နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် လက်နက်ခဲယမ်းတချို့တင်ဆောင်လာသည့် စက်လှေတစ်စီးကို အောက်တိုဘာ ၂၁ ရက်နေ့က ထိုင်းနှင့် မြန်မာစစ်တပ် ပူးပေါင်းဖမ်းဆီးလိုက်ကြောင်း စုံစမ်းသိရှိရသည်။
ထိုင်းနိုင်ငံ ရနောင်းမြို့မှ လာသော စက်လှေပေါ်မှ ပစ္စတို သုံးလက်ထက်မနည်း၊ မောင်းပြန်သေနတ် ငါးလက်၊ စကားပြောစက်သုံးလုံး၊ ကျည်ကာနှစ်ခု သိမ်းဆည်းခံရကာ ကော့သောင်းမှ စက်လှေပိုင်ရှင်နှင့် သူ၏ ဇနီး၊ လှေမောင်းသူနှင့် ရနောင်းဘက်မှ ပစ္စည်းပို့သူ မြန်မာတစ်ဦး အဖမ်းခံရကြောင်း မြို့ခံနှစ်ဦးထံမှ သိရသည်။
“ရနောင်းရေလယ်မှာက ထိုင်းရဲ စပိဘုတ် (အမြန်ရေယာဉ်) က လာစောင့်တယ်။ ပြီးရင် မြန်မာစပိဘုတ်က လာစောင့်တယ်။ ပြီးမှ ကမ်းနားရောက်မှ လာဖမ်းတာ” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
မြန်မာဘက်ခြမ်း ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် ဆိပ်ကမ်းသာလမ်း (၉၉၉) ကူးတို့ဆိပ် အမှတ် ၂၃ တွင် အဖမ်းခံရခြင်းဖြစ်ကြောင်း၊ လှေပိုင်ရှင် ဦးကျော်ကျော်နှင့် ဇနီး၊ လှေမောင်းသူနှင့် ရနောင်းမြို့တွင် နေထိုင်သူ ကိုဘာဘူလေး ဆိုသူတို့ကို ကော့သောင်းရှိ စစ်တပ်ဝင်းတစ်ခုတွင် စစ်ကြောနေကြောင်း သိရသည်။
လှေပိုင်ရှင်၏ ဖခင်ကိုပါ ဖမ်းထားသည်ဟု သတင်းထွက်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
မြို့ခံ အမျိုးသားနောက်တစ်ဦးကလည်း လှေပိုင်ရှင်၏ နေအိမ်ကို ချိပ်ပိတ်ကာ ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း၊ ထိုလက်နက်များမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အတွက် သယ်ဆောင်လာခြင်းဖြစ်သည်ဟု စွပ်စွဲခံထားရဟန်တူကြောင်း ပြောသည်။
“လက်နက်တွေကတော့ PDF (တော်လှန်ရေးအဖွဲ့) ကို လှမ်းပို့တယ်လို့ ထင်တာပဲ။ လိပ်စာ ထားဝယ်လို့ ပါတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနှင့် မြန်မာ အာဏာပိုင်များက ၎င်းတို့အလိုရှိသူများကို ပူးပေါင်းဖမ်းဆီးလေ့ရှိသည်မှာ ပုံမှန်ပင်ဖြစ်ကြောင်း အထက်ပါ မြို့ခံက ဆက်ပြောသည်။
“ထိုင်းမြန်မာ နယ်စပ်ရေးရာကော်မတီဆိုတာ ရှိတယ်လေ။ သူတို့က နယ်စပ်ရေးရာကော်မတီကို အကြောင်းကြားလိုက်တာနဲ့ ထိုင်းဘက်မှာရှိတဲ့ တရားခံကို ထိုင်းက ဖမ်းပေးတယ်။ မြန်မာဘက်မှာရှိတဲ့ တရားခံကို မြန်မာက ဖမ်းပေးတယ်။ အဲဒါမျိုးရှိတယ်” ဟု သူက ပြောသည်။
လှေပိုင်ရှင် ဦးကျော်ကျော်သည် ယခင်ကလည်း လက်နယ်သယ်ယူမှုဖြင့် အဖမ်းခံရဖူးပြီး လွတ်မြောက်ခဲ့ကြောင်း အထက်ပါ မြို့ခံက ဆက်ပြောသည်။
“အရင်တစ်ခါက ကိုကျော်ကျော်ကိုယ်တိုင် သူ့မှာ လက်နက်ပါတယ်ဆိုပြီး သတင်းပေးလိုက်တာ၊ နည်းနည်းတော့ ကြာပြီ၊ တစ်နှစ်လောက် ရှိပြီ” ဟု သူက ဆိုသည်။
စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းစာမျက်နှာတချို့တွင်မူ ဦးကျော်ကျော်ကို အသက် ၄၂ နှစ်အရွယ် လှေမောင်းဟု ဖော်ပြထားပြီး အဝတ်အိတ်အတွင်း ထည့်သယ်လာသည့် ခြောက်လုံးပြူးနှစ်လက်၊ ကျည် ၁၂ တောင့်၊ စကားပြောစက်သုံးလုံး၊ မတပ်ဆင်ရသေးသည့် drone ကိုယ်ထည်နှင့် ဆက်စပ်ပစ္စည်းတစ်ခု ဖမ်းဆီးရမိကြောင်း ရေးသားထားသည်။
အောက်တိုဘာ ၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ အထင်ကရ ဈေးဝယ်စင်တာဖြစ်သည့် Siam Paragon တွင် ၁၄ နှစ်သားတစ်ဦးက သေနတ်နှင့် ပစ်ခတ်သဖြင့် လူသုံးဦး သေဆုံးခဲ့ပြီးနောက်တွင် ထိုင်းရဲတပ်ဖွဲ့က နိုင်ငံတစ်ဝန်းစီမံချက်ဖြင့် ဖမ်းဆီးရှာဖွေမှုများ ပြုလုပ်ရာ သုံးရက်အတွင်း တရားမဝင် သေနတ်အလက် ၂၀၀၀ နှင့် ကျည် ၇၅၀၀ တောင့် သိမ်းဆည်းရမိဖူးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)