၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတစ်ဝန်းလုံးမှာ စစ်မီးတောက်နေပြီး မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေကို ဆက်တိုက် ဆင်နွှဲနေပါတယ်။ မြို့ကြီး ၇ မြို့ထက်မနည်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီး ကောလင်းနဲ့ ဆက်စပ်နေတဲ့ ကသာ၊ ထီးချိုင့် စတဲ့ မြို့တွေကိုလည်း ရက်ပိုင်းအတွင်းမှာ ဆက်လက်သိမ်းပိုက်နိုင်ဖွယ် ရှိနေပါတယ်။ နိုင်ငံတစ်ဝန်းမှာ အခုလို စစ်ရေးအရ ထိုးစစ်ဆင်ခံနေရချိန် တပ်ရင်းတပ်ဖွဲ့က ဓမ္မာရုံတွေမှာ ပရိတ်ရွတ်ဖို့နဲ့ ယတြာသဘောဆောင်တဲ့ အစီအရင်တွေလုပ်ဖို့ ညွှန်ကြားထားတဲ့ လျှို့ဝှက်ကြေးနန်းစာတစ်စောင် ပေါက်ကြားလာပါတယ်။ မနေ့ နိုဝင်ဘာ ၇ ရက် ရက်စွဲနဲ့ နေပြည်တော်စစ်ရုံးကနေ တပ်ရင်းတပ်ဖွဲ့တွေကို ညွှန်ကြားတဲ့ အဲ့ဒီလျှို့ဝှက်စာထဲမှာ စစ်သားဇနီးမယားတွေကို ပရိတ်ရွတ်ခိုင်းထားတဲ့အပြင် ယတြာသဘောဆောင်တဲ့ ကျောက်ကျော ၃ တုံး၊ ဗယာကြော် ၃ ခုနဲ့ မုန့်လုံးရေပေါ် ၃ လုံးစီ ဘုရားကပ်ဖို့ အကြောင်းကြားထားတာ တွေ့ရပါတယ်။
သတင်း၊ တင်ဆက် – စထွန်းအောင်