သတင်း

တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် အရပ်သား ၅ ဦး သတ်ဖြတ်ခံရ

စစ်သားနှင့် ပျူစောထီး ၁၂၀ ကျော်က ရေဖြူမြို့ ဒေသခံ ၅ ဦးကို သတ်သွားပြီး နေအိမ် ၈၀ ကျော်ကို မီးရှို့သွားသည်ဟု သိရသည်။

နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံ ၅ ဦးကို သတ်ဖြတ်ကာ နေအိမ် ၈၀ ကျော်ကိုလည်း မီးရှို့သွားသည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

မြို့အနောက်ခြမ်း ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ရွာများကို စစ်တပ်နှင့် ပျူစောထီး အင်အား ၁၂၀ ကျော်က အောက်တိုဘာလ ဒုတိယပတ်က စတင်ပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

အောက်တိုဘာ ၁၉ ရက်နေ့က နဘုလယ်ကျေးရွာ ရန်ကင်းတံတားအနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသည်၊ အောက်တိုဘာ ၂၅ ရက်တွင် ဒေသခံ ၅ ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုရဲက ပြောသည်။

ဒေသခံတချို့က ရှောင်တိမ်းခြင်းမပြုသည့်အတွက် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည်ဟု သူက ဆက်ပြောသည်။

“ငါတို့ရွာကို သူတို့ မလုပ်ပါဘူးဆိုပြီးတော့ မရှောင်ဘဲ နေကြတဲ့သူတွေ ရှိတယ်။ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး တွေးလား မသိဘူး။ အဲဒီလူတွေ လူသားဒိုင်း အဖမ်းခံရပြီး အဲဒီအထဲက ၄ ယောက်ကို ပစ်သတ်လိုက်တယ်။ အိမ်ထဲမှာ မီးရှို့ပြီး ထားခဲ့တယ်” ဟု ကိုရဲက ပြောသည်။

စစ်တပ်က ထွက်ခွာသွားပြီးနောက် အောက်တိုဘာ ၂၇ တွင် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ ပြန်လည် ဝင်ရောက်နိုင်ခဲ့သည်၊ မီးရှို့သတ်ဖြတ်ခံရသည့် အလောင်းများနှင့် ကျေးရွာဘောလုံးကွင်းအနီးတွင် အလောင်း ၁ လောင်းတို့ကို တွေ့ရသည်ဟု ဆိုသည်။

သေဆုံးသူများမှာ ရန်ကင်းရွာသား ဦးသိန်းဝင်း၊ ပရဒတ်ရွာသား ကိုအောင်ဝင်းနိုင်၊ ကိုအောင်နွယ်၊ မနီနှင့် ကိုစောထွေးတို့ဖြစ်သည်။

တော်လှန်ရေးအဖွဲ့မှ သေဆုံးသူမှာ ရဲဘော် ကျော်သူမောင် (ခ) ဆန်းဒေး ဖြစ်သည်ဟု သိရသည်။

ထို့ပြင် မူးဒူးကျေးရွာရှိ နေအိမ် ၂၀ လုံး၊ လဲရှောင်ကျေးရွာမှ နေအိမ် ၃ လုံးနှင့် မော်တော်ယာဉ် ၃ စီး၊ ပရဒတ်ကျေးရွာမှ နေအိမ် ၃ လုံးကို စစ်ကောင်စီလက်နက်ကိုင်တို့က မီးရှို့ ဖျက်ဆီးခဲ့သည်၊ ဘဝါရွာမှ နေအိမ် ၃၁ လုံး၊ ထွက်ဝရွာမှ နေအိမ် ၂၁ လုံး၊ လဲရှောင်ရွာမှ နေအိမ် ၇ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော်ဇီဝကက ပြောသည်။

“လက်ရှိမြေပြင်အခြေအနေအရဆိုရင်တော့ ထားဝယ်ခရိုင်ဘက်မှာက ကာကွယ်ရေးအင်အားစုတွေက အားကောင်းတယ်။ Local PDF တွေလည်း များတယ်။ ပကဖကလည်း အင်အားကောင်းတယ်။ ဒီအပေါ်မှာ နှိမ်နင်းချင်တဲ့ သဘောလည်း ရှိမယ်” ဟု ရဲဘော်ဇီဝကက ပြောသည်။

ထို့ပြင် ရေဖြူမြို့အနောက်ဘက်ရှိ မောရဝတီရေတပ်စခန်းကလည်း ပင်လယ်ပြင်တွင် တပ်ဖြန့်ထားပြီး ထောက်ပံ့ပို့ဆောင်ရေး လုပ်ပေးနေသည်၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေသည်ဟုလည်း သူက ဆိုသည်။

“ဒီနေရာကို ထိန်းချုပ်နိုင်တယ်၊ အလုပ်လုပ်နိုင်တယ်၊ စီမံခန့်ခွဲနိုင်တယ်ဆိုတဲ့ အခြေအနေကို သူတို့နဲ့ တွဲလုပ်မယ့် ရင်းနှီးမြှုပ်နှံသူတွေကို ပြချင်တဲ့ပုံလည်း ရှိမယ်ထင်တယ်” ဟု ပြောသည်။

အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံတပ်များဖြစ်သည့် ခြေမြန်တပ်ရင်း ၁၀ ခုက ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

မီးရှို့ခံရသည့် အိမ်အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်များအကြောင်း သတင်းအမှောင်ချထားသည်။

Show More

Related Articles

Back to top button