သတင်း

၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့တွင် စစ်စခန်းများ ထပ်မံသိမ်းပိုက်

ရှမ်းမြောက်ဒေသ တိုက်ပွဲများတွင် စစ်ကောင်စီတပ်စခန်း ၄ ခု သိမ်းနိုင်ခဲ့သည်ဟု ညီနောင် ၃ ဖွဲ့က ထုတ်ပြန်သည်၊ လက်နက်ကြီးကျည်ကျသည့် လားရှိုးမြို့ထဲတွင် အမျိုးသမီး ၂ ဦး သေဆုံးသည်။

ယနေ့ (အောက်တိုဘာ ၂၈) တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက်ခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ထုတ်ပြန်သည်။

ချင်းရွှေဟော်မြို့ရှိ Ma Jia Di တပ်စခန်းကို သိမ်းယူခဲ့ပြီးနောက် တင့်ကားနှစ်စီးကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ကိုးကန့်တပ်မတော် (MNDAA) စစ်ရေးသတင်းများ ဖော်ပြနေသော The Kokang စာမျက်နှာတွင် ရေးသားထားသည်။

မွန်းတည့် ၁၂ နာရီခွဲခန့်တွင် မုံးကိုးမြို့နယ်၊ ပန်ဆိုင်းဒေသ၊ Man Bing ကျေးရွာရှိ တပ်စခန်း၊ မွန်းလွဲ ၃း၅၀ တွင် စခန်းနောက်တစ်ခု၊ ညနေ ၆ နာရီခန့်တွင် ရှောက်မန်ပန်ရောဘာတောင်ကုန်းနှင့် မိုင်းတင်လက်ဖက် တောင်ကုန်းတို့တွင် အခြေချသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ပြီး တပ်စခန်းတစ်ခုကို သိမ်းယူခဲ့သည်ဟု ဆိုသည်။

ယနေ့တိုက်ပွဲတွင် စစ်သုံ့ပန်း ၈ ဦးနှင့် လက်နက်ခဲယမ်းအချို့ ရရှိခဲ့ကာ ညပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ MNDAA က ချင်းရွှေဟော်ရှိ အရပ်သားများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း The Kokang က ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေး-ဒုတိယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် MNDAA က ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်၌ ကျန်ရှိနေသော ရန်သူ့စခန်းများကို တစ်ခုမကျန် ရှင်းလင်းခဲ့ပြီးဖြစ်သောကြောင့် ဒေသစခန်းများအားလုံး ထိန်းချုပ်ထားပြီးဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ယနေ့ ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

စစ်ကောင်စီလေယာဉ်က လေထီးဖြင့် ချပေးသွားသော စစ်အသုံးအဆောင်ပစ္စည်း၊ ရိက္ခာထုပ် ၁၀ ထုပ်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ။ (ဓာတ်ပုံ- The Kokang)

လားရှိုးမြို့ပေါ် စစ်တပ်စခန်းများကို ဒရုန်းဖြင့် တိုက်ခိုက်

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ ချင်းရွှေဟော်မြို့ကို MNDAA ထိန်းချုပ်ထားချိန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိရာ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်ခဲ့သည်။

ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် MNDAA,TNLA, AA တပ်ဖွဲ့ ၃ ခုက မြို့အနီး ချဉ်းကပ်လာပြီး မြို့ပေါ် ရပ်ကွက် (၅) နှင့်  ရပ်ကွက် (၁၂) ရှိ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်းများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း ရပ်ကွက် (၅) ရှိ ပြည်သူ့စစ်စခန်းတစ်ခုမှ ၅ ဦး သေဆုံးကြောင်း မြို့ခံများက ပြောသည်။

တိုက်ပွဲဖြစ်နေသော လားရှိုးမြို့တွင် လားရှိုးလေဆိပ်ကို ယနေ့ထိ ပိတ်ထားဆဲဖြစ်ကာ လူအသွားအလာ ကျဲပါးနေကြောင်း မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မြို့ပေါ်အထိ တိုက်ပွဲဖြစ်လာတော့ စျေးတွေ ပိတ်သိမ်းကုန်ကြတယ်လေ။ လမ်းပေါ်မှာလည်း လူသွားလာတာ နည်းတယ်။ ဆိုင်ခန်းတွေ ပိတ်ကြတာပဲ။ စိုးရိမ်ကြတာပေါ့” ဟု သူက ပြောသည်။

ယနေ့ ည ၇ နာရီအထိ မြို့အနီး လက်နက်ကြီးပစ်သံများ ကြားနေရဆဲဖြစ်ပြီး မြို့ပေါ် ရဲစခန်းရှေ့တွင် လမ်းပိတ်ဆို့ထားကြောင်း မြို့ခံများထံမှ သိရသည်။

ယမန်နေ့ (အောက်တိုဘာ ၂၇) ညနေ ၄ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့ လေယာဉ်ကွင်းလမ်းရှိ (၆၆) တပ်စခန်း၊ ရပ်ကွက် (၅) ရှိ (၅၀၇) တပ်စခန်း၊ ရပ်ကွက် (၄) ရှိ တပ်စခန်း၊ ရပ်ကွက် (၉) ဆင်တောင်အနီးရှိ တပ်စခန်းနှင့် မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ မြို့အနီးဝန်းကျင်ကို ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့သည်၊ ရပ်ကွက် (၅) ရှိ နေအိမ်တစ်လုံးကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့သည်။

“အိမ်ထဲကျတော့ တစ်ယောက်က ဗုံးသံကြောင့် ပွဲချင်းပြီးသေတာ။ နောက်တစ်ယောက်က နှလုံးရောဂါရှိတော့ နောက်မနက်မှာပဲ သေတာ။ ကျွန်တော်တို့က ဒရုန်းကို မကြောက်ရဘူး၊ စစ်တပ်က လျှောက်ပစ်လာတဲ့ လက်နက်ကြီးပဲ ကိုယ့်ဆီ ဘယ်တော့ရောက်မလဲ စိုးရိမ်နေရတာ” ဟု လားရှိုးမြို့ ရပ်ကွက် (၅) တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့ ည ၁၁ နာရီကျော်အထိ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုများရှိသည်၊ လားရှိုး – မိုင်းယော် လမ်းပိုင်းရှိ မန်မွမ်း၊ ကုန်းဆာနှင့် မက်ချီနုကျေးရွာများမှ ဒေသခံ နှစ်ထောင်ကျော် မြို့ပေါ် မန်ဆူဘုန်းကြီးကျောင်းအတွင်း ညတွင်းချင်း တိမ်းရှောင်ခဲ့ရသည်။

ညီနောင် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအဖြစ် ယမန်နေ့က စစ်ကြေညာခဲ့အပြီး စစ်ကောင်စီတပ်များက လားရှိုးမြို့အနီးဝန်းကျင် စေတီတောင်ကုန်းများနှင့် ရပ်ကွက်များအတွင်း တပ်ဖြန့်နေရာယူထားသည်။

နှစ်ရက်အတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များက စခန်း ၃၀ ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ ရာဂဏန်း ချေမှုန်းနိုင်ခဲ့သည့်အပြင် စစ်သုံ့ပန်း ၁၀ ဦး ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိကြောင်း The Kokang စာမျက်နှာဖော်ပြထားချက်အရ သိရသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button