သတင်း

ရေဦးတွင် စစ်တပ်က အရပ်သားနှင့် ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးကို သတ်ဖြတ်

ဒီပဲယင်းတွင် ၁၀ ရက်ကြာ လှည့်လည်စဉ် သက်ကြီးရွယ်အိုပါမချန် ခေါင်းဖြတ်သတ်သည့် စစ်တပ်နှင့် ရင်ဆိုင်ရသည့် စစ်ရှောင် ၂ ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မစိုးရိမ်ရွာကို (အောက်တိုဘာ ၃၀) ညပိုင်းတွင် ဝင်ရောက် စီးနင်းသည့် စစ်ကောင်စီတပ်က စစ်ဘေးရှောင် ၂ ဦး၊ ကျေးရွာပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ဝင် ၂ ဦးတို့ကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ဘေးရှောင်ရန် ထွက်လာသည့် အသက် ၆၀ အရွယ် ဦးမောင်မောင်၊ ၃၅ နှစ်အရွယ် မယဉ်အေးတို့ မုံရွာ – ရေဦးကားလမ်းဘေးတွင် ပစ်သတ်ခံရကြောင်း ပကဖအဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံတစ်ဦးက ပြောသည်။

ဒီပဲယင်းနှင့် ရေဦးမြို့နယ်ကြားတွင် တည်ရှိသော ထိုရွာတွင် စစ်တပ်က စစ်ဘေးရှောင်တို့ကို မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ရခြင်းဖြစ်ကြောင်း မသိရသေးပေ။

ကင်းစောင့်နေသည့် ကျေးရွာပကဖအဖွဲ့ဝင်များဖြစ်သော ၂၇ နှစ်အရွယ် ရဲဘော်မှတ်ကြီး၊ ၂၄ နှစ်အရွယ် ရဲဘော်တူးကြီးတို့ကို ည ၁၀ နာရီခွဲခန့်တွင် ဝင်လာသည့် စစ်ကောင်စီတပ်က မသတ်မီ နှိပ်စက်ခဲ့သည်ဟု ယူဆရကြောင်း ကျေးရွာအဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

တစ်ဦး၏ လည်ပင်းနှင့် ရင်အုံတွင် ဓားဒဏ်ရာ တွေ့ရသလို အခြားတစ်ဦးမှာ ခေါင်းဖြတ်ခံထားရသည်။

“နှစ်ယောက်စလုံးမှာ သေနတ်ဒဏ်ရာ မရှိဘူး။ နှစ်ယောက်စလုံးက အရှင်ဖမ်းမိပြီးမှ အဲ့လို လုပ်ခံရတဲ့ ပုံစံမျိုးပဲ” ဟု အမည်မဖော်လိုသည့် ကျေးရွာပကဖအဖွဲ့ဝင်က ပြောသည်။

“စစ်ကြောင်းက ဒီပဲယင်းကနေ ရေဦးဘက်ကို စစ်ကြောင်းထွက်တာ။ ရေဦးနယ်ထဲ ရောက်တော့ တစ်ကြောင်းက ရေဦး ဆက်သွားပြီး တစ်ကြောင်းက ဒီပဲယင်းမြို့ထဲ ပြန်လာတာ။ အင်အားက ၆၀ လောက် ပါတယ်။ ရေဦးစစ်ကြောင်းကို အေးဆေးသွားလို့ရတဲ့နေရာထိ လိုက်ပို့ပြီး ပြန်လာတာ ဖြစ်မယ်”

အဆိုပါ ရုပ်အလောင်းများကို ယမန်နေ့ (အောက်တိုဘာ ၃၁) တွင် ကောက်ယူ သင်္ဂြိုလ်ပြီးဖြစ်ကြောင်း သိရသည်။

လူ ၄ ဦး သတ်ဖြတ်သွားသော စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သား ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၂၈ က တွေ့ရသော ဒီပဲယင်းဒေသခံ စစ်ရှောင်များ။ (ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ)

အောက်တိုဘာ ဒုတိယပတ်တွင် ရေဦးမြို့မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဒီပဲယင်းမြို့ဘက်သို့ စစ်ကြောင်းထိုးလာပြီး ဒီပဲယင်းအနောက်ခြမ်း ကျေးရွာများကို ၁၀ ရက်နီးပါးကြာ ရွာစဉ်လှည့် စစ်ကြောင်းထိုးခဲ့သည်။

မြို့အနောက်ဘက် တစ်မိုင်အကွာမှ အိမ်ခြေ ၂၀၀ ခန့်ရှိသည့်အနက် ဝဘာရွာကို မီးရှို့ခဲ့သဖြင့် နေအိမ် ၇ လုံးနှင့် စပါးတိုက် ၄ လုံး မီးလောင်ပြာကျခဲ့ပြီး စပါးတင်းရေ ၈၀၀ ကျော်အထိ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ဝဘာကျေးရွာရှိ နေအိမ်တချို့တွင်လည်း “ဘီလူးစစ်ကြောင်း” ဟု ခြိမ်းခြောက်စာများ ရေးသားသွားခဲ့သည်။

ထိုစစ်ကြောင်း ဒီပဲယင်းမြို့နယ်အတွင်း ရှိနေစဉ် သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ဒေသခံ ၈ ဦး အသတ်ခံရပြီး ရုပ်အလောင်းထက်ဝက်ကျော်မှာ ခေါင်းဖြတ်ခံထားရသည်။

ကျေးရွာများကို ရွာစဉ်လှည့် စီးနင်းသည့် ထိုစစ်ကြောင်းသည် အသက်မပြည့်သေးသူများအပါအဝင် အရပ်သား ၂၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁၂ ဦး ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်ဒေသခံများနှင့် အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း စစ်ရှောင်အရေး ကူညီပေးသည့် ဒီပဲယင်းဒေသခံများထံမှ သိရသည်။

ထိုစဉ်က ဒီပဲယင်းအနောက်ခြမ်းရှိ အနည်းဆုံး ၁၂ ရွာမှ ရွာခံ ၅၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ယခင်စစ်ကြောင်းများနှင့်မတူဘဲ ဝင်မည့်လမ်းကြောင်းကို ကြိုတင်မှန်းဆရန် ခက်ခဲသဖြင့် ဒေသခံများအနေနှင့် စစ်ကြောင်းသတင်းကို မပြတ်နားစွင့်ပြီး တိမ်းရှောင်ကြရန် နေရပ်စွန့်ခွာနေရသူများအရေး ကူညီသူတို့က အကြံပြုထားသည်။

စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များအခြေစိုက်ရာ မုံရွာမြို့နှင့် မိုင် ၅၀ ဝန်းကျင်သာ ဝေးသည့် ရေဦးနှင့် ဒီပဲယင်းမြို့တို့သည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံနေသည့် ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းရာမြို့နယ်များဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button