သတင်း

ဆည်ရေဖောက်ချသည့် လွိုင်ကော်တွင် ရေကြီးနိုင်ကြောင်း စစ်ကောင်စီသတိပေး

ကယားပြည်နယ်မြို့တော်တွင် မိုးဗြဲဆည်ရေဖောက်ချမှုကြောင့် အရေးပေါ်ရွှေ့ပြောင်းနိုင်ရေး ပြင်ဆင်ကြရန် မြေနိမ့်ပိုင်း ရပ်ကွက်တချို့တွင် နေထိုင်သူတို့ကို လှုံ့ဆော်ထားသည်။

မိုးဗြဲဆည်ရေ ဖောက်ချမှုကြောင့် ရေကြီးလာနိုင်သဖြင့် အရေးပေါ်ရွှေ့ပြောင်းနိုင်ရေး ပြင်ဆင်ထားရန် ယနေ့ (အောက်တိုဘာ ၁၈) တွင် စစ်ကောင်စီက ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ရှိ မြေနိမ့်ပိုင်း ရပ်ကွက်တချို့တွင် လော်စပီကာဖြင့် လိုက်လံအသိပေးနေကြောင်း မြို့ခံများထံမှ သိရသည်။

မိုးဗြဲဆည်သည် ရှမ်း-ကယား နှစ်ပြည်နယ် နယ်စပ်တွင် တည်ရှိပြီး ထိုရေကာတာမှ ရေများသည် ဘီလူးချောင်းမှတစ်ဆင့် လွိုင်ကော်မြို့ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လောပိတရေအားလျှပ်စစ်စက်ရုံများဆီသို့ စီးဝင်သည်။

လွိုင်ကော်မြို့ကို ဖြတ်သန်းစီးဆင်းနေသည့် ဘီလူးချောင်းရေသည် အောက်တိုဘာ ၁၈ ညနေပိုင်းတွင် ပုံမှန်ရေမျက်နှာပြင်ထက် လေးလက်မခန့် ပိုတက်လာကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

“ရေတော့ နည်းနည်း နည်းနည်း တက်လာတယ်ဗျ။ ရွှေ့တဲ့လူ ရွှေ့နေတယ်ဗျ။ ဘယ်ကိုရွှေ့လဲ မသိဘူး။ ဘုန်းကြီးကျောင်းတွေပဲ ဖြစ်မယ်ထင်တယ်” ဟု ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့အဖွဲ့က သွားရောက် မကယ်ဆယ်ရသဖြင့် ရွှေ့ပြောင်းသူ အရေအတွက်နှင့် အသေးစိတ်ကို မသိရသေးကြောင်း ပြောသည်။ လက်ရှိတွင် ကယ်ဆယ်ရေးအသင်းများကလည်း အသင့်ပြင်ထားပြီး စစ်ကောင်စီဘက်က မီးသတ်ဌာနနှင့် အခြားဌာနများကလည်း ကြိုတင်ပြင်ဆင်ကာ စောင့်ကြည့်နေသည်ဟု ဆိုသည်။

“ကျနော်တို့ကတော့ stand by အနေနဲ့ နေခိုင်းထားတယ်ဗျ။ သူတို့ ခေါ်တာနဲ့ တန်းသွားလို့ရအောင်” ဟု ၎င်းက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွန်ခဲ့သည့် တစ်ပတ်ခန့်ကစ၍ ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲဆည်ရေအပါအဝင် တောင်ကျရေများ လွိုင်ကော်မြို့ရှိ ဘီလူးချောင်းအတွင်း စီးဆင်းမှုကြောင့် လွိုင်ကော်၊ မိုးဗြဲ မြေနိမ့်ပိုင်း ရပ်ကွက်၊ ကျေးရွာများ ရေလျှံနေခြင်းဖြစ်သည်။

လွိုင်ကော်မြို့တွင် နမ့်ကွတ်ရပ်ကွက်နှင့် မှုံပြာကျေးရွာတို့မှာ အခြေအနေအဆိုးဆုံးဖြစ်ပြီး ဒေါနိုးကူး၊ ရှမ်းပိုင်း၊ ရွှေတောင်၊ ဒေါဥခူရပ်ကွက် အနိမ့်ပိုင်းနေရာအချို့တွင်လည်း ရေမြုပ်နေကြောင်း မြို့ခံများက ဆိုသည်။

လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေတက်လာသည်ကို စစ်ကောင်စီခန့် အရာရှိများက အောက်တိုဘာ ၁၇ ရက်နေ့က လိုက်လံကြည့်ရှုနေစဉ် (ဓာတ်ပုံ – ကယားပြည်နယ် စစ်ကောင်စီ)

ဒေါဥခူရပ်ကွက်တွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးကမူ အခြေအနေ အဆိုးရွားဆုံးဖြစ်သည့် ကပ်လျက် မှုံပြာကျေးရွာတွင် နေထိုင်သူတို့ ပြောင်းရွှေ့ခြင်း မရှိသေးသဖြင့် ၎င်းတို့လည်း ဆက်လက် နေထိုင်လျက်ရှိကြောင်း ပြောသည်။

“မရွှေ့သေးပါဘူး၊ သူတို့ လိုက်ကြေညာတာပဲရှိတာ။ အိမ်အောက်လောက်ပဲ မြုပ်တာဆိုတော့ နည်းနည်း နည်းနည်းပဲ တက်တာဆိုတော့ ကျလိုက် တက်လိုက်ပဲ။ ဒီနေ့မှ တစ်ခါပြန်တက်တာ” ဟု ၎င်းက ဆိုသည်။

မှုံပြာကျေးရွာတွင်လည်း အိမ်အောက်ထပ် မြုပ်သဖြင့် အပေါ်ထပ်တွင် နေထိုင်ကြကြောင်း၊ ရွာနီးချုပ်စပ်သို့ လှေများဖြင့် သွားနေကြကြောင်း ၎င်းကြားသိရသည့် အခြေအနေကို ပြောပြသည်။

စစ်ကောင်စီဘက်က တာဝန်ရှိသူများက ရေမြုပ်ကျေးရွာများကို လိုက်လံကြည့်ရှုနေပြီး မိုးကာစ အစရှိသည့် ပစ္စည်းများ လိုက်ပေးနေကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီက မိုးဗြဲဆည်ရေ အနည်းငယ်စီ ဖောက်ထုတ်နေသဖြင့် မိုးဗြဲမြို့အနီးရှိ ကျေးရွာအချို့လည်း ရေနစ်မြုပ်ခဲ့ပြီး စစ်ဘေးရှောင်စခန်းများမှ စစ်ရှောင် ၁၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ထို့ပြင် လွိုင်ကော်မြို့အနောက်ဘက် ဒီးမော့ဆိုမြို့နယ်အဝင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဘုရားဖြူကျေးရွာတွင်လည်း ရေကြီးရေလျှံမှုကြောင့် မွေးမြူရေးခြံများ၊ စိုက်ခင်းများ ပျက်စီးခဲ့သည်။

လွိုင်ကော်မြို့တွင် ရေကြီးရေလျှံဖြစ်စဉ်မှာ ကြုံတောင့်ကြုံခဲဖြစ်သော်လည်း မိုးဗြဲဆည်ရေ ဖောက်ချပါက ရေကြီးရေလျှံဖြစ်လေ့ရှိသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလကလည်း မိုးဗြဲဆည်ရေ ဖောက်ချမှုကြောင့် ဘီလူးချောင်း ရေလျှံသဖြင့် လွိုင်ကော်မြို့အနီးရှိ ကျေးရွာများ ရေဘေးဒုက္ခကြုံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။

ယခုနှစ် ဩဂုတ်လကမူ မိုးဗြဲဆည်က ရေထိန်းတံခါးကို ပိတ်လိုက်သဖြင့် ဘီလူးချောင်းရေ လုံးဝခန်းခြောက်သွားခဲ့သည်။

မိုးဗြဲဆည်သည် လွိုင်ကော်မြို့နယ်ရှိ ဘီလူးချောင်း(လောပိတ) ရေအားလျှပ်စစ်စက်ရုံများအတွက် ရေအရင်းအမြစ်များ သိုလှောင်ထားပြီး ဘီလူးချောင်းမှတစ်ဆင့် ရေအားလျှပ်စစ်စက်ရုံများကို ရေပေးဝေနေခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button