![](https://myanmar-now.org/mm/wp-content/uploads/sites/7/2023/10/h_53908965-scaled.webp)
ယမန်နေ့ (အောက်တိုဘာ ၁၁) က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ သိန်းနီမြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ နှစ်နေရာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ထိုဒေသတွင် ရှိနေသူများထံမှ သိရသည်။
လားရှိုးမြို့မှ တက်လာသည့် ၁၈ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာအနီး KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၃ နာရီခန့်တွင် နာရီဝက်ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်။
စစ်ယာဉ်တန်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ သေဆုံးကြောင်း KIA မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
“စကစဘက်က ၅ ယောက် သေဆုံးတယ်ဆိုတာကို အတည်ပြုလို့ရတယ်။ စစ်ကား ၁ စီးကတော့ ကျွန်တော်တို့ ပစ်လိုက်တဲ့ လက်နက်ကြီး ထိသွားတယ်။ ကားအင်ဂျင်ပိုင်း ထိတော့ သွားလို့ မရတော့တာ။ ပျက်စီးသွားတဲ့ကားကိုတော့ ညနေ ၆ နာရီလောက်မှာ သူတို့ကားနဲ့ ပြန်ဆွဲသွားတာ” ဟု ပြောခွင့်ရအရာရှိမဟုတ်သဖြင့် အမည်မဖော်လိုသော ထိုတပ်ဖွဲ့ဝင်က ပြောသည်။
အဆိုပါ စစ်ယာဉ်တန်းသည် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ ဗျူဟာတပ်စခန်းအတွင်း ဝင်ရောက်သွားပြီး ယနေ့ (အောက်တိုဘာ ၁၂) မွန်းတည့်ချိန်တွင် မူဆယ်မြို့ဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာ ၁၀ ညက KIA/KIO ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဖျက်အားပြင်းလက်နက်သုံးပြီး တိုက်ခိုက်ခဲ့မှုကြောင့် ကလေးများအပါအဝင် ၂၉ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။
တစ်ပြိုင်တည်းမှာပင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲများ ပြင်းထန်နေသည်။
သိန်းနီမြို့မှ ၁၀ မိုင်ခန့်အကွာ ကွန်ကောက်ကျေးရွာအနီး ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် တစ်နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့သည်။
KIA အခြေစိုက်ထားသော ယင်းနေရာအနီး စစ်တပ်စစ်ကြောင်း ချဉ်းကပ်လာ၍ ပြီးခဲ့သည့် အောက်တိုဘာ ၆ ကတည်းက တိုက်ပွဲများဖြစ်နေသည်။
ယခင်ရက်များက ကုန်ကား ၃ စီးကို ကန့်လန့်ဖြတ် ပိတ်ကာ လမ်းပိတ်ဆို့ထားသော KIA က ယမန်နေ့ နံနက်တွင် လမ်းပိတ်မှုကို ဖယ်ရှားပြီး တပ်များပြန်ဆုတ်နေချိန် ကွန်ကောက်ကျေးရွာမြောက်ဘက် တောင်ကြောအနီး စစ်တပ်က လိုက်လံ တိုက်ခိုက်သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
“KIA က ရွာထဲမှာ မရှိတော့ဘူး။ တောင်ပေါ်ဘက် တက်သွားတာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ မနေ့ညနေကတော့ (တပ်) အချင်းချင်း ပစ်ခတ်နေတဲ့အသံတွေ ကြားတယ်။ ရွာနဲ့တော့ ဝေးတယ်” ဟု ကွန်ကောက်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
တိုက်ပွဲစဖြစ်သည့် အောက်တိုဘာ ၆ ရက်ကတည်းက ကွန်ကောက်ကျေးရွာအုပ်စုအတွင်းမှ ရွာ ၅ ရွာမှ ဒေသခံ တစ်ထောင်ကျော်သည် နီးစပ်တောင်ယာများ၊ သိန်နီးမြို့ ဟိုမိန်းဘုန်းကြီးကျောင်းတို့၌ သွားရောက်ခိုလှုံခဲ့ရသည်။
တိုက်ပွဲကြောင့် ကွန်ကောက်ကျေးရွာမှ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၅ လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့သလို ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။
စစ်ရှောင်များ နေရပ်ပြန်
စစ်ကောင်စီတပ်နှင့် KIA တပ်များ ရွာအနီး မရှိတော့သောကြောင့် သိန်းနီမြို့၊ ဟိုမိန်းဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် ကွန်ကောက်ကျေးရွာအုပ်စုမှ ဒေသခံ ၂၆၀ ကျော် ယနေ့ နံနက်က နေရပ်ပြန်သွားကြသည်ဟု သိရသည်။
အလားတူ မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ စစ်ရေးတင်းမာနေဆဲဖြစ်သော်လည်း တိမ်းရှောင်နေကြသည့် ဒေသခံ တစ်ထောင်ကျော်သည် နေရပ်ပြန်ကြကြောင်း သိရသည်။
ထို့အတူ သိန်းနီမြို့၊ နမ့်စလပ်ကျေးရွာအနီး တိုက်ပွဲကြောင့် ပိတ်မိနေသော ချင်းရွှေဟော်နယ်စပ်ဂိတ်မှ လာသော သွင်းကုန်ကုန်တင်ကား အစီး ၃၀၀ ကျော်သည် ယမန်နေ့နံနက်က ထွက်ခွာသွားနိုင်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇူလိုင်လမှ စပြီး စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများ ပြင်းထန်လာပြီး ယခုလဆန်းပိုင်းတွင် KIA နှင့် တိုက်ပွဲများ ဖြစ်နေသည်။
အပစ်ရပ်လက်မှတ်မထိုးထားသလို နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်ကူညီနေသော KIA ကို စစ်ကောင်စီက ပစ်မှတ်ထားကာ KIA ဌာနချုပ်ရှိသော လိုင်ဇာအနီးရှိ အရပ်သားများကို တိုက်ခိုက်ခြင်းများ၊ လေကြောင်းမှ ဗုံးကြဲခြင်းများ ပြုလုပ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)