အောက်တိုဘာ ၁၀ ရက်နေ့က ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ရွာနှစ်ရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် ၁၄ နှစ်သမီး သေဆုံး၊ ဒေသခံ ၄ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။
နန္ဒမိတ်ကျေးရွာနှင့် ကျော်လှရွာသို့ ကညွတ်ကွင်းမြို့အခြေစိုက် စစ်ကောင်စီအထိုင်တပ်က လက်နက်ကြီးပစ်ခတ်ရာ ကျော်လှရွာမှ အသက် ၁၄ နှစ် ကိုးတန်းကျောင်းသူ မယုရတီခိုင် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ဒေသခံများ ဒဏ်ရာရသွားခြင်းဖြစ်သည်ဟု ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
“နေ့လယ် ၁ နာရီက လက်နက်ကြီးကျည်ကျတာ။ အဲတုန်းက အထိအခိုက်မရှိဘူး။ ညနေ ငါးနာရီ ထပ်ကျတော့ ကလေးမလေး ထိမိပြီး ဝမ်းဗိုက်ဖောက်ဒဏ်ရာရပြီး မကြာဘူး သေဆုံးတယ်၊ ဆေးကုသခွင့်တောင် မရဘဲ ဆုံးသွားတာ” ဟု ၎င်းက ဆိုသည်။
အလားတူ ဖြူးမြို့နယ်၊ နန္ဒမိတ်ကျေးရွာတွင်လည်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး ဒဏ်ရာရသည်၊ အသေးစိတ်အခြေအနေကို စုံစမ်းဆဲဖြစ်သည်ဟု ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်က တော်လှန်ရေးသမားတို့ ရှိနိုင်သည့် နေရာဝန်းကျင်ကို ပစ်ခတ်နေသဖြင့် ဒေသခံပြည်သူများ ထိမှန်နေကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
အောက်တိုဘာ ၃ ရက်နေ့ကလည်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ရှိ ငတိုးခင်ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ၉ နှစ်အရွယ် နော်နီလာထွေးနှင့် ၄၆ နှစ်အရွယ် ဦးဇော်မင်းတို့ ဒဏ်ရာရရှိခဲ့ကြသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်ကလည်း ညောင်လေးပင်မြို့နယ် ပျည်ရေကြီးကျေးရွာအတွင်း လက်နက်ကြီးကျည်ကျခဲ့ရာ ၇ နှစ်သမီးအရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၃ တွင်လည်း မုန်းမြို့နယ်၊ ကြက်တက်ညောင်ပင်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်၊ တိုက်ခိုက်မှုအတွင်း အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ခြောက်ဦး ဒဏ်ရာရခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်ထားသည်။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ကပ်လျက်ရှိသည် ပဲခူးတိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးအသားအစည်းအရုံး (KNU)၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက စစ်ရေးအရ လွှမ်းမိုးနိုင်ရန် ယခုနှစ်ဆန်းပိုင်းမှစ၍ ကြိုးပမ်းနေရာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)