သတင်း

လက်လွှတ်ထားရသော စခန်းကုန်းများ ပြန်ရရေး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

TNLA,PDF တို့ သိမ်းထားသော မိုးကုတ်အရှေ့ခြမ်းမှ စခန်းကုန်းနေရာများ ပြန်ရရေး စစ်ကောင်စီက မြေပြင်၊ ဝေဟင်နှင့် လက်နက်ကြီးပစ်ကူများ သုံးကာ တောက်လျှောက်ထိုးစစ်ဆင်နေသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် လက်လွှတ်လိုက်ရသော စခန်းကုန်းနှစ်ခု ပြန်ရရေးအတွက် ကြိုးပမ်းနေသော စစ်ကောင်စီက အောက်တိုဘာ ၂၁ တွင် စစ်ကြောင်းထိုးလာပြီး လေကြောင်းပစ်ကူများပါ သုံးခဲ့၍ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

မိုးကုတ်မြို့ အရှေ့ဘက် ၉ မိုင်ခန့်အကွာ အထက်ညောင်ကုန်းရွာအနီးရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် PDF များ စခန်းချရာနေရာသို့ စစ်ကောင်စီ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ၏ ခြေမြန်တပ်ရင်း (ခမရ) ၈၈ အပါအဝင် တပ်ရင်းများက ထိုးစစ်ဆင်လာ၍ ယင်းနေ့ မွန်းလွဲ ၁ နာရီမှစတင်၍ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့သည်။

ညနေ ၄ နာရီခန့်တွင် တိုက်ပွဲဖြစ်ရာနေရာအနီး လေကြောင်းမှ ဗုံးကြဲမှု ၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း မိုးကုတ်အခြေစိုက် အမှတ် (၁၂၂၃) PDF တပ်ရင်းမှ တပ်ရင်းမှူး ကိုလရောင်က ပြောသည်။

“လေယာဉ်နဲ့ တောက်လျှောက် လာပစ်တာ။ ပထမဆုံးတစ်ကြိမ်က ရွာထဲကို ဗုံးကြဲထည့်တာ။ ကျန်တဲ့ အကြိမ်တွေက ကျွန်တော်တို့ရှိနိုင်တယ်ဆိုပြီး ယူဆတဲ့ တောင်ကုန်းတွေကို ကြဲချတယ်” ဟု ဆိုသည်။

လေကြောင်းပစ်ခတ်မှုအတွင်း အထက်ညောင်ကုန်းကျေးရွာရှိ နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ယင်းနေ့မှာပင် ထုတ်ပြန်ထားသည်။

“ညနေ ၄ နာရီဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာ (တိုက်ခိုက်ရေးလေယာဉ်) နှစ်စီးနဲ့ ဗုံးလာကြဲပါတယ်။ ပထမဆုံးလေယာဉ်က ရောက်တာနဲ့ ထိုးဆင်းပြီးတော့ ၃ လုံး တစ်ခါတည်း ကြဲတယ်။ အဲ့ဒီ ၃ လုံးလုံးက ညောင်ကုန်းရွာထဲကို ကြဲတာ။ ရွာထဲကို ကြဲပြီးမှ တိုက်ပွဲဖြစ်နေတဲ့ ကုန်းနှစ်ကုန်းကို ပတ်ကြဲတာ။ တော်တော်လေးကို ဆိုးဆိုးရွားရွားကြဲတာ” ဟု PDF တပ်ရင်းမှူး ကိုလရောင်က ဆိုသည်။

ယင်းနေ့ ညနေ ၅ နာရီခန့်တွင် စစ်ကြောင်းထပ်ထိုးလာကြောင်း၊ အနီးရှိ ဖြူရောင်ကျေးရွာတွင်ရှိသော စစ်ကောင်စီ အထိုင်တပ်က တိုက်ပွဲဖြစ်ပွားရာ အထက်ညောင်ကုန်းရွာသို့ လက်နက်ကြီးဖြင့် ၃၆ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းနေ့တွင်ပင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် စယ်နေကျေးရွာနှင့် ဖာပြန်ရွာအကြားတွင် ၆ နာရီနီးပါး တိုက်ပွဲဖြစ်ပြီး စစ်တပ်ထံမှ အလောင်းတစ်လောင်း၊ သေနတ်တစ်လက်နှင့် ခဲယမ်းများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ရှေ့တန်းတစ်နေရာတွင် တွေ့ရသော မိုးကုတ်ဗျူဟာအခြေစိုက် PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – တပ်ရင်း ၁၂၂၁)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ဒေသ (၁) ဖြစ်သော မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် “မိုးလုံးမှိုင်း” အမည်ဖြင့် စစ်ဆင်ရေးကို အကောင်အထည်ဖော်နေရာ စက်တင်ဘာ ပထမပတ်မှ စတင်၍ ထိုစစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် မိုးကုတ်စစ်ဗျူဟာ PDF တပ်ရင်း ၁၂၂၁ ၊ ၁၂၂၃ နှင့် TNLA တို့က ပူးပေါင်းတိုက်ခိုက်နေကြခြင်းဖြစ်သည်။

အဆိုပါ စစ်ဆင်ရေး စတင်သည့် စက်တင်ဘာလအတွင်း မိုးကုတ်မြို့ ကျပ်ပြင်ရဲစခန်းတိုက်ခိုက်မှုအပါအဝင် မြို့အရှေ့ဘက် ညောင်ကုန်းကျေးရွာနှင့် အနီးအနားရှိ ကျေးရွာနှစ်ခုတို့မှ စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA, PDF ပူးပေါင်းတပ်များက သိမ်းယူခဲ့သည်။

ထိုတပ်စခန်းကုန်း နှစ်ခုသည် မိုးကုတ်မြို့ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်သည့် နေရာဖြစ်သလို မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တို့ ထိစပ်နေသည့် အချက်အချာကျရာနေရာများဖြစ်ကြသည်။

စစ်ကောင်စီဘက်က တစ်လလခွဲခန့် ထိုးစစ်ဆင်နေသော်လည်း ထိုစခန်းကုန်းနေရာနှစ်ခုကို TNLA, PDF ပူးပေါင်းတပ်ဖွဲ့ဘက်ကသာ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ကိုလရောင်က ဆိုသည်။

ထိုနေရာများအနီး အောက်တိုဘာလ ၁၂ မှ ၁၅ ရက်အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သောကြောင့် ညောင်ကုန်း၊ ကုန်းစံကျေးရွာတို့မှ ဒေသခံ တစ်ထောင်ကျော်ခန့်သည် ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

ထိုတိုက်ပွဲများအတွင်း မိုးကုတ်တပ်ရင်း ၁၂၂၃ မှ ရဲဘော်နိုင်ဦး (ခ) နိုင်သန့်ဇင်၊ ရဲဘော်အာကြီး (ခ) ရှိုင်းထက်၊ တပ်ရင်း ၁၂၂၁ မှ ရဲဘော်ကိုဆံရှည်တို့ သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၀ ရက်တွင်လည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ အထက်ညောင်ကုန်းကျေးရွာရှိ နေအိမ်တစ်လုံးကို ထိမှန်ခဲ့သည်။

ယခုနှစ် စက်တင်ဘာလဆန်းကတည်းက ပြင်းထန်နေသည့် မိုးကုတ်မြို့နယ်တိုက်ပွဲများအတွင်း စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးပစ်ကူများကြောင့် ကုန်းစံရွာနှင့် ညောင်ကုန်းရွာတို့မှ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းတို့၌ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA အဆိုအရ သိရသည်။

တိုက်ပွဲဖြစ်ပွားရာနေရာများကို TNLA ဘက်က ထုတ်ပြန်ထားစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button