အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တနင်္သာရီ စစ်တပ်ထောက်ပို့စစ်ကြောင်းကို PDF နှစ်ကြိမ်တိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်ခံရမည်ကို ကြောက်၍ တောလမ်းအတိုင်းလာသည့် ထောက်ပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသအခြေစိုက် PDF အဖွဲ့က ဆိုသည်။

နိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ၏ ထောက်ပို့စစ်ကြောင်းကို ယခုလ ၄ ရက်နှင့် ၆ ရက်နေ့များတွင် နှစ်ကြိမ်ဆက် တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

တနင်္သာရီမြို့အရှေ့တောင်ဘက် ၆ မိုင်အကွာ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းမှ ထောက်ပို့စစ်ကြောင်းမှာ အင်အား ၈၀ ဝန်းကျင်ရှိကာ ရှေ့တန်းစစ်စခန်းကို လက်နက်ခဲယမ်းနှင့် ရိက္ခာပို့ပြီး အပြန်လမ်းတွင် တော်လှန်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်ခံရမည်ကို ကြောက်၍ တောလမ်းအတိုင်းလာသည့် ထိုထောက်ပို့စစ်ကြောင်းကို တနင်္သာရီမြို့အရှေ့ဘက် ၁၀ မိုင်ကျော်အကွာ ဘန်ကျုတ်နှင့် ကျွဲထိန်းကုန်းကျေးရွာအနီးတွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင် အမှတ် ၂ PDF တပ်ရင်းမှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“အမြဲတမ်းသွားနေကျလမ်းကြောင်းပဲ။ အခုကတော့ ၄ ရက်နေ့ ရိက္ခာပို့တဲ့ စစ်ကြောင်းကို ကျွန်တော်တို့ ကြားဖြတ်တိုက်ခိုက်တယ်။ ထိတွေ့မှုဖြစ်ပြီးတော့ နိုင်ဝင်ဘာ ၆ ရက်နေ့အထိ စစ်တပ်က ပိတ်မိနေတယ်။ ထိတွေ့မှုကတော့ မကြာမကြာဖြစ်နေတယ်” ဟု ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နှစ်ဖက်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦး သေ၊ ၅ ဦး ဒဏ်ရာရပြီး ၆၀ မမ ဗုံးသီးအချို့ သိမ်းဆည်းရမိကာ ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာရှိခဲ့သည်ဟု ဆိုသည်။ ထိုစစ်ကြောင်းသည် ယမန်နေ့တွင် အမှတ် ၅၆၁ ခြေမြန်တပ်ရင်း တပ်စခန်းထဲ ပြန်ဝင်သွားနိုင်သည်ဟု သိရသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ၏ တပ်ရင်း ၆ ခုအပြင် စစ်စခန်းငယ်များလည်း ရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့များနှင့် မကြာခဏ တိုက်ပွဲဖြစ်နေသည်။

လာမည့် ပွင့်လင်းရာသီတွင် တိုက်ပွဲဆက်လက်ဖော်ဆောင်ရန်ရှိသည်ဟု မြိတ်ခရိုင် PDF တပ်ရင်းမှ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

“တိုက်ပွဲမှာက လက်နက်အင်အားက‌တော့ ပြည့်ပြည့်စုံစုံ မရှိဘူးပေါ့။ ကျွန်တော်တို့က လက်လှမ်းမီသမျှ စုစည်းပြီးတော့ တိုက်ပွဲကို တိုက်နေတာဆိုတော့ လက်နက်ခဲယမ်းတော့ လိုတာပေါ့”

တိုက်ပွဲများဖြစ်နေသည့် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီဘက်က ဆန်သယ်ယူခွင့် အကြီးအကျယ်ကန့်သတ်လာသည်၊ PDF တပ်ဖွဲ့ဝင်များထံသို့ ရိက္ခာရောက်သွားမည်ကို တားဆီးလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တနင်္သာရီမြို့နယ်မှာ လုံးဝ ဆန်တင်သွင်းခွင့်မရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဆန်ပြတ်လပ်မှုတွေဖြစ်နေတယ်။ ဈေးကလည်း မတော်လောဘနဲ့ တက်နေတယ်”

စားနပ်ရိက္ခာမဖူလုံသည့် တနင်္သာရီမြို့နယ်ကို မြိတ်နှင့် အခြားဒေသများမှ ဆန်တင်သွင်းနေခြင်းဖြစ်ပြီး စစ်တပ်စစ်ဆေးရေးဂိတ်များက အိတ်ရေအကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ပြုခြင်းကြောင့် ဆန်တစ်အိတ်လျှင် ယခင် ကျပ် ၇၅,၀၀၀ အများဆုံးရှိရာမှ ယခုအခါ တစ်သိန်းကျော် ဖြစ်လာသည်ဟု သိရသည်။

ဆန်တင်ကားများကို ဖမ်းဆီးပြီး ဆန်အိတ်များကို သိမ်းဆည်းသည့်ဖြစ်စဉ် သုံးကြိမ်ထက်မနည်းရှိကာ ယခုလ ၃ ရက်နေ့တွင် မြိတ်မှ တနင်္သာရီမြို့နယ်ထဲ ဝင်သည့် ဗောဓိကမ်းတံတား စစ်ဆေးရေးဂိတ်တွင် ကားနှစ်စီးကို ဖမ်းဆီးပြီး ဆန်အိတ်များသိမ်းဆည်းသွားသည်ဟု ဒေသခံတို့က ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းရာ ဒေသများတွင် တနင်္သာရီတိုင်းလည်း ပါဝင်ပြီး စစ်ကောင်စီ၏ နေအိမ်များ မီးရှို့ဖျက်ဆီးမှု၊ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူများစွာရှိနေသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF ပူးပေါင်းတပ်များက မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး အပါအဝင် နိုင်ငံတောင်ပိုင်းမှ အဓိကကျသည့် နယ်မြေအများအပြားကို ယခုနှစ်အတွင်း ထိန်းချုပ်လာနိုင်ခဲ့ပြီးနောက် စစ်ကောင်စီက တန်ပြန် ထိုးစစ်ဆင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles