သတင်း

စရိတ်ကာမိရန် နိုင်ငံပိုင်အရန်ဆန်ကို ဈေးတင်ရောင်းမည်ဟု ဆန်စပါးအသင်းချုပ်ဆို

သိုလှောင်စရိတ်ကာမိစေရန် တစ်အိတ်လျှင် ကျပ် ၂၁,၅၀၀ နှုန်းဖြင့် ဝယ်ယူခဲ့သည့် နိုင်ငံပိုင်အရန်ဆန်ကို ကျပ် ၂၂,၈၀၀ နှုန်းဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) တာဝန်ရှိသူက ပြောသည်။ 

နိုင်ငံတော်အရေးပေါ်ဆန် (အရန်ဆန်) ဝယ်ယူစဉ်က သိုလှောင်စရိတ်ကို ဆန်စပါးအသင်းချုပ်က ကျခံမည်ဟု ဆိုခဲ့သော်လည်း ဆန်သိုလှောင်ခ ကျပ်သိန်းလေးထောင်နီးပါးကို ထိုဆန်ရောင်းချရငွေထဲက ပြန်နုတ်ယူသွားမည်ဟု အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ 

“အရန်ဆန်ရောင်းရတဲ့ဆီက ပြန်နုတ်တဲ့ပုံစံလည်းဖြစ်နိုင်တယ်။ နောက်တစ်ခုက အရန်ဆန်ဝယ်တဲ့သူကို ဈေးလျှော့ရောင်းပြီးတော့ ဒီစရိတ်ကို တောင်းလိုက်ရင်လည်း ဖြစ်တယ်” ဟု ၎င်းက ပြောသည်။ 

အရန်ဆန်တစ်အိတ်လျှင် ကျပ် ၂၂, ၄၀၀ နှုန်းဖြင့် ဆန်စပါးအသင်းချုပ်ကို လွှဲအပ်ပြီး ဆန်အသင်းမှတစ်ဆင့် ကုန်သည်များကိုရောင်းချရာတွင် သိုလှောင်ခရရှိနိုင်ရန် ကျပ် ၂၂,၈၀၀ ဝန်းကျင်ဖြင့်ရောင်းချကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစန်းမြင့်က Myanmar Now ကို ပြောသည်။ 

“ဒီသိုလှောင်ခ မပေးဘူးဆိုတာ သူတို့ကို ကျွန်တော်တို့က အတိအလင်းပြောထားပြီးသားပါ။ သိုလှောင်ရုံအရောက် အလုပ်သမားခလည်း မကျခံဘူး၊ သယ်ယူတဲ့ ကားခလည်း မကျခံဘူး” ဟု ၎င်းက ပြောသည်။ 

ကိုဗစ်နိုင်တင်းကာလ၌ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် ဆန်တန်ချိန် ငါးသောင်း (ဆန်အိတ် ၁၀ သိန်း) ကို နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေ ကျပ် ၂၃ ဘီလျံဖြင့် ဝယ်ယူခဲ့ပြီး နိုင်ငံပိုင်ဂိုဒေါင်မလုံလောက်၍ ပုဂ္ဂလိကဂိုဒေါင်များကို ငှားရမ်းအသုံးပြုနေရသဖြင့် လစဉ်ကျပ်သိန်းထောင်ချီ ကုန်ကျလျက်ရှိသည်။ 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ နိုင်ငံပိုင်ဂိုဒေါင်နှစ်လုံးသည် ဆန်အိတ် ငါးသောင်းခန့်သာ ထားနိုင်သဖြင့် ကျန်ဆန်အိတ်ကိုးသိန်းကျော်ကို ရန်ကုန်ရှိ ပုဂ္ဂလိကဆန်ဂိုဒေါင်များ၌ ဆန်တစ်အိတ်လျှင် လစဉ်သိုလှောင်ခ ကျပ် ၁၀၀ နှုန်း ပေးနေရခြင်းဖြစ်သည်။ 

ယခင်အစိုးရလက်ထက်တွင် နိုင်ငံပိုင်ဆန်ဂိုဒေါင် ၃၀၀၀ ကျော်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များကို နှစ်ချုပ်ဖြင့် ငှားရမ်းခြင်း၊ အချို့ကို ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့သည်။ 

ပုဂ္ဂလိကသို့ အပြီးတိုင်ရောင်းချခဲ့သည့် ဂိုဒေါင် ၁၂၀၀ ကျော်၊ နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းခဲ့သည့် ဂိုဒေါင် ၁၂၀ ကျော်၊ အခြားဝန်ကြီးဌာနများသို့ အပြီးလွှဲပြောင်းခဲ့သည့် ဂိုဒေါင် ၈၄၀ ကျော်နှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ရောင်းချခဲ့သည့် ဂိုဒေါင် ၄၀၀ ကျော်ရှိပြီး လက်ရှိတွင် နိုင်ငံပိုင်ဂိုဒေါင် ၅၂၀ သာကျန်ရှိသည်ဟု ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် စီးပွားရေးနှင့် ကူးသန်းရေးရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။ 

“အရင်က ဂိုဒေါင်လည်း ကျွန်တော်တို့ပိုင်ခဲ့တယ်။ ဆန်စက်တွေလည်း ကျွန်တော်တို့ပိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ ကျွန်တော်တို့ဆီမှာ သုံးလို့မရတော့တဲ့ ဂိုဒေါင်တွေပဲ ကျန်တော့တယ်” ဟု ၎င်းက ပြောသည်။ 

ဇူလိုင်လဆန်းပိုင်းမှစ၍ နိုင်ငံပိုင်အရန်ဆန်ကို တစ်အိတ်လျှင် ကျပ် ၂၂,၈၀၀ နှုန်းဖြင့် ရောင်းချနေပြီး လက်ရှိအထိ ဆန်အိတ်သုံးသောင်းခန့် ရောင်းရပြီးဖြစ်ကာ ဆန်စပါးအသင်းချုပ်အနေဖြင့် ရောင်းချခွင့်ရှိ ဆန်အိတ်အရေအတွက်မှာ ငါးသိန်းဖြစ်သည်ဟု ဦးရဲမင်းအောင်က ပြောသည်။

Show More

Related Articles

Back to top button