သတင်း

စစ်တပ်အတွက် အရေးပါသည့် မုန်းကိုးမြို့ရှိ ဗျူဟာကုန်းကို MNDAA သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၁၃၀ ကျော်ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA က ဆိုသည်။

တိုက်ပွဲများပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အရေးပါသည့် ဗျူးဟာကုန်းစခန်းကို ကိုးကန့်တပ်မတော် (MNDAA) က ယနေ့ (နိုဝင်ဘာ ၇ ရက်) မွန်းလွဲပိုင်းတွင် သိမ်းပိုက်လိုက်ပြီး သံချပ်ကာယာဉ်တစ်စီးလည်း ထပ်မံသိမ်းဆည်းရမိသည်ဟု MNDAA ပြောခွင့်ရက ပြောသည်။

တရုတ်မြန်မာနယ်စပ်တွင် တည်ရှိသည့် မုန်းကိုးမြို့သိမ်းတိုက်ပွဲ အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း MNDAA ပြောခွင့်ရအရာရှိ လီကျားဝေက ပြောသည်။

“မုန်းကိုးဗျူဟာကုန်းကို ဒီနေ့ ၁၂ နာရီ ၄၀ မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီဗျ၊ အထိအခိုက်အကျအဆုံးတော့ အတည်မပြုနိုင်သေးပါဘူး” ဟု လီကျားဝေက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အသုံးပြု‌နေသည့် အမြောက်တင် သံချပ်ကာယာဉ်တစ်စီးကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ထံမှ သံချပ်ကာယာဉ် စုစုပေါင်း ၇ စီး သိမ်းထားနိုင်ပြီဖြစ်သည်။

မုန်းကိုးဗျူဟာကုန်းသည် မုန်းကိုးမြို့နှင့် မိုင်အနည်းငယ်အကွာတွင် ရှိပြီး နိုဝင်ဘာ ၅ ရက်က ရက္ခိုင့်တပ်တော် (AA) ဦးဆောင်သည့် တပ်များ သိမ်းပိုက်လိုက်သည့် ပန်လုံဗျူဟာကုန်းသည် မုန်းကိုးမြို့၏ တောင်ဘက် ၅ မိုင်ကျော်ခန့်ရှိ တောင်ကြောပေါ်တွင် ရှိသည့် စခန်းတစ်ခုဖြစ်သည်။

မုန်းကိုးဗျူဟာကုန်းကို မသိမ်းပိုက်နိုင်မီ ဗျူဟာကုန်း၏ အရံစခန်းကုန်းများကိုလည်း ယခင်ရက်များက သိမ်းပိုက်ထားခဲ့သည်ဟု သိရကြောင်း၊ သို့သော်လည်း မုန်းကိုးမြို့ကို ရာနှုန်းပြည့် သိမ်းပိုက်နိုင်ခြင်း ရှိမရှိကိုမူ အတည်မပြုနိုင်သေးကြောင်း လီကျားဝေက ပြောသည်။

“ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်ပြီလား၊ စစ်ကောင်စီအဖွဲ့တွေ ရှိသေးလားဆိုတာကိုတော့ ကျွန်တော် အတည်ပြုရပါဦးမယ်” ဟု လီကျားဝေက ပြောသည်။

တိုက်ပွဲပြီးဆုံးပြီးနောက် နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေပြီး တိုက်ပွဲအသေးစိတ်အခြေအနေကို ထပ်မံ သတင်းထုတ်ပြန်သွားမည်ဟု MNDAA အဖွဲ့က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA နှင့် ‌AA တို့ သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်း ၁၁၀ ခန့် ရှိနေပြီဖြစ်သည်။ TNLA တပ်များ သိမ်းခဲ့သည့် စခန်းအရေအတွက်နှင့် ပေါင်းပါက စစ်ကောင်စီတပ်စခန်းပေါင်း ၁၃၀ ကျော်ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း (ကြူကုတ်) သိန္နီ စသည့် မြို့နယ်များကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသည်။

ယမန်နေ့က စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF များနှင့် မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့ပြီး တမူးခရိုင် ခါမ်းပါတ်မြို့ကိုလည်း ယနေ့တွင် ထပ်မံသိမ်းပိုက်ထားသည်ဟု NUG က ထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်သူ လူငယ်အများအပြားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စစ်သင်တန်းများအပြင် လက်နက်ခဲယမ်းများပါ ထောက်ပံ့ခဲ့သလို စစ်ရေးအရ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button