သတင်း

ပဲခူးတိုင်း အုတ်ဖိုတွင် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ ၄) က စစ်သင်တန်းလာသည့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်လုပ်ကြံခဲ့သည်ဟု ပြောက်ကျားတော်လှန်ရေးအဖွဲ့တစ်ခုက ထုတ်ပြန် သည်။​

အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းဆိုသူကို ယင်း၏နေအိမ်၌ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်အခြေစိုက် တော်လှန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။ 

“ရွာရဲ့ ဟိုဘက်ထိပ်တစ်ဖွဲ့၊ ဒီဘက်ထိပ်တစ်ဖွဲ့ထားပြီး ရွာလည်ကို တစ်ဖွဲ့ဝင်ပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေ စုစုပေါင်း သုံးဖွဲ့ သုံးနေရာ စောင့်ကြည့်လှုပ်ရှားခဲ့ပါတယ်။ မကြာခင် အုပ်ကြီးက သူ့အိမ်ထဲက ထွက်လာတာနဲ့ ကျည် ၈ ထောင့်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်” ဟု တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ပစ်ခတ်ရှင်းလင်းပြီးနောက် အုပ်ချုပ်ရေးမှူးအိမ်တွင် အဆင်သင့်ရှိနေသည့် အုပ်ကြီး၏တပည့် ဗျူစောထီးနှင့် အိမ်သားများကြောင့် ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် အုပ်ချုပ်ရေးမှုးသည် ပျူစောထီးအဖွဲ့ဝင်သစ် စုဆောင်းပေးနေသူဖြစ်ကြောင်း၊ အင်းမအခြေစိုက် တပ်မ ၆၆ ၌ စစ်သင်တန်းတက်ပြီး သုံးရက်အကြာတွင် ပစ်ခတ်လုပ်ကြံ ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုအုပ်ချုပ်ရေးမှူးသည် ဒေသခံလူငယ်များကို ပျူစောထီးအဖွဲ့ဝင်ရန် စည်းရုံးစုဆောင်းပေးခြင်း၊ တော်လှန်ရေးရဲဘော်များ၏ သတင်းများ ထောက်လှမ်းပေးပို့ခြင်း၊ စခန်းတည်နေရာများကို သတင်းပေး၍ စစ်ကြောင်းများကို နေရာလိုက်ပြခြင်း၊ စစ်တပ်အရာရှိတို့နှင့် ပူးပေါင်း၍ ဒေသခံများကို ဖမ်းဆီး အနိုင် ကျင့်မှုများကြောင့် ရှင်းလင်းအရေးယူရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“ဒါမျိုးတွေ ဆက်မလုပ်ဖို့ ရပ်တန့်ဖို့ အကြိမ်ကြိမ် ဖုန်းနဲ့တစ်မျိုး၊ စာနဲ့တမျိုး သတိပေးခဲ့ပေမယ့် ပိုမိုအတင့်ရဲလာတဲ့အတွက် ရှင်းလင်းလိုက်ရခြင်းဖြစ်ပါတယ်” ဟု ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် အုပ်ချုပ်ရေးမှုးထံမှ စကစ တပ်အရာရှိများနှင့် အဆက်အသွယ်လုပ်ထားသည့် ဖုန်း ၂လုံး၊ ငွေကျပ် ၄သိန်း၂သောင်း၊ ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းရမိခဲ့ကာ ဖုန်းအတွင်းမှ စစ်တပ် အရာရှိများနှင့် ဆက်သွယ်ထားသည့် အထောက်အထားများ တွေ့ရှိသည်ဟု သိရသည်။

ထိုစွပ်စွဲချက်များနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ဩဂုတ် ၃၁ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ် အေးမြသာယာမြို့သစ်မှ စစ်တပ်မှ ဗိုလ်ကြီးတင်အောင်မျိုး၊ ယခုလ ၂ရက်နေ့တွင် ခမရ(၆) တပ်သို့ စစ်သင်တန်းသွားတက်သည့် ထန်းပင်ကုန်း ကျေးရွာအုပ်စု ကြယ်နီကုန်းရွာ ရာအိမ်မှူး အောင်ဝင်းလေးတို့ ပစ်ခတ်လုပ်ကြံခံရသည်။

သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများနှင့် ပျူခေါင်းဆောင် တာဝန်ယူထားသူများ အမြန်ဆုံး နုတ်ထွက်ပေးရန်နှင့် စစ်ကောင်စီနှင့် ကင်းအောင်မနေပါက ဆက်လက် ရှင်းလင်းသွားမည် ဖြစ်ကြောင်း အထက်ပါ တော်လှန်ရေးအဖွဲ့က ဆိုသည်။

“ထွက်မရလို့ပါလို့ မပြောနဲ့။ ရအောင်ထွက်ပါ။ စကစနဲ့ ကင်းအောင်နေပါ” ဟု တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှု များကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေဆဲဖြစ်ကာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေ နှင့်ထိစပ်နေသော ပဲခူးတိုင်း အရှေ့ခြမ်းနှင့် အနောက်ခြမ်းအထိပါ တိုက်ပွဲကူးစက်ဖြစ်ပွားနေသည်။

ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ်ထောက်ခံသူများကို စစ်သင်တန်း ပေးကာ သေနတ်ကိုင်ဆောင်ရမည်၊ ပိုက်ဆံရမည်ဟု ပြောကာ စစ်တပ်အသိုင်းအဝိုင်းက ပြောဆို စည်းရုံးနေသည်ဟု သာယာဝတီခရိုင် သုံးဆယ်မြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“အလုပ်ကမရှိ စိတ်လေနေတဲ့ လူငယ်အချို့တော့ ပါသွားကြတာရှိတယ်။ အဓိက ပညာရည် အားနည်း တာလည်းပါတယ်။ မြို့တွေကကျဉ်းတော့ တစ်ယောက်ဘာလုပ်တယ်ဆိုတာ သိကြတာဆိုတော့ လိမ်မရဘူး ဘယ်သူဘာလဲဆိုတာ အချိန်တန်သိကြတာပဲ” ဟု  ၎င်းက  ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Related Articles

Back to top button