
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ကွတ်ကျေးရွာမှ မခေါင်ချောသည် ငါးလ အရွယ် သားတစ်ယောက်ကို တစ်ကိုယ်တည်း ပြုစုပျိုးထောင်နေရသူဖြစ်သည်။ ဝင်ငွေနှင့် ဝမ်းစာမရှိသဖြင့် ရွာရှိ ဆွေမျိုး၊ မိတ်ဆွေများထံမှ ချေးငှားစားသောက်နေရသည်မှာလည်း ငါးလ ကြာလာပြီ ဖြစ်သည်။
ခင်ပွန်းသည်မှာ မခေါင်ချောမီးမဖွားခင် သုံးရက်အလိုက အနီးရှိ ရွာတစ်ရွာသို့သွားရာ လက်နက်ကိုင်တစ်စုက သူ့ကို လမ်းတွင် ဖမ်းဆီးလိုက်သည်။ အရေးကြီးသောအချိန်တွင် အိမ်ထောင်ဖက် ထိုသို့ ပျောက်ဆုံးသွားသဖြင့်မခေါင်ချော ဒုက္ခပင်လယ် ဝေခဲ့ရသည်။
“နေ့တိုင်းမျှော်တယ်၊ သတိရတိုင်းလည်း ငိုတယ်။ ကိုယ့်ကို ရှာကျွေးမယ့်သူ မရှိတော့ အခက်အခဲ တအားတွေ့ရတာပဲ” ဟု မခေါင်ချောက ပြောသည်။
ကလေးမွေးပြီး ရက်အနည်းငယ်အကြာ ရွာအနီး တိုက်ပွဲဖြစ်သောကြောင့် တစ်ရွာလုံးနီးပါး စစ်ဘေးရှောင်ကြသည်။ ပြေးလွှားရန် ခက်ခဲသည့် သွေးနုသားနု မီးနေသည် မခေါင်ချောက အိမ်တွင်သာ ဆက်လက်နေထိုင်သည်။ ကံကောင်း ထောက်မစွာပင် အန္တရာယ် မကြုံခဲ့ပေ။
မခေါင်ချော နေထိုင်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသခံအရပ်သားတို့ ဖမ်းဆီး၊ အနိုင်ကျင့်၊ သတ်ဖြတ်ခံရမှု ဆက်လက်ဖြစ်ပေါ်နေခြင်းမှာ လူသိနည်းသော၊ အများစိတ်ဝင်စားမှု မရှိသော သတင်းဆိုး ဖြစ်သည်။ သတင်းကောင်းမှာ ဖမ်းဆီးခံရသူတို့ ပြန်လည် လွတ်မြောက်ရေးအတွက် အခက်အခဲများကြားမှ စွန့်စွန့်စားစား ကူညီနေသည့် အရပ်ဘက်အဖွဲ့အစည်းများ ရှိနေခြင်းဖြစ်သည်။

အဖွဲ့စုံ
၂ဝ၁၅ ဇန်နဝါရီမှ ၂ဝ၁၈ ဇူလိုင်အတွင်း နိုင်ငံအနှံ့တွင် လက်နက်ကိုင် ပဋိပက္ခ ၁,ဝ၄၉ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (Myanmar Peace Monitor) က မှတ်တမ်းတင်ထားရာ ရှမ်းပြည်နယ်သည် ထိုတိုက်ပွဲအများအပြား ပေါ်ပေါက်ခဲ့သည့်နေရာ ဖြစ်နေသည်။
တိုက်ပွဲတွင် အများဆုံး ပါဝင်ပတ်သက်နေသော အဖွဲ့မှာ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဖြစ်သည်။
SSA မြောက်ပိုင်းအဖွဲ့ဟု ထင်ရှားသည့် ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) သည် TNLA နှင့် မဟာမိတ် ဖွဲ့ထားသည်။
SSA တောင်ပိုင်းအဖွဲ့ဟု ထင်ရှားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ကမူ TNLA နှင့် မကြာခဏဆိုသလိုပင် တိုက်ခိုက်လျက်ရှိသည်။
RCSS နယ်ကျော်လာခြင်းကြောင့် တိုက်ပွဲများတွင် ပါဝင်လာခြင်း ဖြစ်သည်ဟု ရှမ်းမြောက်ဒေသ အရပ်ဘက် အဖွဲ့အစည်းတချို့၊ လွှတ်တော်ကိုယ်စားလှယ် တချို့က ယူဆနေကြသော်လည်း RCSS အရာရှိများကမူ ထိုအယူအဆကို ငြင်းဆိုကြသည်။
TNLA က ပြီးခဲ့သည့်သုံးနှစ်တာကာလအတွင်း RCSS နှင့် တိုက်ပွဲ ၂ဝဝ ကျော်၊ တပ်မတော်နှင့် တိုက်ပွဲ ၄ဝဝ ကျော် ဖြစ်ခဲ့သည်၊ နိုဝင်ဘာ တစ်လတည်းတွင်ပင် တိုက်ပွဲ ၁၄ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။ TNLA ၏ မဟာမိတ်ဖြစ်သော ကချင် လက်နက်ကိုင်အဖွဲ့ (KIA) ကလည်း ကချင်တိုင်းရင်းသားအများအပြား နေထိုင်ရာ ရှမ်းပြည်နယ်တွင် လှုပ်ရှားနေသည်။
ဤအခြေအနေများကြောင့် ရန်ဘက်အဖွဲ့နှင့် ဆက်စပ်နေသည်ဟု ယူဆပြီး ဖမ်းဆီးခံရသူများ ရှိသကဲ့သို့ လက်နက်ကိုင်တပ်တွင် အမှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင်ခံရသူများလည်း ရှိနေသည်။
ရှမ်းမြောက်ဒေသ တိုက်ပွဲများကြား မြေဇာပင်ဖြစ်ရသော အရပ်သားတို့ ပြန်လည်လွတ်မြောက်ရေး ကူညီပေးနေသည့် အဖွဲ့ အများအပြားထဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် (TYN) လည်း ပါဝင်သည်။ ၂ဝ၁၃ ခုနှစ်တွင် ကချင်လူငယ်များနှင့်ပူးပေါင်းကာ KIA အရာရှိတို့နှင့် တွေ့ဆုံညှိနှိုင်းအပြီး ရှမ်းတိုင်းရင်းသား ၁၂ ဦး ပြန်လည် လွတ်မြောက်လာခဲ့သည်။
လူမျိုးမရွေး ဘာသာမရွေး လွတ်မြောက်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေကြောင်း ကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းစုက ပြောသည်။
“ဖမ်းဆီးခံရတဲ့ အများစုက လူငယ်တွေ။ လူငယ်တွေ ဖမ်းခံရတယ် ဆိုတာ တိုင်းပြည်အတွက် အရမ်းအရေးကြီးတဲ့ ပြဿနာပဲ” ဟု ကိုစိုင်းစုက ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်းထားသည့် ထိုကွန်ရက်သည် စစ်ရှောင် ဒုက္ခသည်များကိုလည်း ကူညီလျက်ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းကျောင်းသားနှင့် လူငယ်များသမဂ္ဂ (TSYU)၊ တအာင်း အမျိုးသမီးများအဖွဲ့ (TWO) နှင့် ရှမ်းလူငယ်အဖွဲ့ (TNO) တို့ ပူးပေါင်းပြီး ပဋိပက္ခလျော့ပါးရေးကော်မတီများကို ဖွဲ့စည်းထားကြသည်၊ ထို့နောက် TNLA နှင့် RCSS/SSA တို့မှ အရာရှိများနှင့် တွေ့ဆုံကာ တိုက်ပွဲများအတွင်း ဖမ်းဆီးခံရသည့် အရပ်သားများ လွတ်မြောက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးမှုအပြီး ရှမ်းအရပ်သား ၁၁ ယောက်နှင့် တအာင်းရွာသားတချို့ လွတ်မြောက်လာခဲ့သည်။
ပစ်ခတ်မှု၊ မိုင်းပေါက်ကွဲမှု စသည်တို့ကြောင့် အရပ်သားတို့ ထိခိုက်၊ သေဆုံးမှုများလည်း နိုဝင်ဘာလအတွင်း ခပ်စိပ်စိပ် ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်ရသူလည်း အများအပြား ရှိခဲ့သည်။
ကျေးရွာများနှင့် ဝေးရာတွင်သာ တိုက်ခိုက်ကြရန် ရှမ်းပြည်နယ်ရှိ နိုင်ငံရေးပါတီများက လက်နက်ကိုင်အဖွဲ့တို့ တောင်းဆိုထားသည်။ ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သော RCSS/SSA နှင့် SSPP/SSA တို့ကိုလည်း အချင်းချင်း တိုက်ခိုက်မှု ရပ်ပြီး တွေ့ဆုံဆွေးနွေးကြရန်လည်း ပါတီအချို့က တောင်းဆိုနေကြသည်။
RCSS သည် တိုက်ပွဲများလျှော့ချရေးအတွက် ယခုနှစ်အတွင်း TNLA ၊ SSPP တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ကြသည်။ ထပ်မံတွေ့ဆုံနိုင်ခြင်း မရှိကြသေးသည့်အပြင် တိုက်ပွဲလျှော့ချနိုင်ခြင်းလည်း မရှိသေးပေ။
ငြိမ်းချမ်းရေးဖြစ်စဉ်၊ တိုက်ပွဲ၊ တိုက်ပွဲများအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတို့ကို လေ့လာ စောင့်ကြည့်နေသူများထဲတွင် ရန်ကုန်အခြေစိုက် Burma Monitor အဖွဲ့လည်း ပါဝင်သည်။ ထိုအဖွဲ့၏ အချက်အလက်များအရ ၂ဝ၁၇ မေလမှ ၂ဝ၁၈ အောက်တိုဘာလအထိ ရှမ်းပြည်နယ်ရှိတိုက်ပွဲများနှင့် ဆက်စပ် ဖမ်းဆီးခံရသူ ၇ဝဝ ကျော် ရှိနေသည်။
ရှမ်းမြောက်ဒေသတွင် လက်နက်ကိုင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် ၁၆ဝ ကျော် ရှိနေပြီး ထိုအထဲတွင် တပ်မတော်၊ TNLA နှင့် RCSS တို့က ချိုးဖောက်မှု အများဆုံးဖြစ်ကြသည်ဟု ဆိုသည်။ အဆိုပါစာရင်းထဲတွင် ပြည်သူ့စစ်အဖွဲ့တချို့လည်း ပါဝင်သည်။ ချိုးဖောက်မှု အနည်းဆုံးဖြစ်သည်ဟူသော ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP က ငါးကြိမ် ချိုးဖောက်ခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့က လွိုင်လင်မြို့နယ် နမ့်ဟူးရွာသား တချို့ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲ ကြားသိရသည်မှာ ရွာသား ငါးဦး RCSS ၏ လက်ချက်ကြောင့် သေဆုံးသွားသည် ဟူ၍ ဖြစ်သည်။ ရွာသားတို့က ဓားဖြင့် တိုက်ခိုက်ကြသဖြင့် ပြန်လည် ပစ်ခတ်မိခြင်းဖြစ်သည်ဟု RCSS က သတင်းသမားတို့ကို ပြောသည်။

နာမည်ကျော် ပုဒ်မ ၁၇ (၁)
လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖွဲ့ကို ညှိနှိုင်းရန် တိုက်ရိုက် ချိတ်ဆက်ပါက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည့်် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အရေးယူခံရနိုင်ကြောင်း၊ တစ်ဆင့် ဆက်သွယ်ရာတွင်လည်း အချိန် ပိုမို ကြန့်ကြာရကြောင်း တအာင်းကျောင်းသားနှင့် လူငယ်များသမဂ္ဂ အတွင်းရေးမှူး မိုင်းဆါည်ရက်က ပြောသည်။
“ကူညီချင်လို့ကူညီပေမယ့် တစ်ဖက်မှာလည်း ကျွန်တော်တို့အတွက် အန္တရာယ်တွေက အသင့်ပဲ” ဟု မိုင်းဆါည်ရက်က ပြောသည်။
ဖမ်းဆီးမှုကို ကန့်ကွက်ကြောင်း ကြေညာခြင်း၊ ဖမ်းဆီးခံရသူများ၏ အမည်စာရင်းထုတ်ပြန်ခြင်းတို့ဖြင့်သာ ထိုအဖွဲ့တို့ကို တွန်းအားပေးနေရသည်ဟု ၎င်းက ပြောသည်။
လက်နက်ကိုင်အဖွဲ့များသည် ကင်းလှည့်စစ်ဆေးရန်၊ လည်ပတ်ရန်၊ ဆက်ကြေးတောင်းရန်၊ အကူအညီ တောင်းရန်၊ တပ်သားသစ် ရရှိရန် စသည့် ရည်ရွယ်ချက်မျိုးစုံဖြင့် ကျေးရွာများကို ဝင်ထွက်လျက် ရှိသည်။ ဤအခြေအနေသည် အရပ်သားတို့ ပုဒ်မ ၁၇ (၁) ဖြင့် မကြာခဏ တရားစွဲခံရမှုနှင့်လည်း ဆက်စပ်နေသည်။
လားရှိုးအခြေစိုက် တအာင်း ဥပဒေ အထောက်အကူပြု အဖွဲ့ (TLA) သည် ထိုအမှုဖြင့် တရားစွဲ ခံနေရသူများ၊ လက်နက်ကိုင်အဖွဲ့မျိုးစုံ၏ ဖမ်းဆီးခြင်းခံရသူများ ပြန်လည် လွတ်မြောက်ရေးအတွက် ကူညီပေးနေသည်။ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံရသည့် အမှုပေါင်း ၂၄ မှုမှ စွပ်စွဲခံရသူတို့ကို ၎င်းတို့အဖွဲ့ ကူညီပေးခဲ့သည်။ အများစုမှာ တအာင်းလူမျိုးများဖြစ်ပြီး အမှုအားလုံး နီးပါး ထောင်ဒဏ် ချမှတ်ခံရကြောင်း၊ ၂ဝ၁၅ မှ ယနေ့အထိ တအာင်း ၂ဝဝ ကျော် ဖမ်းခံရပြီး ထက်ဝက်ကျော်ခန့် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။
ထိုသို့ ကူညီသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ်တချို့လည်း ပါဝင်သည်။ အမျိုးသားလွှတ်တော်အမတ် စိုင်းဝမ်းလှိုင်းခမ်းက ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံရသူများထဲမှ အပြစ်မရှိသူတို့ ပြန်လည် လွတ်မြောက်ရေး အတွက် သက်ဆိုင်ရာ တပ်မတော်နှင့် ချိတ်ဆက်ဆောင်ရွက်ပြီး အခြားအဖွဲ့များ ဖမ်းဆီးသွားပါက တစ်ဆင့်ခံ ဆက်သွယ်ပြီး ကူညီနေသည်ဟု ပြောသည်။
သတင်းအချက်အလက် အတိအကျ မရသည့် အခါ ကူညီရန် ပိုမိုခက်ခဲကြောင်း ကူညီနေသူတို့က ပြောသည်။ အဓိကအခက်အခဲမှာ ဖမ်းဆီးသည့်အဖွဲ့နှင့် တိုက်ရိုက် တွေ့ဆုံ ညှိနှိုင်းရန် အခြေအနေ မပေးခြင်း၊ ထိုအဖွဲ့တို့က ဖမ်းဆီးထားကြောင်း ငြင်းဆန်နေခြင်းတို့ ဖြစ်သည်။
လက်နက်ကိုင်အဖွဲ့များကမူ အရပ်သားတို့ကို ပစ်မှတ်ထားခြင်းမရှိဟု အခိုင်အမာ ဆိုကြသည်။ မြို့နယ်တချို့တွင် ဖွင့်ထားသည့် RCSS ဆက်ဆံရေးရုံးများ၏ ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီးစိုင်းဦးက ခေတ္တထိန်းသိမ်းထားသူတို့ကို ပြန်လွှတ်ပေးပြီးဖြစ်ကြောင်း၊ TNLA တပ်သားများကိုသာ ဆက်ဖမ်းထားခြင်းဖြစ်ကြောင်း ရှင်းပြသည်။
“အရပ်သားပြည်သူပါလို့ ပြောပြီးတော့မှ အမှန်က ရဲဘော်ဖြစ်နေတယ်။ တချို့တွေက ယူနီဖောင်းတွေချွတ်ပစ်လိုက်တာ” ဟု ဒုဗိုလ်မှူးကြီးစိုင်းဦးက Myanmar Now ကို ပြောသည်။
TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်ကမူ စစ်ရေးစစ်ရာများနှင့် ပတ်သက်ပြီး ဖမ်းဆီးမှုမှာလည်း မရှိသလောက်ပင်ဖြစ်ကြောင်း၊ မူးယစ်မှုဖြင့် ဖမ်းဆီးထားသူ လူမျိုးစု မျိုးစုံ အယောက်၂ဝ ဝန်းကျင် ရှိကြောင်း၊ အရေးယူပြီးပါက ပြန်လွှတ်ပေးနေကြောင်း ပြောသည်။
ဒီဇင်ဘာလလယ်ပိုင်းတွင် TNLA က အခြားမဟာမိတ်အဖွဲ့နှစ်ဖွဲ့နှင့် ပူးတွဲ ထုတ်ပြန်သည့် ကြေညာချက်တွင် စစ်ရေး၊ နိုင်ငံရေးပဋိပက္ခကို ဆွေးနွေးသည့်နည်းလမ်းဖြင့် အဖြေရှာလိုသည်ဟု ဖော်ပြထားသည်။

မြေစာပင်များ
လက်နက်ကိုင်အဖွဲ့တို့၏ ဖမ်းဆီးမှုဖြစ်ရပ် အများစုသည် စာနယ်ဇင်းတွင် ပါဝင်ခြင်း မရှိသော်လည်း လွန်ခဲ့သည့် လအနည်းငယ်ခန့်က နမ့်ခမ်းမြို့နေ နန်းမိုဟွမ်ကို TNLA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားမှုမှာ ဟိုးလေးတကျော်ဖြစ်ခဲ့သည်။ ထိုအဖွဲ့၏ မဟာမိတ်အဖွဲ့များက ညှိနှိုင်းပေးပြီး နောက်ပိုင်းတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။
နမ္မတူမြို့နယ် ပန်ကွတ်ရွာမှ မလှဖြူက မတ်လ၊ ဇူလိုင်လတို့တွင် အခြားရွာသို့ စျေးဝယ်ထွက်သူများထဲမှ ၎င်း၏ ခင်ပွန်းသည်၊ မောင်ဖြစ်သူတို့ အပါအဝင် ကိုးဦးကို RCSS အဖွဲ့က လမ်းတွင် ဖမ်းဆီးသွားကြောင်း၊ RCSS အရာရှိတစ်ဦးထံ တိုင်ကြားရာ သက်သေအခိုင်အမာပြသရန်သာ ပြန်လည်တုံ့ပြန်ခဲ့သည်။
“တတ်နိုင်သလောက်တော့ ကြိုးစားကြည့်တာပဲ။ ကံတရားပဲ အားကိုးရတော့မှာပေါ့” ဟု မလှဖြူက ခပ်လေးလေးပြောသည်။
ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ နိုင်ငံရေးပါတီအချို့တို့ထံ အကြောင်းကြားထားသည်ဟု ဆိုသည်။ ထိုရွာမှ အသက် ၅ဝ ကျော်အရွယ် အမျိုးသမီးတစ်ဦး၏ မိသားစုဝင်တချို့လည်း ထိုဖမ်းဆီးမှုတွင် ပါဝင်ခဲ့သည်။ ပထမအကြိမ် ဖမ်းဆီးမှုတွင် ခင်ပွန်းသည် ပါသွားပြီး ဒုတိယအကြိမ်တွင် သားဖြစ်သူ ပါဝင်သွားသည်။ စားဝတ်နေရေး အဆင်ပြေရေးအတွက် ကျန်ရှိသည့် သားတစ်ဦးကို အားကိုးနေရကြောင်း၊ ပြန်လွတ်မလာသေးသူတို့အတွက် ပူဆွေးနေကြရကြောင်း သူ၏ ချွေးမဖြစ်သူက ပြောသည်။
နမ့်ခမ်း၊ မူဆယ်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင် စသည့် မြို့နယ်တို့တွင် အရပ်သားဖမ်းဆီးခံရမှု အများဆုံးဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတို့ထံမှ သိရသည်။
၂ဝ၁၆ ခုနှစ်အတွင်းက တအာင်းတိုင်းရင်းသား ၁၁ ဦး ပျောက်ဆုံးသွားခဲ့ပြီး မည်သည့်အဖွဲ့က ဖမ်းဆီးသွားခြင်း မသိသကဲ့သို့ အဆက်အသွယ်လည်း မရသေးကြောင်း နမ့်ခမ်းမြို့နယ် တအာင်း(ပလောင်) စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ကျော်က ပြောသည်။
ထိုနှစ်ထဲတွင် နမ့်ခမ်း၊ မူဆယ်လမ်းပိုင်းတွင် တအာင်း သုံးဦးကို RCSS က ဖမ်းဆီးသွားခဲ့ပြီး တပ်မတော်၏ ချိတ်ဆက်ကူညီပေးမှုဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ဤအတောအတွင်း ဖမ်းဆီးမှုကလည်း ဆက်လက်ဖြစ်ပေါ်နေသည်။ ဖမ်းဆီးသည့် အဖွဲ့အစည်းကစုံသည်။ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် ရပ်ကွက်တစ်ခုအတွင်း လက်ဖက်ရည်ဆိုင် ထိုင်နေသည့် လူငယ် ခြောက်ဦးကို အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်။ အသက် ၂ဝ ဝန်းကျင်အရွယ် ထိုလူငယ်တို့ကို မည်သည့်အဖွဲ့က၊ မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း မသိရသေးပေ။
ရှမ်းပြည်မှအဖမ်းအဆီးသည် မြို့ပေါ်လက်ဖက်ရည်ဆိုင်တွင်သာမက မြို့ပြင် စစ်ရှောင်စခန်းတွင်လည်း ဖြစ်ပေါ်တတ်သည်။ နိုဝင်ဘာလအတွင်း တပ်မတော်က ခေါ်ယူသွားသည့် ကွတ်ခိုင်မြို့ ပန်ကူစစ်ရှောင်စခန်းမှ အရပ်သားငါးဦးတွင် မီးဖွားပြီးခါစ အမျိုးသမီးတစ်ဦးနှင့် သူ၏ ရင်သွေးငယ်လည်း ပါဝင်သည်။ ၂၂ ရက်နေ့တွင် ထိုငါးဦး ပြန်လွတ်လာသည်။ TNLA တပ်ဖွဲ့က တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးကို ဖမ်းဆီးသွားချိန်တွင် ထိုအမှု ပေါ်လာခြင်းဖြစ်သည်။
နမ္မတူမြို့နယ် ပန်ကွတ်ကျေးရွာတွင်မူ မခေါင်ချောသည် တောစခန်းတစ်ခုတွင် ထိန်းသိမ်းခံနေရသည့် ၎င်း၏ ခင်ပွန်းသည် နှိပ်စက်ညှဉ်းပန်းခံရမည်ကို စိုးရိမ်နေသည်။ လေးလခန့်ကြာသည်အထိ သတင်းအစအနပင် မရသော်လည်း ခင်ပွန်းဖြစ်သူ ပြန်လာနိုင်မည်ဟု ယူဆနေသည်။
လသားအရွယ် သားငယ်လေးကို ကြီးပြင်းလာသည်အထိ ပြုစု ပျိုးထောင်ရာတွင် ခင်ပွန်းသည်ကိုလည်း ပါဝင်စေလိုသည်။ ကလေးကိုလည်း ဖခင်ဖြစ်သူနှင့် ဆုံတွေ့စေလိုသည်။ သို့သော်လည်း မခေါင်ချောလုပ်နိုင်သည်က များစွာ မရှိပေ။
“ပြန်လာနိုင်ရင်ကောင်းမယ်။ ဘုရားရှိခိုး၊ ဆွမ်းတော်တွေ ကပ်ပြီးတော့လည်း သူပြန်လာဖို့ နေ့တိုင်း ဆုတောင်းနေတယ်” ဟု မခေါင်ချောက ပြောလိုက်သည်။ ။