
ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၌ ယမန်နေ့ (အောက်တိုဘာ ၅) က ကမ်းခြေတစ်လျှောက်ရှိ ဈေးဆိုင်ခန်းများကို နံနက်လင်းအားကြီးအချိန်တွင် စစ်တပ်က စက်ယန္တရားများဖြင့် အင်အားသုံး ဖယ်ရှားဖျက်ဆီးခဲ့သည်ဟု သိရသည်။
ခွင့်ပြုချက်မဲ့ တိုးချဲ့ဆောက်လုပ်သည်ဟု အကြောင်းပြကာ ဈေးဆိုင်ခန်း ၁၅ ခုကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့နှင့် စည်ပင်ဝန်ထမ်းအင်အား ၁၀၀ ကျော်ခန့်က ဖြိုဖျက်ခဲ့သည်ဟု ဖျက်သိမ်းခံရသည့် ဈေးဆိုင်ပိုင်ရှင်များက ပြောသည်။
နံနက် ၄ နာရီတွင် ရဲတပ်ဖွဲ့ဝင်များနှင့် စည်ပင်ဝန်ထမ်းများရောက်လာကာ ဆိုင်ရှင်များ၏ ဖုန်းများကို သိမ်းဆည်းကြောင်း၊ လမ်းများကို ပိတ်ဆို့ပြီး ဆိုင်များကို ဖြိုဖျက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဆိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့ လာရောက်ပြီးတော့ အားလုံးထ၊ အားလုံးထကြဆိုပြီး နှိုးတယ်။ ထွက်လာတော့ ရှေ့မှာက (စည်ပင်) ညွှန့်မှူး၊ မြို့နယ်ထွေအုပ်ကလည်း ပါတယ် အရေးကြီးပစ္စည်းတွေသိမ်း၊ အခု ချက်ချင်းထွက်ကြပါ၊ ကျွန်တော်တို့ဆိုင်တွေကို ဖြိုတော့မယ်လို့ပြောတယ်”
မေလလယ်ပိုင်းက တိုက်ခိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဆိုင်ခန်းကို ကျပ်သိန်း ၁၀၀ ကျော် အကုန်အကျခံ ပြန်လည်တည်ဆောက်ထားရသည့် ဆိုင်ခန်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထိုဆိုင်ခန်းများမှာ ကျူးကျော်ထားခြင်းမဟုတ်ဘဲ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။
၂၀၁၂ ခုနှစ်တွင် ထိုစဉ်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးမောင်မောင်အုန်း (လက်ရှိ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး) ၏ ခွင့်ပြုချက်ဖြင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန် ဆိုင်ခန်းဆောက်လုပ်ခွင့်ပေးခဲ့သည်ဟု ဖြိုဖျက်ခံရသည့် ဆိုင်ခန်းပိုင်များက ဆိုသည်။
ဆိုင်များဖြိုဖျက်ရန် ဩဂုတ် ၁၂ ရက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆိုင်ပိုင်ရှင်များကို ခေါ်ယူ သတိပေးပြီးနောက် စစ်ကောင်စီထံ အသနားခံစာ တင်ပြခဲ့သောလည်း အဓမ္မဖယ်ရှားခံခဲ့ရသည်ဟု ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။စားသောက်ဆိုင်တစ်ခုလျှင် ဝန်ထမ်း ၁၅ ဦးခန့်အထိ ရှိနေပြီး ဈေးဆိုင်ခန်းအားလုံး ဖျက်သိမ်းခံရသဖြင့် လူ ၂၀၀ ခန့်အလုပ်လက်မဲ့ဖြစ်သွားနိုင်သည်ဟု ဆိုင်ပိုင်ရှင်တို့က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။