
ပဲခူးမြို့တွင် အချို့နေရာများ၌ ရေပြန်ကျသော်လည်း ရေဘေးဒုက္ခသည် နှစ်သောင်းခုနှစ်သောင်း (၂၇,၀၀၀) ကျော်ရှိလာလာသည်ဟု စစ်ကောင်စီ ၏ လူကယ်ပြန်ဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများကို ယနေ့ (အောက်တိုဘာ ၁၁) နံနက်ပိုင်း၌ ဆက်သွယ်မေးမြန်းရာတွင် ပဲခူးမြို့၌ပင် ရေဘေးဒုက္ခသည် ၂၇,၀၀၀ ကျော်သွားပြီ ဟု အတည်ပြုသည်။
“ကျတယ်ဆိုပေမယ့် ချက်ချင်းကြီးတော့ နေရဲမယ် မထင်ဘူး။ တော်တော်ကြီး ကျသွားမှပဲ နေမယ်ထင်တယ်၊ ပြန်တက်လာရင်ဆိုတဲ့ စိုးရိမ်ချက်တော့ရှိမှာပေါ့၊ များသောအားဖြင့် ချက်ချင်းကြီး ပြောင်းတာမျိုးတော့ မဟုတ်ဘူး။ စိတ်ချရမှာ ပြောင်းကြရမှာပေါ့” ဟုလည်း ဆိုသည်။
နေအိမ်များအတွင်း ပိတ်မိနေသူများလည်း ရှိနေပြီး အဆက်အသွယ်မရသဖြင့် ပျောက်ဆုံးသူ၊ သေဆုံးသူရှိနေမည်ကို စိုးရိမ်နေရသည်ဟု ကယ်ဆယ်ရေးသမားများနှင့် ဒေသခံတို့က ပြောသည်။
လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရသူ မရှိသေးကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုညွှန်ကြား ရေးမှူးချုပ် ဦးဝင်းရွှေက ယမန်နေ့တွင် ပြောဆိုသည်။
ဒေသခံများနှင့် ကယ်ဆယ်ရေးသမားများ အဆိုအရမူ ပဲခူးမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေပြီး ဖုန်းအား မရှိခြင်း၊ ဖုန်းလိုင်းမမိခြင်းများကြောင့် အဆက်အသွယ်ပြတ်တောက်နေသူများရှိသည်ဟု သိရသည်။
“ပဲခူးမြို့က အခြေအနေတော်တော်ဆိုးနေပြီ။ မိုးက တစိမ့်စိမ့်ရွာနေတာပဲ။ သည်းကြီးမဲကြီးသာ မရွာတာ၊ နေမှ မပြတာကိုး။ သေတဲ့ပျောက်တဲ့ သ တင်းတွေ မတက်ပေမယ့် ရေကတအားတက်နေပြီး မသိဘူးဖြစ်နေကြလား မသိဘူး” ဟု အင်းတကော်မြို့နယ်မှ ဒေသခံတစ်ဦးက ယမန်နေ့ (အောက်တိုဘာ ၁၀) တွင်ပြောသည်။
နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံဖြစ်လေ့ရှိသော ပဲခူးတွင် တစ်မြို့လုံးနီးပါး ရေလွှမ်းနေပြီး မြို့လယ်ရှိ နာရီစင်နှင့် ရွှေမောဓောဘုရားအနီးမှ ခြင်္သေ့ရုပ်ကြီးများ နစ်မြုပ်စပြုနေသည်ကို ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများအရ သိရသည်။
စစ်ကောင်စီ၏ နေ့စဉ်ထုတ်ပြန်ချက်များတွင် ရေကြီးနစ်မြုပ်ရသည့် အကြောင်းရင်းကို တိတိပပဖော်ပြထားခြင်း မရှိဘဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ခြင်းဖြစ်ကြောင်း ပဲခူးမြို့နယ်အပြင် ရန်ကုန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော လှည်းကူး၊ မှော်ဘီနှင့် တိုက်ကြီးမြို့နယ်တို့တွင်လည်း ရေဘေးသင့်နေသူများရှိသည်ဟု ဆိုသည်။
ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် လေးပေခန့် ကျော်လွန်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။
ပဲခူးမြို့တွင်း၌ မိုးကြီး၍ရေတက်လာမည်ကို သိရှိသော်လည်း ဆည်များမှရေပိုလွှဲဖောက်ချမည့်အကြောင်း အုပ် ချုပ်ရေးအဖွဲ့များက ကြိုတင်အသိပေးခြင်းမရှိကြောင်း၊ ပစ္စည်းများမရွှေ့ပြောင်းနိုင်သဖြင့် ပျက်စီး ဆုံးရှုံးမှုများ ရှိနေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ယမန်နေ့တွင် ပြောသည်။
“ညီမတို့အိမ်ဆိုရင် တံစက်မြိတ်တောင် မြုပ်သွားပြီ။ ပစ္စည်းတွေ အကုန်ဆုံးရှုံးသွားပြီ၊ ပြန်မရတော့ဘူး။ ရေခဲ သေတ္တာ၊ ရေစက် အကုန်ထားခဲ့ရတာလေ။ ပျက်ကုန်ပြီပေါ့” ဟု ပဲခူးမြို့၊ မဟာမြိုင်ရပ်ကွက်တွင် နေထိုင်သူ ထိုအမျိုးသမီးက ဆိုသည်။
ယမန်နေ့ နံနက်ပိုင်းအထိ ပဲခူးမြို့ထဲ၌ ပိတ်မိနေသူများရှိနေကာ လူအင် အား မလုံလောက်သဖြင့် သွားရောက်ကူညီ ပေးနိုင်ခြင်း မရှိသေးကြောင်း၊ မင်းကြိးညိုရပ်ကွက်တွင် ပိတ်မိနေသည့် မိသားစုတစ်ခုကို လှေငှားပြီးကိုယ်တိုင် သွားရောက်ကယ်ဆယ်ခဲ့ရသည်ဟုလည်း ၎င်းထံမှ သိရသည်။

ပဲခူးရေဘေးအတွက် စားနပ်ရိက္ခာ၊ လှေ၊ ဆေးဝါး၊ ဆိုလာမီးများသယ်ဆောင်၍ သွားရောက်ကူညီရန် ထွက်ခွာ နေပြီဖြစ်ကြောင်း ရန်ကုန်နှင့် မန္တလေးတိုင်းမှ ကယ်ဆယ်ရေးအဖွဲ့အချို့က ဆိုသည်။
ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ လှည်းကူးမြို့နယ်တွင်လည်း ရေကြီးရေလျှံဖြစ်နေသည်ဟု ဒေသခံတစ် ဦးက ပြောသည်။
“ခုထိမိုးက ရွာနေတုန်း လျှပ်စစ်ရုံးလည်း ရေမြုပ်၊ မီးတွေလည်းဖျက်ထားတယ်။ ငမိုးရိပ်ဆည်ကလည်း ရေမနိုင် တော့လွှတ်ထားတယ်။ မြေနိမ့်တဲ့နေရာတွေမှာ အတော်ဆိုးတယ်။ အိမ်တွေလည်းမြုပ်နေပြီ” ဟု လှည်းကူးမြို့ခံ အမျိုးသားက ယမန်နေ့တွင် ပြောသည်။
လှည်းကူးတွင် ရေဘေးဒုက္ခသည်စခန်း ၂၀၊ ပဲခူးတွင် စခန်း ၄၇ ခုဖွင့်လှစ်ထားပြီး စားနပ်ရိက္ခာ၊ ရေသန့်၊ ကြက်ဥ နှင့်ဆန်များထောက်ပံ့ပေးနေသည်ဟု စစ်ကောင်စီလူငယ်ပြန်ဌာန တာဝန်ရှိသူက ဆိုသော်လည်း ဆေးဝါးနှင့်အ စားအသောက်အကူအညီများ လိုအပ်နေသည်ဟု ဒေသခံတို့က ပြောသည်။
“စားရမဲ့သောက်ရမဲ့ဖြစ်နေကြပြီလေ။ လာပြီးကူညီစေချင်တယ်လေ၊ လာကြည့်စေချင်တယ်။ သူတို့က အဲသလို တောင်လာမကြည့်ဘူးနော်။ လူတွေက ကိုယ့်ဘာသာကိုယ် အဆင်ပြေဖို့အတွက်ပဲ ရှာကြံပြီးနေနေကြတာ” ဟု ပဲခူးတက္ကသိုလ်အနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
လှေတစ်စီးငှားခ ကျပ်တစ်သောင်း၊ ဆန်ကြမ်းတစ်ပြည် ကျပ် ၇၀၀၀၊ ကန်စွန်းရွာတစ်စီး တစ်ထောင်ကျပ် ပေး ဝယ်နေရပြီး ပဲခူးဈေးကြီးပိတ်ထား၍ လိုသလောက်ဝယ်မရဟုလည်း ဒေသခံတို့က ဆိုသည်။
၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ ပဲခူးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၃၄ ခုနှင့် ကျေးရွာအုပ်စု ၆၇ ခုရှိသည်။
ယနေ့ နံနက်ပိုင်းမှစ၍ ပဲခူးမြို့တွင်း အမြင့်ပိုင်းနေရာများဖြစ်သော ဘုရားလမ်း၊ နာရီစင်လမ်း၊ အမှတ် ၃ ကျောင်းလမ်းတို့တွင် ရေပြန်ကျသွားကာ ဆိုင်ကယ်များဖြတ်သန်းသွားလာနိုင်ပြီဖြစ်သော်လည်း အနိမ့်ပိုင်း နေရာများ နစ်မြုပ်နေဆဲဖြစ်သည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)