ယမန်နေ့ (အောက်တိုဘာ ၂၇) က မြန်မာပြည်အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က စစ်ဆင်ရေးတစ်ရပ် ကြေညာပြီး စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက် ဝင်တိုက်ရာ စခန်း ၁၀ ခုခန့် သိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြား ရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က လားရှိုးမြို့နယ်နှင့် နမ့်ခမ်းမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကလည်း စစ်တပ်စခန်း ၆ ခုထက်မနည်းကို သိမ်းနိုင်ခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ ချင်းရွှေဟော်မြို့ကို ဝင်ရောက်စီးနင်းခဲ့သည်။
ယင်းနေ့ နံနက်အစောတွင် စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ပြီး “၁၀၂၇ စစ်ဆင်ရေး” ဟု အမည်ပေးထားကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် တစ်နေကုန်နီးပါး တိုက်ပွဲများ ပြင်းထန်နေခဲ့သည်။
TNLA တိုက်ခိုက်မှု
ယမန်နေ့ နံနက်အစောတွင် နောင်ချိုမြို့နယ်၊ သံမိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် (PSLF/TNLA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နံနက် ၅ နာရီ ၂၀ ခန့်တွင် လားရှိုးမြို့နယ်ရှိ မိုင်းကျက်စခန်းနှင့် တိန်းတန်စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ရာ မွန်းတည့် ၁၂ နာရီအချိန်တွင် စခန်းများ သိမ်းနိုင်ခဲ့သည်။
အလားတူ ယင်းနေ့ နံနက် ၄ နာရီတွင် နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကာ ကားလမ်းပေါ်ရှိ ၁၃ မိုင် တပ်စခန်း၊ ၁၂ မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း (မိုက်ခရိုဝေ့ဗ်တာဝါတိုင်တပ်စခန်း) တို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အလောင်း ၁၈ လောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရခဲ့မိသည်။
“ကျွန်တော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့လုံးက စစ်ဆင်ရေးလုပ်တာဖြစ်တယ်။ အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် လုပ်ဆောင်တာဖြစ်တယ်။ မိုးမိတ်ဘက်မှာတော့ မနေ့ကတည်းက ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်“ ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ယမန်နေ့ မွန်းလွဲတွင် Myanmar Now ကို ပြောထားသည်။
ယမန်နေ့အတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုအဖြစ် ဂျက်ဖိုက်တာဖြင့် ၇ ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၅ ကြိမ်နှင့် ၁၂၀/၁၀၅ ဟောင်ဝစ်ဇာအမြောက်ဖြင့် ၁၂ ကြိမ် တိုက်ပွဲဖြစ်သည့်နေရာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLA ဘက်က ထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲများအတွင်း M16 သေနတ် ၁၇ လက်၊ စက်လက်အကြီး (ငါးကြင်းမြီး) တစ်လက်၊ MA4 နှစ်လက်၊ MA3 ၁၁ လက်၊ RPG တစ်လက်၊ ပစ္စတိုတစ်လက်၊ ၆၀ မမ နှစ်လက်၊ M9 ၇ လုံး၊ လက်ပစ်ဗုံး အလုံး ၄၀၀၊ RPG ကျည် ၈၀ လုံး၊ ၆၀ မမ ကျည် ၁၀၀ လုံး၊ ၆၀ မမ ဗုံးသီး ၈၀ လုံး၊ မိုင်း ၄ လုံး၊ ကျည်ဆန် တစ်သောင်းကျော်၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားသည်။
လောက်ကိုင်သို့ ပြန်သည့် MNDAA
MNDAA က စစ်ကောင်စီတပ်၏ နမ့်တိမ်တံတားစခန်း၊ ချင်းရွှေဟော်တံတားစခန်း၊ ချင်းရွှေဟော်ဒေသ နန်ဖာရှန်း တောင်ကုန်းစခန်း၊ လောက်ကိုင်မြို့ ရှီးရှန်းဒေသ ကုတ်ထုတ်ပေါက်ပေါက်တောင်ကုန်းစခန်း၊ လုံထန်ပြည်သူ့စစ်စခန်း၊ မုံးကိုးခရိုင် ကွမ်းထန်တောင်ကုန်းနှင့် နန်ကျွမ်းဒေသ စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA စစ်ရေးသတင်းများ ဖော်ပြနေသည့် The Kokang ဖေ့ဘုတ်စာမျက်နှာမှတစ်ဆင့် ယမန်နေ့ညက ထုတ်ပြန်သည်။
ထို့ပြင် ကွမ်းလုံနှင့် လားရှိုးမြို့တို့မှ စစ်ရေးစခန်းအများအပြားကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ကြောင်း ဖော်ပြထားသော်လည်း တပ်စခန်းနေရာအတိအကျကို ဖော်ပြထားခြင်း မရှိသေးပေ။
ယမန်နေ့ညနေအထိ စစ်ကောင်စီတပ်များက ချင်းရွှေဟော်မြို့ကို ပြန်ရရေး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ချင်းရွှေဟော်ဒေသတစ်ခုလုံးကို ထိန်းချုပ်ထားကြောင်း MNDAA က ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ဆင်ရေးများတွင် MNDAA ဒုစစ်ဦးစီးချုပ် ဖုန်သက်ကျွင်းက လိုက်ပါကွပ်ကဲခဲ့ကြောင်း ဓာတ်ပုံများတွင် တွေ့ရသည်။
တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော ချင်းရွှေဟော်သည် လောက်ကိုင်မြို့မှ မိုင် ၂၀ အကွာတွင် ရှိပြီး ကုန်သွယ်ရေးအရ အရေးပါသောမြို့ဖြစ်သည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ချင်းရွှေဟော်မြို့ကို MNDAA က သိမ်းပိုက်ထားပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးကို ဆက်လက်ကြိုးစားနေကြောင်း ယမန်နေ့က BBC မြန်မာပိုင်းကို ပြောထားသည်။
ယမန်နေ့ တိုက်ပွဲများအတွင်း စက်လက်တစ်လက်၊ Shotgun တစ်လက်၊ စကားပြောစက် ၄ ခု၊ ၆၀ မမ ဗုံးသီး အလုံး ၄၀၊ စက်လက်ကျည် အတောင့် ၂၀၀၀ ၊ ၅.၅၆ ကျည် အတောင့် ၃၀၀၀၊ လက်ပစ်ဗုံးအလုံး ၂၀၊ နင်းမိုင်း နှစ်လုံး၊ စက်လက်ကျည်ကတ် တစ်ခု၊ ရိုးရိုးကျည်ကတ် နှစ်ခုနှင့် အခြားစစ်ရေးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း The Kokang ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
MNDAA ၏ ပြောရေးဆိုခွင့်ရှိသူများသည် စစ်ရေးအခြေအနေများကို ထုတ်ဖော်ပြောဆိုလေ့မရှိဘဲ အဆက်အသွယ်ရရှိရန် ကြိုးစားနေဆဲဖြစ်သည်။
ချင်းရွှေဟော်မြို့တွင်းရှိ လောင်းကစားရုံများနှင့် အွန်လိုင်းငွေလိမ်လည်သည့်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူများကိုလည်း MNDAA က လိုက်လံဖမ်းဆီးခဲ့ပြီး လားရှိုးမြို့မှတစ်ဆင့် စစ်အင်အားတိုးချဲ့လာမည်ကို ဟန့်တားရန်အတွက် ချင်းရွှေဟော်နှင့် လားရှိုးပြည်ထောင်စုလမ်းမကြီးတို့ကို အရေးပေါ်ပိတ်ထားခဲ့သည်။
ချင်းရွှေဟော်မြို့မှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများနှင့် ရဲကင်းစခန်းများကိုလည်း MNDAA က တိုက်ခိုက်စီးနင်းခဲ့ပြီး လောက်ကိုင်မြို့အနီးသို့ ချဉ်းကပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ချင်းရွှေဟော်မြို့နှင့် “ဝ”ဒေသ ဟိုပန်မြို့တို့ ချိတ်ဆက်ထားသည့် နမ့်တိမ်တံတားကို ဖောက်ခွဲဖျက်ဆီးခဲ့သလို လားရှိုး-ချင်းရွှေဟော်လမ်းကြောင်းရှိ ချင်းရွှေဟော်မြို့အဝင်တံတားကိုလည်း ယမန်နေ့ မွန်းလွဲတွင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ထို့ကြောင့် ချင်းရွှေဟော်မြို့တွင်းသို့ စစ်ကောင်စီတပ်က စစ်ကူများ ပို့ဆောင်ရန် ခက်ခဲမည်ဖြစ်သည်။
လောက်ကိုင်မြို့ပေါ်တွင်လည်း စားသောက်ကုန်များ အလုအယက်ဝယ်ယူနေကြပြီး အခြေခံစားသောက်ကုန်များ အရောင်းအဝယ်ရပ်သွားကြောင်း လောက်ကိုင်မြို့ပေါ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဆန်၊ ဆီ၊ ဆားတွေ ဝယ်လို့မရတော့ဘူး။ ဘယ်သူမှ မရောင်းတော့ဘူး။ ဆိုင်တွေလည်း ပိတ်ထားကြတယ်။ တိုက်ပွဲဖြစ်လာရင် ရိက္ခာပြတ်မှာ စိုးရိမ်နေကြတယ်လေ“
လားရှိုးမြို့အနီးရှိ ကျေးရွာများတွင်မူ ယမန်နေ့ညက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မြို့ပေါ်တွင် စစ်ဘေးရှောင် ၅၀၀ ကျော် ရောက်ရှိနေကာ လားရှိုးလေဆိပ်ကိုလည်း ယာယီပိတ်ထားကြောင်း မြို့ခံများက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးများကြောင့် ချင်းရွှေဟော်မြို့၊ ကွတ်ခိုင်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့မှ အသက် (၇)နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သားဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် လားရှိုး-မူဆယ်လမ်းကြောင်းတွင်လည်း ကုန်ကားအများအပြား အသွားအလာ ရပ်နားထားကြပြီး နယ်စပ်ကုန်သွယ်ရေး ထိခိုက်လာဖွယ်ရှိသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်။
ဤစစ်ဆင်ရေးတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ် တပ်ရင်း (NSSAA) တို့လည်း ပါဝင်တိုက်ခိုက်နေကြသည်။
TNLA, MNDAA နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သည့် ညီနောင် (၃) ဖွဲ့၏ စစ်ဆင်ရေးကြေညာချက်တွင် တရုတ်က နှိမ်နင်းရန် အလိုရှိနေသည့် အွန်လိုင်းငွေလိမ်လည်သည့်လုပ်ငန်း (ကျားဖြန့်) ကုမ္ပဏီများနှင့် ထိုလုပ်ငန်းများကို လုပ်ကိုင်နေကြသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့များကို နှိမ်နင်းသွားမည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီကလည်း ရန်ကုန်မြို့မှ ငွေလိမ်လည်သည့် ၉၅ ဦးကို ဖမ်းဆီးမိထားကြောင်း ယမန်နေ့ညပိုင်းက ထုတ်ပြန်ခဲ့သည်။
(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)