သတင်း

စစ်တပ်နှင့်ပျူစောထီးတို့  ဒီပဲယင်းအနောက်ခြမ်းကို စီးနင်းနေသဖြင့် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရ

ဒေသခံများ ကြောက်လန့်စေရန်အတွက် စစ်ကောင်စီနှင့်ပျူစောထီးတို့က ၎င်းတို့သည် ရက်စက်သည့် သတ်ဖြတ်မှုများ ကျူးလွန်ကြသည့် ဘီလူးစစ်ကြောင်းမှဖြစ်ကြောင်း လူနေအိမ်များတွင် စာရေးသားခြိမ်းခြောက်ခဲ့သည်။

အင်အား ၁၀၀ ခန့်ရှိသည့် စစ်တပ်နှင့် ပျူစောထီးပြည်သူ့စစ် ပူးပေါင်းတပ်က မူးမြစ်အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ဝင်ရောက်စီးနင်းလျှက်ရှိရာ ထိုဒေသရှိအနည်းဆုံး ၁၂ ရွာမှ ရွာခံ ၅၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် စနေနေ့ (အောက်တိုဘာ ၂၁ ) က ဒီပဲယင်းမြို့မှ ထွက်လာသည့် စစ်သားနှင့် ပြည်သူ့စစ် (ပျူစောထီး) စုပေါင်းအင်အား ၁၀၀ ကျော််က  မြို့အနောက်ဘက်ကပ်လျက် တောချောင်း၊ မှန်သာ နှင့် ဝဘာကျေးရွာတို့ကို စီးနင်းခဲ့ပြီးနောက် ဝဘာကျေးရွာ မီးတင်ရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

မြို့အနောက်ဘက် တစ်မိုင်အကွာမှ အိမ်ခြေ ၂၀၀ခန့်ရှိသည့် အနက် ဝဘာရွာမှ နေအိမ် ၇ လုံးနှင့် စပါးတိုက် ၄ လုံး မီးလောင်ပြာကျခဲ့ပြီး စပါးတင်းရေ ၈၀၀ ကျော်အထိ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းတွင် ဒေသခံ ပျူစောထီးများ ပါဝင်သဖြင့် ပုဂ္ဂိုလ်ရေးမုန်းတီးမှုများကြောင့် ဝဘာရွာကို မီးရှို့ခြင်း ဖြစ်နိုင်ကြောင်း ဒီပဲယင်းမြို့နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ခေါင်းဆောင်က ဆိုသည်။

“သာမန်ပြည်သူတွေရဲ့ အိမ်တွေဗျ။ ဖြစ်နိုင်ခြေရှိတာက လက်ရှိစစ်ကြောင်းက ပျူ(ပျူစောထီးပြည်သူ့စစ်) တွေပါတယ်ဗျ၊ ပျူတွေက ပုဂ္ဂိုလ်ရေး မကြည်တာနဲ့ လက်ညှိုးထိုး မီးရှို့သွားတာဖြစ်မယ်။ နွေစပါးတွေလည်း တော်တော်ပါသွားတယ်”

တစ်ရွာဝင်၊တစ်ရွာထွက်စီးနင်းနေသည့် အဆိုပါစစ်ကြောင်းကြောင့်  ဒီပဲယင်းမြို့နယ်အနောက်ပိုင်းမှ  အုန်းတင်၊ ဆပ်ပြာကျင်း၊ ဘုတ်ရွာ၊ ထောင်တန်း၊ သရက်ပင်၊ မန်းကျည်းစောက်၊ ကြည်၊ ဘုရားထွက်၊ အင်ပင်ကြီး၊ ကျွန်းတော၊ သိမ်ဘာ၊ ပန်းပု စသည့်ကျေးရွာများမှ ဒေသခံ ၅၀၀၀ ခန့်သည် ဘေးလွတ်ရာ တောတောင်များတွင် နေထိုင်နေရကြောင်း သိရသည်။

ထို့အပြင် အဆိုပါစစ်သားများသည် ဝဘာကျေးရွာမှ နေအိမ်တစ်လုံးတွင် ၎င်းတို့တပ်ဖွဲ့သည် ဘီလူးစစ်ကြောင်းမှဖြစ်ကြောင်း ခြိမ်းခြောက်စာများ ရေးသားထားခဲ့သည်ဟု အထက်ပါလူက ဒေသခံများကို ကိုးကား၍ ဆိုသည်။ 

ဘီလူးစစ်ကြောင်းဆိုသည်မှာ ပြီးခဲ့သည့် မတ်လက စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူများကို ခေါင်းဖြတ် ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ အပိုင်းပိုင်းဖြတ်တောက်ကာ လူအများ ကြောက်ရွံ့စေရန် လူမြင်ကွင်းတွင် ထားခဲ့သည့် စစ်ကြောင်းဖြစ်သည်။

“ခြောက်လှန့်တဲ့သဘော ရေးသားခဲ့တယ် ထင်တယ်။ အရင်ကလည်း ဘီးလူးစစ်ကြောင်းက ပြည်သူတွေ ခေါင်းဖြတ် သတ်ခဲ့တာဆိုတော့”

ဝဘာရွာအတွင်း စစ်သားများ ရေးခဲ့သည့် ဘီလူးစစ်ကြောင်းခြိမ်းခြောက်စာ။ (ဓာတ်ပုံ-ပေးပို့)

ဒီပဲယင်းမြို့နယ်အတွင်း ယခုစစ်ကြောင်းထိုးနေသည့် စစ်သားများမှာ  ရေဦးမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကြောင်းမှ ဖြစ်ပြီး  ပြီးခဲ့သည့်သီတင်းပတ်က ရေဦးနှင့် ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုး ပြီးနောက် ဒီပဲယင်းမြို့ပေါ်သို့ အောက်တိုဘာ ၂၀ ရက်တွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေး သမားများထံမှသိရသည်။ 

အဆိုပါစစ်သားများသည်  ခင်ဦးမြို့နယ်တွင်လည်း လယ်စောင့်တဲတွင် နေထိုင်သည့် မောင်နှစ်မနှစ်ဦးကို သတ်ဖြတ်ကာ နားကပ်များကို ဖြုတ်ယူဆောင်သွားခဲ့ကြသည်။

ဒီပဲယင်းမြို့မှ ထွက်လာသည့်နေ့မှစပြီး စစ်ကြောင်းတစ်လျှောက် ကာကွယ်ရေးတပ်ဖွဲ့များနှင့် နေ့စဉ် ထိတွေ့တိုက်ပွဲများ ဖြစ်နေကြောင်း ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ဆိုသည်။ 

“တိုက်ပွဲတွေကတော့ နေ့တိုင်းဖြစ်နေတာပဲဗျ၊ စစ်ကြောင်းကပျောက်နေတယ်ဗျ၊ စိုက်ပျိုးသီးနှံပင်တွေ စိုက်တဲ့ ရာသီတွေတော့ အပင်တွေကြား ပျောက်ပျောက်နေတာ။ဒရုန်းနဲ့ကြည့်မှန်းသိတော့ သူတို့က လုံခြုံတဲ့အရာတွေ အောက်မှာ ဝင်ဝင်သွားတယ်လို့ယူဆရတယ်” 

တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်ကျဆုံးမှု မရှိသလို စစ်တပ်ဘက်မှ ထိခိုက်မှုကိုလည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ကြသည့်အနက် နှစ်ပေါင်းမျာစွာ လက်နက်ကိုင် တော်လှန်ရေးနှင့်အလှမ်းဝေးသည့် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းသည် နွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှပါဝင်တိုက်ခိုက်နေသည်။

ရွှေဘို၊ ရေဦး၊ ဘုတလင်၊ ကနီတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒီပဲယင်းမြို့သည်လည်း‌ လက်နက်ကိုင် ကာ ကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသလို မြို့ပေါ်ထိပင် ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး စစ်တပ်က အင်အားအလုံးအရင်းဖြင့် မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၀,၃၂၄ လုံး ပျက်စီးခဲ့ရသည့်အနက် စစ်ကိုင်းတိုင်းမှ ၅၃၈၁၆ လုံး ပါဝင်ကြောင်း အချက်အလက်များ ကောက်ယူပြုစုနေသည့် Data for Myanmar အဖွဲ့၏ ယခုနှစ် ဩဂုတ်လ ထုတ် ပြန်ချက်အရ သိရသည်။

စစ်ရှောင်နေသော ဒီပဲယင်းအနောက်ခြမ်းမှ ဒေသခံတချို့။ (ဓာတ်ပုံ- ဒီပဲယင်းမြို့နယ် ညီနောင်များ)

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button