သတင်း

နောင်ချိုတွင် သံချပ်ကာယာဉ်ပျက်စီးပြီး စစ်ကောင်စီတပ် ပြန်ဆုတ်ဟု TNLA ပြော

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ တော်လှန်ရေးပူးပေါင်းတပ်ကို စစ်ကောင်စီက ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း ယမန်နေ့ (နိုဝင်ဘာ ၉) တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ် ၁ စီး ပျက်စီးသွားပြီး တပ်ပြန်ဆုတ်သွားသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ပြောသည်။

စစ်တက္ကသိုလ်များနှင့် တပ်ရင်းတပ်ဖွဲ့များရှိရာ ပြင်ဦးလွင်နှင့် မိုင် ၂၀ ခန့်အကွာ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးနေရာယူထားသည့် TNLA နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) ပူးပေါင်းတပ်များရှိရာသို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု TNLA ပြောခွင့်ရှိသူက ပြောသည်။

“စစ်ကောင်စီက သံချပ်ကာကား ၃ စီးနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာ သံချပ်ကာတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ကျန်တဲ့နှစ်စီးကတော့ ပြန်ဆုတ်သွားခဲ့ပါတယ်” ဟု ပြောသည်။

အောက်တိုဘာ ၂၇ ရက်နေ့တွင် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့က “၁၀၂၇ စစ်ဆင်ရေး”စတင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်၏ စစ်ကူရောက်လာနိုင်မည့် လမ်းကြောင်းများကို တော်လှန်ရေးအင်အားစုများက ဖြတ်တောက်ထားရာ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများ ဆက်ဖြစ်နေသည်။ နိုဝင်ဘာ ၁ ရက်နေ့ကလည်း နောင်ချိုမြို့နယ် အုမ္မသီး၊ အုမ္မခါး လမ်းခွဲအနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် တော်လှန်ရေးတပ်များက သံချပ်ကာယာဉ်တစ်စီးကို ဖျက်စီးပစ်နိုင်ခဲ့သည်ဟု MDY-PDF က ထုတ်ပြန်ထားသည်။ ထိုနေ့တိုက်ပွဲတွင် MA1 ၁ လက် ၊ MA2 ၃ လက် ၊ MA3 ၂ လက်တို့ကိုလည်း သိမ်းဆည်းရမိသည်ဟု MDY-PDF က ဆိုသည်။

ဂုတ်ထိပ်တိုက်ပွဲ

အုမ္မခါးကျေးရွာတွင် တိုက်ပွဲများပြင်းထန်နေသည့်နည်းတူ နောင်ချိုမြို့အနီး ဂုတ်ထိပ်တံတားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း နိုဝင်ဘာ ၆ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေရာ တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၅ နာရီခွဲခန့်မှစပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ နံနက် ၇ နာရီခန့်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။ TNLA နှင့် MDY-PDF တို့က ဂုတ်ထိပ်ရှုခင်းသာဝန်းကျင်တွင် စိုးမိုးရယူကာ စစ်ကောင်စီ၏ တပ်စခန်းကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

နိုဝင်ဘာ ၈ ရက်နေ့ ဂုတ်ထိပ်တိုက်ပွဲတွင် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်အကျအဆုံးများပြားပြီး ကျောက်မဲမြို့နယ်ဘက်အထိ ဆုတ်ခွာသွားရသည်ဟု စစ်ကောင်စီထောက်ခံသူများ၏ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် ရေးသား ဖြန့်ဝေနေကြသည်။

 TNLA ပြောခွင့်ရ ရုံးအဖွဲ့တာဝန်ခံကမူ ၎င်းတို့ အထိနာခြင်းမရှိဟု ဆိုသည်။

“တိုက်ပွဲက မနက်ပိုင်းလေးမှာ ဖြစ်တယ်။ အဲ့ဒီတိုက်ပွဲပြီးတော့ တစ်နေကုန် ငြိမ်နေခဲ့ပါတယ်။ သူတို့ဖြန့်ထားသလို၊ ထိခိုက်တာမျိုး မရှိပါဘူး” ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်က ဂုတ်ထိပ်ဒေသကို ပြန်လည်စိုးမိုးမှု ရယူပြီး၊ မန္တလေး-လားရှိုးလမ်းပိုင်းမှ (နောင်ချိုမရောက်မီ အုမ္မခါးအနီး) ပျက်စီးနေသည့် လမ်းပိုင်းကို ပြန်လည်ပြင်ဆင်ထားသည်ဟု အွန်လိုင်းတွင် ရေးနေကြသည်။ ဓာတ်ပုံများတွင် ဖျက်ဆီးခံထားရသည့် လမ်းပိုင်းနေရာတစ်ခုကို တွေ့ရပြီး၊ ယင်းနေရာတွင် စစ်ကောင်စီ လက်နက်ကိုင်တချို့ ရှိနေသည်။

စစ်ဆင်ရေး ၁၀ ရက် ကျော်လာချိန်တွင် စစ်စခန်းပေါင်း ၁၂၅ ခုကို သိမ်းပိုက်ထားနိုင်သည်ဟု MNDAA က ဆိုသည်။

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် နေရာများပြမြေပုံ

ရှမ်းပြည်မြောက်ပိုင်းနှင့် ဆက်စပ်သည့် မန္တလေးနှင့် ပြင်ဦးလွင်အခြေအနေ

ယခု တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှမ်းပြည်မြောက်ပိုင်းမှ တောင်ဘက်သို့ ဆင်းလာပါက မိုင် ၂၀ ခန့်သာ ဝေးသည့် ပြင်ဦးလွင်တွင် စစ်တက္ကသိုလ်များနှင့် တပ်ရင်းတပ်ဖွဲ့များ တည်ရှိသည်။ ထိုမှ ဆက်ဆင်းသွားပါက မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် နာရီအနည်းငယ်ခရီးဖြစ်သည့် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တွင် ညမထွက်ရအမိန့်ထုတ်ထားသည်၊ ပေါ်တာဆွဲမည်ဟူသော ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း စစ်ကောင်စီက မြို့နယ်အသီးသီးရှိ ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနေသည်ဟု သိရသည်။

မန္တလေးမြို့နယ်အသီးသီးရှိ ရပ်ကွက်များနှင့် ပြင်ဦးလွင်မြို့ပေါ် ရပ်ကွက်များတွင် နှစ်ညဆက်တိုက် လိုက်လံကြေညာနေခြင်းဖြစ်သည်။ ကားများဖြင့် လှည့်လည်အော်ရာတွင် အုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီ၏ လက်နက်ကိုင်တို့ ပါရှိကြောင်း သိရသည်။

မြို့ပြပြောက်ကျားတို့ တိုက်ခိုက်မှု များပြားသည့် အောင်မြေသာစံ၊ အမရပူရ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ စသည့် မန္တလေးရှိ မြို့နယ်တို့တွင်  စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ ည ၈နာရီနောက်ပိုင်း မထွက်ကြရန် စစ်ကောင်စီက တားမြစ်ထားပြီး ထိုအမိန့် ပယ်ဖျက်ကြောင်း ကြေညာသည်။

Myanmar Now က ဖတ်ရှုရသော စစ်ကောင်စီထုတ် အမိန့်စာတွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်နေသော အကြမ်းဖက်သမားများရန်မှ ကင်းရှင်းပြီး လုံခြုံရေးကောင်းမွန်လာသဖြင့် ယင်းမြို့နယ်တို့ကို ညမထွက်ရအမိန့်ပယ်ဖျက်လိုက်သည်ဟု ယခုလဆန်းရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

သို့သော် ရှမ်းမြောက်တိုက်ပွဲများနှင့် နှစ်နာရီခရီးသာရှိသည့် မန္တလေးတွင် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့က ကောလာဟလတွေ မယုံဖို့နဲ့ ပေါ်တာဆွဲတာမဟုတ်ဘူးလို့သာ လှည့်အော်တယ်။ ရပ်ကွက်တွေထဲကို ၈ နာရီကျော်ရင် လက်နက်တွေနဲ့ ပတ်နေကြတော့ အားလုံးက စိုးရိမ်နေကြတယ်“ ဟု ပြောသည်။

အလားတူပင် တိုက်ပွဲနှင့် ထိစပ်နေသည့် ပြင်ဦးလွင်မြို့တွင်လည်း တိုက်ပွဲအရှိန်နှင့် ကောလာဟလသတင်းများကြောင့် ပြည်သူများ စိုးရိမ်ပူပန်နေရကြောင်း အသက် ၅၀ ကျော်အရွယ် မြို့ခံအမျိုးသားက ဆိုသည်။

“၇ နာရီကျော်ရင် အိမ်ကကလေးတွေကိုလည်း ပေးမထွက်တော့ဘူး။ ၆ နာရီခွဲလောက်ဆိုရင်ကို ဆိုင်တွေအားလုံးလည်း သိမ်းကြ၊ မြို့ထဲလမ်းတွေပေါ်လည်း ရှင်းပြောင်လို့” ဟု ၎င်းက ဆိုသည်။

မြို့ပြင်ရှိ ဈေးဆိုင်တချို့ ပိတ်သိမ်းထားကြပြီး မြို့ထဲကျောင်းများတွင်လည်း ကျောင်းသားကျောင်းသူများ ကျောင်းမတက်ရောက်ကြဟုလည်း သူက ဆိုသည်။

“တချို့ကျောင်းသားမိဘတွေက တိုက်ပွဲနားစွင့်ပြီး ကလေးတွေကို ကျောင်းမထည့်ကြဘူး။ ကျောင်းတွေမှာ အပျက်များကြတယ်။ နောက်ပြီး ပြင်ဦးလွင်မြို့အထွက်နီးတဲ့ ဈေးဆိုင်တွေဆိုရင် ပိတ်ကြတာများတယ်။ မြို့ပြင်ဂိတ်တွေမှာ ခံစစ်သဘော အင်အားတွေလည်း ချထားတာ တွေ့ရတယ်။ မြို့ခံတွေကတော့ နားစွင့်ပြီး စိုးရိမ်နေကြရတာပေါ့” ဟု ပြောသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button