စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ယမန်နေ့ (အောက်တိုဘာ ၁၁) အထိ တိုက်ပွဲများ ၃ ရက်ဆက် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အောက်တိုဘာ ၉ ညနေပိုင်းက မြို့အရှေ့ဘက် ၅ မိုင်ခန့်အကွာ ကျွဲကောကြီးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာမှ တိုက်ပွဲစတင်ခဲ့သည်ဟု ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ထိတွေ့မှုဖြစ်တဲ့အချိန်မှာပဲ ကျွန်တော်တို့ဘက်က လက်ဦးမှုယူပြီး မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်က ၄ ဦး သေဆုံးပြီးတော့ တစ်ဦးကတော့ ခြေပြတ်လက်ပြတ်အထိကို ဖြစ်သွားတယ်၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာပေါ့” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ကသာခရိုင် တပ်ရင်း ၁, ၂, ၄ တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြသည့် အဆိုပါ တိုက်ပွဲမှာ ညဉ့်နက်သည်အထိ ဆက်လက်ဖြစ်ပွားခဲ့သည်၊ အဆိုပါ စစ်ကြောင်းမှာ ရှေ့ဆက်မတိုးနိုင်ဘဲ တိုက်ပွဲဖြစ်ပွားသည့် နေရာတွင်ပင် ရပ်တန့်နေခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားစဉ် ဗန်းမောက်မြို့တွင်းမှ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်ခဲ့သည်၊ ည ၉ နာရီခန့်မှ လက်နက်ကြီးပစ်ခတ်မှု ရပ်နားခဲ့သည်ဟု သိရသည်။
အောက်တိုဘာ ၁၀ နံနက်ပိုင်းတွင် အင်အား ၃၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခု စစ်ကူရောက်လာခဲ့ပြီး ကျွဲကောကြီးရွာတွင် စုစုပေါင်း အင်အား ၁၀၀ ကျော်ဖြင့် နေရာယူထားသည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဗန်းမောက်-အင်းတော် လမ်းပိုင်းတွင် ရှိသည့် အဆိုပါ ကျေးရွာမှာ အိမ်ခြေ ၁၀၀ ခန့်ရှိကြောင်း၊ ရွာအနီးသို့ စစ်ကြောင်းထိုးလာမည့်သတင်းကြောင့် အောက်တိုဘာ ၆ ရက်နေ့မှစတင်ကာ ဒေသခံများ တိမ်းရှောင်နေကြရသည်။
လက်နက်ကြီးဒဏ်ကြောင့် နေအိမ်တချို့လည်း မီးလောင် ပျက်စီးခဲ့သည်ဟု သိရပြီး ပျက်စီးသည့် အိမ်အရေအတွက်ကို မသိရသေးပေ။
၁၀ ရက်နေ့ တစ်နေ့လုံး ကျွဲကောကြီးရွာအနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားသည်၊ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၁ ဦးထက်မနည်း သေဆုံး၊ PDF တပ်များမှ သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဗန်းမောက်-ပအဖ အဖွဲ့တာဝန်ခံက ဆိုသည်။
နှစ်ဖက် ထိခိုက် သေဆုံးမှု အရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီတပ်ကလည်း အဆိုပါ တိုက်ပွဲဖြစ်စဉ်ကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
အောက်တိုဘာ ၁၁ ရက် နံနက်တွင် ၆၀ မမ လက်နက်ကြီးများနှင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် ရှေ့ဆက်မတိုးတော့ကြောင်း သိရသည်။
“သူတို့ ဆုတ်သွားတော့ ဗန်းမောက်မြို့နား နှစ်မိုင်၊ သုံးမိုင်လောက်အထိကို ကျွန်တော်တို့ နယ်မြေစိုးမိုးနိုင်ခဲ့တယ်၊ အခုက စစ်ကောင်စီတပ်က ဗန်းမောက်မြို့နားက ဆင်ကန်အထိ ဆုတ်သွားတယ်လို့ သိရတယ်” ဟု ဗန်းမောက်-ပအဖ တာဝန်ရှိသူက ပြောသည်။
လတ်တလောတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းနှစ်ကြောင်းပေါင်း အင်အား ၁၀၀ ခန့်မှာ ဗန်းမောက်မြို့နှင့် နှစ်မိုင်၊ သုံးမိုင်အနီးဝန်းကျင်တွင်ပင် ဆက်ရှိနေသည်ဟု သတင်းရထားကြောင်း အဆိုပါ ပအဖ တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့မှ စတင်ကာ မြို့အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းမှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေပြီး ယနေ့ အောက်တိုဘာ ၁၂ ရက် နံနက်တွင်လည်း လက်နက်ကြီးပစ်ခတ်သံများကို ကြားနေရသည်ဟု အသက် (၃၀) ကျော်အရွယ် ဗန်းမောက်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ ရက်တွေကနေ စဖြစ်တာ အခုချိန်ထိပဲ၊ မနက်တုန်းကလည်း ကြားရတယ် (လက်နက်ကြီးသံ) ဒီဘက်ကနေ ပစ်တာ။ ဘာလို့ဆို မြို့အထွက်နားမှာ စစ်တပ်ဂိတ်ရှိတယ်ပေါ့နော် အဲဒီဂိတ်ကနေ ပစ်နေတာ” ဟု ထိုအမျိုးသမီးက ပြောသည်။
ဗန်းမောက်မြို့အနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဗန်းမောက်-အင်းတော်လမ်းပိုင်းကို စစ်ကောင်စီတပ်က ပိတ်ထားလိုက်သလို မြို့ပေါ်တွင်လည်း နေရာ ၄ ခုထက်မနည်းတွင် စစ်ဆေးနေသည်ဟု သိရသည်။
ဗန်းမောက်မြို့တွင် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ထားသည့်အပြင် အင်းတော်-ဗန်းမောက်လမ်းပိုင်းကို စစ်ကောင်စီတပ်က မကြာခဏ ပိတ်ဆို့ထားသည့်အတွက် စားသောက်ကုန်များဝယ်ယူရန် ခက်ခဲနေပြီး ကုန်ဈေးနှုန်း မြင့်တက်နေသည်ဟုလည်း သိရသည်။
ဗန်းမောက်မြို့သည် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် တည်ရှိပြီး ကချင်ပြည်နယ်နှင့်လည်း ထိစပ်လျက်ရှိသည်။ အင်းတော်၊ ဗန်းမောက်ဒေသများ၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဒေသခံ PDF များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)