သတင်း

၁၀၂၇ စစ်ဆင်ရေးတတိယနေ့တွင် နောင်ချိုနှင့် သိန္နီမြို့ရှိ တပ်များ တိုက်ခိုက်ခံရ

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီကို စစ်ဆင်တိုက်ခိုက်နေသော ညီနောင် ၃ ဖွဲ့၏ စစ်ဆင်ရေးတွင် အခြားမဟာမိတ်တပ်တချို့လည်း ပူးပေါင်း ပါဝင်လျက်ရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ သိန္နီမြို့နယ်တို့ကို ညီနောင် ၃ ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်များက ယနေ့ (အောက်တိုဘာ ၂၉) တွင် စစ်ဆင်ရေးတတိယနေ့အဖြစ် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“၁၀၂၇” အမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်တစ်လျှောက် စစ်ဆင်ရေးလုပ်နေရာ ညီနောင် ၃ ဖွဲ့ဖြစ်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့ ဦးဆောင်၍ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတချို့ ပါဝင်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ယနေ့ နံနက် ၄ နာရီခန့်က မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ် နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ် အမှတ် (၁၁၄) ၊ (၁၁၅) တပ်စခန်းတို့ကို ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။​

ကျောက်ကြမ်းရွာ စခန်းသိမ်းတိုက်ပွဲအတွင်း အလောင်း ၆ လောင်း၊ MA1 ၅ လက် ၊ MA3 ၁ လက် ၊ MA4 ၁ လက် ၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန၊ MDY PDF တို့က ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များဖြင့် အသီးသီး သတင်းထုတ်ပြန်ထားကြသည်။

စစ်ကောင်စီတပ်သားရုပ်အလောင်း ၂ လောင်း ထပ်တွေ့ခဲ့ကြောင်း MDY PDF က ထုတ်ပြန်သည်။

နံနက် ၇း၀၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားသောနေရာသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ကျောက်ကြမ်းကျေးရွာတိုက်ပွဲတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရမှုတချို့ ရှိခဲ့ကြောင်း MDY PDF ဘက်က ဆိုသည်။

ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်အပြီး ရမိသော လက်နက်ခဲယမ်းတချို့။ (ဓာတ်ပုံ-ပေးပို့၊ MDY PDF)

နောင်ချိုမြို့အဝင် မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်များ၊ မြို့အနီးရှိ တပ်စခန်းများကို TNLA နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေးတိုင်းအခြေစိုက် PDF တပ်ရင်းများဖြစ်သည့် MDY-PDF ပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။

“မြို့အဝင်အထွက်က စကစဂိတ်တွေမှာ လူတောင် မရှိတော့ဘူး၊ ပြေးကုန်ပြီ။ တော်လှန်ရေးအဖွဲ့တွေက ဒီမနက်ပဲ တပ်စခန်းတွေ သိမ်းပြီး မြို့ကို ဝိုင်းထားကြပြီလေ။ ကျောက်ကြမ်းမှာ စကစရဲ့ တပ်ရင်းမှူးပါ သေတယ် ကြားတယ်” ဟု နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက Myanmar Now ကို ယနေ့ မွန်းလွဲတွင် ပြောသည်။

နောင်ချိုမြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်လာမည်ဟု သတင်းများထွက်ပေါ်နေ၍ မြို့ပေါ်တွင် လေယာဉ်များ လှည့်ပတ်ပျံသန်းနေကြောင်း သိရသည်။

အလားတူ ယနေ့ နံနက်က TNLA, PDF တို့ သိမ်းယူ စခန်းထိုင်ထားသည့်  မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းရွာအနီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော သိန္နီမြို့ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းများကို ယမန်နေ့ ည ၉ နာရီကတည်းက MNDAA က စတင်ဝင်ရောက် စီးနင်းသိမ်းပိုက်ခဲ့ပြီး ယနေ့နံနက်အစောအထိ ထိန်းချုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

သိန္နီမြို့ကို ဆက်ထိန်းထားပြီး မြို့အနီးရှိ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်စခန်းများနှင့် တရုတ်-မြန်မာ သွင်းကုန်ပို့ကုန် ရေပူစစ်ဆေးရေးဂိတ်ရှိ စစ်တပ်စခန်းများကို စီးနင်းတိုက်ခိုက်နေကြောင်း MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက Myanmar Now ကို ယနေ့ ပြောသည်။

“သိန္နီမြို့ပေါ်ကိုတော့ ကျွန်တော်တို့ ထိန်းထားပါတယ်။ စကခ ၁၆ ဌာနချုပ်နဲ့ ရဲစခန်းတွေ ဂိတ်တွေကို ဆက်သိမ်းပိုက်နေပါတယ်။ စစ်အာဏာရှင် ပပျောက်ရေး စစ်ဆင်ရေးကြီးကို ဆက်လက်ဖော်ဆောင်နေဆဲပါ” ဟု သူက ပြောသည်။

ယမန်နေ့ညက သိန္နီမြို့ပေါ်ကို MNDAA က စီးနင်းနေချိန် စကခ ၁၆ ဌာနချုပ်နှင့် လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တပ်စခန်းများမှ အတွဲလိုက်ဒုံး အချက်ရေ ၄၀ ကျော် ပစ်ခတ်ခဲ့၍ သိန္နီမြို့ပေါ်နှင့် အနီးအနားကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာအနီး ကောင်းဟိန်းကျေးရွာအုပ်စုမှ ကျေးရွာ ၆ ရွာနှင့် မြို့ပေါ် ရပ်ကွက်များမှ ဒေသခံ ၆၀၀၀ ကျော်သည် မြို့ပေါ် ကျောင်းခမ်းဘုန်းကြီးကျောင်းဝင်းအတွင်း ခိုလှုံနေကြရသည်။

သိန္နီမြို့သည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များရှိရာ လမ်းကြောင်းပေါ်က လားရှိုး-မူဆယ်လမ်းပိုင်းနှင့် လားရှိုး-ချင်းရွှေဟော်လမ်းပိုင်းတို့ ဖြတ်သန်းသွားလာရမည့် တစ်ခုတည်းသောမြို့ဖြစ်သည်။

ထိုမြို့ကို ထိန်းခြင်းဖြင့် ချင်းရွှေဟော်မြို့သို့ စစ်ကောင်စီ၏ စစ်ကူပို့ဆောင်မှုလမ်းကြောင်း ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့တွင်လည်း လားရှိုးမြို့ အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ထံမှ သိရပြီး အသေးစိတ်မသိရသေးပေ။​

၁၀ လပိုင်း ၂၇ ရက်တွင် အစပြုသည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း မဟာမိတ်ပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်း ၁၅ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း Myanmar Now ၏ မှတ်တမ်းအရ သိရသည်။

MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကမူ စစ်ကောင်စီတပ်စခန်း အကြီးအသေး ၄၀ ကျော်ကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ကြောင်း ပြောသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button