၂၀၁၉ ဇွန်လလယ်အတွင်းက တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ မြန်မာ့တပ်မတော်၏ Electronic နည်းပညာရပ်ဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ နည်းပညာရပ်ဆိုင်ရာ တရုတ်- မြန်မာ ပူးတွဲစီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
ထို့နောက်၂၀၁၉ နိုဝင်ဘာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ကွေ့လင်မြို့ရှိ CETC ၏ သုတေသနဌာန (၃၄) သို့ သွားရောက်လည်ပတ်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း (ADMM-Plus) ၏ အရေးကြီးပုဂ္ဂိုလ်အစီအစဉ် (VIP Program) သို့ တက်ရောက်ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့က CETC ၏ သုတေသနဌာနသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။
ထိုသို့လေ့လာခဲ့စဉ် စစ်ဘက်လုံခြုံရေးနှင့် ထောက်လှမ်းရေးလုပ်ငန်းများဆိုင်ရာ ဆက်သွယ်ရေးနည်းပညာနှင့် ဆက်စပ်ပစ္စည်းများအကြောင်း CETC ကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် နည်းပညာအပေါ် လုံးလုံးမှီခိုနေသည့် အခြေအနေ မဟုတ်သေးသည့်အတွက် အစိုးရခေါင်းဆောင်များနှင့် လူပုဂ္ဂိုလ်များ၏ အချက်အလက်ပေါက်ကြားနိုင်ခြေမှာ စိုးရိမ်ရသည့်အခြေအနေ မဟုတ်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက Myanmar Now ပြောသည်။
“အင်တာနက်ကို ထဲထဲဝင်ဝင်နဲ့ လုံးဝမှီခိုပြီးသုံးနေတဲ့ဟာကျ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကြောက်ဖို့ကောင်းတာပေါ့နော်။ ကျွန်တော်တို့နိုင်ငံကျတော့ Document (စာရွက်စာတမ်း) ကတစ်ပိုင်း (အင်တာနက်) က တစ်ပိုင်းဆိုတော့ ကျွန်တော်ထင်ပါတယ် တခြားနိုင်ငံတွေထက် ဒီဟာလည်း အားနည်းလို့ သိပ်တော့ မစိုးရိမ်ရဘူး” ဟု ဦးမျိုးဆွေက ပြောသည်။
တရုတ်နိုင်ငံဖြစ် နည်းပညာနှင့် စက်ပစ္စည်းများကို မြန်မာနိုင်ငံတစ်ခုတည်းသာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးနီးပါး မှီခိုနေရသည်မှာ ခေတ်ရေစီးကြောင်းပင် ဖြစ်သည်ဟု သတင်းအချက်အလက်၊ နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးကလည်း ဆိုသည်။
“မူဝါဒပိုင်းဆိုင်ရာကတော့ လက်ရှိလည်း ဆိုက်ဘာလုံခြုံရေးဥပဒေကတော့ ရေးဆွဲဆဲဆိုတော့ ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ်ဆန်းလောက်မှာ ဖြစ်အောင်တော့ ကြိုးစားနေပါတယ်။ အဲဒီနောက်ပိုင်းဆိုရင်တော့ ပိုပြီးတော့ ကျွန်တော်တို့ (ဆိုက်ဘာလုံခြုံရေးကို) ဆောင်ရွက်လာနိုင်ဖို့ရှိပါတယ်” ဟု ဦးရဲနိုင်မိုးက ပြောသည်။